0


 – ဟောင်ကောင်မြို့လိုပဲ ဖွံ့ဖြိုးခေတ်မီတဲ့ အထူးစီးပွားရေးဇုန်ကြီးတစ်ခု ရန်ကုန်မြို့တစ်ဖက်ကမ်းမှာ မကြာခင်တည်ဆောက်တော့မှာဖြစ်ပါတယ်။
ရန်ကုန်မြို့ရဲ့ဖွံ့ဖြိုးမှုနည်းပါး လှတဲ့ဒလမြို့နယ်ဘက်အခြမ်းဟာ ကံကောင်းဖို့အခွင့်အရေး တစ်ခုကို ရလိုက်ပြီဖြစ်ပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက     ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ဆောက်လုပ်မယ့်စီမံကိန်းတွေ၊ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေစတဲ့ ကိစ္စရပ်တွေနဲ့ပတ်သက်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ် အောင်ဆန်းစုကြည်ဆီကို သွားရောက်ချပြဆွေးနွေးခဲ့တယ်လို့သိရပါတယ်။
အဲသည်နောက်ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းဟာ ရေနက်ဆိပ်ကမ်းနဲ့ နိုင်ငံတကာ အဆင့်မီလေဆိပ်တို့ပါဝင်တဲ့ ရန်ကုန်အထူးစီးပွားရေးဇုန်နဲ့ပတ်သက်ပြီး တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တွေနဲ့တွေ့ဆုံရှင်းပြခဲ့တယ်လို့ သိရပါတယ်။
ဒလမြို့နယ်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းရင်က နိုင်ငံတကာက     ပညာရှင်တွေ၊ ပြည်တွင်းက ပညာရှင်တွေ နဲ့တိုင်ပင်ပြီး မဟာဗျူဟာစီမံကိန်းတွေနဲ့   ဆောင်ရွက်နေတယ်၊ ဒီဒလဘက်ဆိုတာက ဘာမှမလုပ်ရသေးတဲ့အတွက်လုပ်ချင်တဲ့အ တိုင်း ပုံဖော်လို့ရတယ်ဆိုပြီး မျက်စိကျနေကြတာ၊ သိရသလောက်ကတော့ ဒီစီမံကိန်းဟာ   ဟောင်ကောင်လိုမျိုးဖြစ်အောင် ခမ်းခမ်းနားနားဖြစ်အောင်လုပ်ကြမှာလို့ ပြောပါတယ်။
ရန်ကုန်အထူးစီးပွားရေးဇုန် စီမံကိန်းဟာ ဒလမြို့နယ်၊ ကွမ်းခြံကုန်းမြို့နယ်၊ ကော့မှူး စတဲ့မြို့တွေကိုဖြတ်ပြီး တည်ဆောက်ဖို့လျာထားပါတယ်။ အဲသည်ဒေသတစ်လျှောက်မှာ     အပန်းဖြေစရာနေရာတွေ၊ လမ်းတံတား၊ လေဆိပ်၊ ခေတ်မီအဆောက်အအုံတွေကို   အသစ်ပြန်လည်တည်ဆောက်ဖို့ရှိတယ်လို့ တိုင်းဒေသ ကြီးလွှတ်တော်ကိုယ်စားလှယ် တွေကပြောပါတယ်။
စီမံကိန်းအတွက် ဒလဘက်ခြမ်းကနေ လက်ခုပ်ကုန်းကမ်းခြေအထိခြောက်လမ်းသွား လမ်းမကြီးတစ်ခု ဖောက်လုပ်ဖို့ရှိတယ်လို့ ဦးထွန်းရင်ကပြောတယ်။
သူက မြစ်ကမ်းတစ်လျှောက်လုံးကို မြစ်ထိန်းနံရံတွေလုပ်မယ်၊ ပြီးရင် လူထုအပန်း ဖြေအနားယူနိုင်ဖို့ ပေ ၂၀ဝ လောက်အကျယ်အဝန်းကို ကွန်ကရစ်လောင်းမယ်လို့ ဦးထွန်းရင်က ပြောပါတယ်။
ရန်ကုန်အထူးစီးပွားရေးဇုန်စီမံကိန်းကို ၂၀၁၈ ခုနှစ်မှသာစတင်အကောင်အထည်ဖော်မှာ ဖြစ်တယ်။ ငါးနှစ်စီမံကိန်းနