0

10-Dec-2016

စင်ကာပူကို နှစ် ၂၀ အတွင်း ကျော်တက်မည်ဟု ဒေါ်အောင်ဆန်းစုကြည်က စင်ကာပူခရီးစဉ်တွင် ပြောကြားလိုက်ရာ ယင်းစကားသည် ကမ္ဘာကျော်သွားသည်။ အရှေ့တောင်အာရှအတွင်းတွင် တစ်ခုတည်းသော ဖွံ့ဖြိုးပြီးနိုင်ငံဖြစ်သည့် စင်ကာပူနိုင်ငံကို မြန်မာနိုင်ငံက အမီလိုက်နိုင်မည့် နည်းများကို ရေးသားလိုက်ပါသည်။ ထိုသို့ မရေးသားမီ စကားပလ္လင်ခံလိုသည်မှာ မြန်မာနှင့် စင်ကာပူသည် မတူပါ။ စင်ကာပူသည် မြန်မာ့လူဦးရေ၏ ဆယ်ပုံ တစ်ပုံသာ ရှိသည်။ စင်ကာပူသည် ကျွန်းငယ်လေးသာ ဖြစ်ပြီး ရန်ကုန်မြို့ အရွယ်အစားလောက်သာ ရှိသည်။ စင်ကာပူ တည်ထောင်စက မြန်မာကဲ့သို့ လက်နက်ကိုင် အများအပြားဖြင့် စစ်မက် ဖြစ်ပွားနေခြင်း မရှိပါ။ သို့သော် စင်ကာပူထံမှ သင်ခန်းစာများကို စင်ကာပူနှင့် အခြေအနေ ကွာချင်တိုင်း ကွာသော တရုတ်၊ ဗီယက်နမ်တို့က လေ့လာခဲ့ကြသည့်အတွက် မြန်မာသည်လည်း ယူလျှင် ယူရမည်သာ။ သို့ဖြစ်ရာ ငါးကြင်းဆီနှင့် ငါးကြင်းကြော်နိုင်ရေးအတွက် စင်ကာပူ၏ နည်းနာများကို လေ့လာကြပါစို့။

ခေါင်းဆောင်မှု

သဘာဝ သယံဇာတ ဆို၍ ရေပင် သောက်စရာ မရှိသော စင်ကာပူနိုင်ငံသည် တတိယ ကမ္ဘာအဆင့်မှ ပထမကမ္ဘာအဆင့်သို့ မျိုးဆက် တစ်ဆက်အတွင်း ရောက်ရှိ အောင်မြင်မှုသည် စင်ကာပူ ခေါင်းဆောင်များကြောင့် ဖြစ်သည်။ အမျိုးလည်းချစ်၊ ထက်လည်းထက်မြက်သော ခေါင်းဆောင်အဖွဲ့ Leadership Team ဖွဲ့စည်းနိုင်သဖြင့် စင်ကာပူသည် လူအများ ခန့်မှန်းသည်နှင့် ဆန့်ကျင်ပြီး ကမ္ဘာ့ထိပ်တန်းနိုင်ငံ ဖြစ်ခဲ့ခြင်းသာ။ လီကွမ်ယု၊ ဂိုကမ်ဆွီး၊ ရာဂျာရတ်နမ်တို့သည် စင်ကာပူနိုင်ငံကို ချစ်သော၊ အရည်အချင်းရှိသော ခေါင်းဆောင်များအဖြစ် တာဝန်များကို ခွဲဝေယူပြီး စင်ကာပူကို တွန်းနိုင်ခဲ့သည်။ ထိုခေါင်းဆောင်အဖွဲ့သည် စင်ကာပူကို အစဉ်အဆက် ဦးဆောင်မည့် လူငယ် မျိုးဆက်သစ်များကိုလည်း စနစ်တကျ မွေးမြူပြီး အရိုက်အရာ လွှဲပြောင်း ခေါင်းဆောင်စေခဲ့သည်။ မြန်မာနိုင်ငံသည် စင်ကာပူကို နှစ် ၂၀ နှင့် ကျော်တက်မည်ဆိုလျှင် လီကွမ်ယု၊ ဂိုကမ်ဆွီးတို့ အဖွဲ့ထက်သာသော Leadership Team ဖွဲ့နိုင်ရမည်။ စင်ကာပူ၏ လက်ရှိ အစိုးရအဖွဲ့ လူစာရင်းနှင့် မြန်မာ အစိုးရအဖွဲ့ လူစာရင်းတို့ကို ကြည့်လျှင် မည်သည့်နေရာ ဖြည့်ရမည်၊ မည်သည့်နေရာတွင် မြန်မာက သာသည်ကို မြင်ရမည်။ နောက်တစ်ချက် ကျန်သေးသည်။ ထိုခေါင်းဆောင်များသည် ပြည်သူအများကို အလိုလိုက်သူများ မဟုတ်၊ ချစ်တတ်သူများ ဖြစ်သည်။

လူသား သယံဇာတ

စင်ကာပူသည် သဘာဝ သယံဇာတ မရှိသည့်အတွက် လူသား သယံဇာတကိုသာ အားကိုးရမည်ကို သဘော ပေါက်သောကြောင့် လူအတွက် ပိုက်ဆံ သုံးသည်။ အလားအလာ အကောင်းဆုံးသူများကို တစ်ဆင့်ပြီးတစ်ဆင့် ပျိုးထောင်ပေးသည်။ ဗြိတိန်နှင့် အမေရိကန် တက္ကသိုလ်ကြီးများသို့ လွှတ်ပြီး နိုင်ငံတော် ပညာသင်ဆုနှင့် ပညာ သင်ပေးသည်။ ယခု ဝန်ကြီးချုပ် လီရှန်လွန်းနှင့် ယခင်နိုင်ငံခြားရေး ဝန်ကြီးဂျော့ခ်ျယိုးတို့သည် ထိုသို့ နိုင်ငံတော် ပညာသင်ဆု ရခဲ့သူများ ဖြစ်သည်။ အရေးကြီးသော နေရာတိုင်းတွင် နိုင်ငံတွင်းမှ အတော်ဆုံး ဆိုသူများကို ထားသည်။ စင်ကာပူ ကျောင်းသားများသည် ကမ္ဘာပေါ်တွင် သင်္ချာ အတော်ဆုံးဆိုသူများထဲတွင် ပါသည်။ သိပ္ပံနှင့် သင်္ချာကို အလေးထားသောကြောင့် စင်ကာပူတွင် စက်မှု တိုးတက်သည်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုနှင့်အတူ ရောက်လာသော နည်းပညာများကို အလွယ်တကူ စုပ်ယူနိုင်သည်။&

နောက်ပိုင်းတွင် စင်ကာပူ ပညာရေးကို မြှင့်တင်ကာ ဒေသတွင်း ပညာရေး အချက်အချာအဖြစ် တည်ဆောက်လိုက်သည်။ စင်ကာပူသားတို့ ပညာကောင်းကောင်း ရသည့်အပြင် ဒေသတွင်း နိုင်ငံများမှ လူတော်များကို ဆွဲဆောင်နိုင်သည်။ ပညာကောင်းကောင်း လိုချင်သော အနီးအနားနိုင်ငံမှ လူတော်များ စင်ကာပူ တက္ကသိုလ်ကြီးများတွင် လာတက်သည်။ ကျောင်းပြီးလျှင် စင်ကာပူတွင် သူတို့ ဆက်နေကြ၊ အလုပ် လုပ်ကြသည်။ ထိုနည်းဖြင့် စင်ကာပူ ဆက်လက် ကြီးထွားရန် လိုသော လူသား သယံဇာတများသည် အဆက်မပြတ် စီးဝင်နေသည်။ လူသား သယံဇာတကို အလေးထားလွန်းသည့်အတွက် မိမိနိုင်ငံသား လူသား သယံဇာတများနှင့်တင် မတင်းတိမ်နိုင်ဘဲ အခြားနိုင်ငံမှ လူသား သယံဇာတများကိုပါ လှမ်းဆွဲယူနိုင်ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ အနေဖြင့် ပညာရေး ကောင်းအောင် အမြန် လုပ်ဆောင်ရမည်။ သမားရိုးကျ ပညာရေးကို ပြင်နေလျှင် ဆယ်နှစ်ဆယ့်ငါးနှစ်ကြာမှ အသီးအပွင့် ရမည်ဖြစ်သည့်အတွက် စောင့်မနေဘဲ မြန်မြန် အသီးခူးစားရမည့် လုပ်ငန်းခွင် ကျွမ်းကျင်မှု သင်တန်းများ၊ တက္ကသိုလ် ပြင်ပ ပညာရေး ကောင်းမွန်အောင် ရေတိုတွင် အာရုံစိုက်သင့်သည်။ စင်ကာပူရောက် ကျွမ်းကျင် မြန်မာများသည် နိုင်ငံတကာ လုပ်ငန်းခွင် အတွေ့အကြုံရှိသည့်အပြင် မြန်မာလို ပြောတတ်၊ မြန်မာအကြောင်း သိသူများဖြစ်သည့်အတွက် ယင်းတို့အားကို မြန်မာ့ကြီးပွားရေးအတွက် အသုံးချရန် လိုသည်။

အဂတိ ကင်းစင်ရေး

စင်ကာပူသည် ၁၉၆၅ လွတ်လပ်ရေး ရပြီးကတည်းက တစ်ပါတီတည်းက ရွေးကောက်ပွဲ အကြိမ်ကြိမ် နိုင်ပြီး အာဏာ ရခဲ့သော်လည်း တစ်ပါတီတည်းက စဉ်ဆက်မပြတ် အုပ်ချုပ်ခဲ့သည့် နိုင်ငံ အများအပြားနှင့် မတူဘဲ အဂတိ ကင်းသည်။ စင်ကာပူ ဝန်ကြီးချုပ်နှင့် ဝန်ကြီးများသည် ကမ္ဘာပေါ်တွင် လစာ အကောင်းဆုံး အစိုးရအဖွဲ့ဝင်များ ဖြစ်ခြင်းက ခြစားမှု အကင်းဆုံး အစိုးရအဖွဲ့ကို ဖြစ်ပေါ်စေသည်လား ထင်ရသည်။ စင်ကာပူ အစိုးရသည် အစိုးရအဖွဲ့ဝင်များ အပါအဝင် အစိုးရ ဝန်ထမ်းများကို လစာ ကောင်းကောင်း ပေးသည်။ လာဘ်တော့ မစားနှင့် လုံးဝ သည်းမခံ။ စင်ကာပူ ဝန်ကြီးချုပ် လီရှင်လွန်း၏ လစာသည် တစ်နှစ်လျှင် ဒေါ်လာ ၁ ဒသမ ၇ သန်းရှိပြီး ကမ္ဘာပေါ်တွင် လစာ အမြင့်ဆုံး နိုင်ငံ့ခေါင်းဆောင် ဖြစ်သည်။ ပြင်သစ်၊ အီတလီ၊ ဂျာမနီ၊ ဂျပန်နှင့် ဗြိတိန်နိုင်ငံ ငါးနိုင်ငံမှ ထိပ်ဆုံး ခေါင်းဆောင်များ၏ နှစ်စဉ် လစာ အားလုံးပေါင်းနှင့် တူတူဖြစ်သည်။

မြန်မာနိုင်ငံသည် အဂတိ ကင်းစင်ရေးတွင် စင်ကာပူကိုမီရန် အတော် လုပ်ရမည်။ အစိုးရ ဝန်ထမ်းများ အပါအဝင် အစိုးရ အဖွဲ့ဝင်များ၏ လစာသည် မက်လောက်စရာ မရှိပါ။ ခြစားမှုတိုင်းတာသော ပေတံတစ်ရပ် ဖြစ်သည့် Corruption Perceptions Index တွင် နိုင်ငံပေါင်း ၁၆၈ နိုင်ငံအနက် စင်ကာပူက နံပါတ် ၈ ချိတ်သည့်အတွက် ကမ္ဘာတွင် ခြစားမှု အနည်းဆုံး တိုင်းပြည် တစ်ပြည်ဖြစ်ပြီး မြန်မာက ၁၄၇ ဖြစ်သည်ကိုကြည့်လျှင် မြန်မာတို့ စင်ကာပူကို ကျော်ရန် မည်မျှ ကြိုးစားရမည်ကို မြင်နိုင်သည်။

စီးပွားရေးကို အာရုံစိုက်ခြင်း

စင်ကာပူ အစိုးရသည် နိုင်ငံစထောင်ကတည်းက စီးပွားရေးကို အာရုံစိုက်သည်။ စင်ကာပူ အစိုးရနှင့် ဝန်ထမ်းများသည် စီးပွားရေး လုပ်ခြင်းကို မကောင်းသော အရာဟု ထင်မြင်ခြင်း မရှိကြ။ စင်ကာပူ အစိုးရသည် စီးပွားရေး အမြင်ရှိပြီး စီးပွားရေး လုပ်ငန်းရှင်များကဲ့သို့ စဉ်းစားနိုင်ကြသည်။ စင်ကာပူသည် သူ့နိုင်ငံတွင် စီးပွားရေး လုပ်ရကိုင်ရ လွယ်ကူအောင် စီမံပေးထားသည်။ ကမ္ဘာ့ဘဏ်က နှစ်စဉ် ထုတ်ပြန်သည့် “စီးပွားရေး လုပ်ကိုင်ရလွယ်ကူမှု” Ease of Doing Business ပေတံတွင် နိုင်ငံပေါင်း ၁၉၀ အနက် စင်ကာပူသည် ဒုတိယ။ စီးပွားရေး အမြင်ရှိခြင်း၊ ခြစားမှု ကင်းစင်ခြင်းတို့ကြောင့် စင်ကာပူသည် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူများ အကြိုက်နေရာ ဖြစ်လာသည်။

မြန်မာတွင် အစိုးရအဖွဲ့တွင်းတွင်ရော အစိုးရယန္တရားတွင်းတွင်ပါ ဆိုရှယ်လစ် အတွေးအခေါ်များ ကျန်ရစ်သေးပြီး စီးပွားရေး လုပ်ကိုင်ခြင်းကို အကုသိုလ်သဖွယ် မြင်နေကြသေးသည်။ စီးပွားရေးအမြင်လည်း ခေါင်းပါးသည်ဟုသာ ပြောရမည်ဖြစ်သည်။ ယခင်ကထက်စာလျှင် ဖြေလျှော့မှု များစွာ ဆောင်ရွက်ခဲ့ပြီး ဖြစ်သော်လည်း စီးပွားရေး လုပ်ရကိုင်ရ မလွယ်ကူပါ။ စင်ကာပူ ဒုတိယ ရသော Ease of Doing Business Ranking တွင် မြန်မာသည် အဆင့် ၁၇၀ ရထားသည်။ စင်ကာပူကို နှစ် ၂၀ အတွင်း ကျော်တက်ချင်လျှင် အစိုးရအဖွဲ့တွင်း စီးပွားရေးအမြင် ထက်မြက်သူများ နေရာရရန် လိုသည်။

မြန်မာက စင်ကာပူကို နှစ် ၂၀ အတွင်း ကျော်တက်နိုင်ရန် အနည်းဆုံးအားဖြင့် အထက်ပါ ခေါင်းစဉ်များတွင် စင်ကာပူကို ကျော်တက်နိုင်ရမည်။ ထပ်ပြောပါမည်၊ “အနည်းဆုံးအားဖြင့်”။


ဇေယျသူ
http://thevoicemyanmar.com/opinion/4327-sgp

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top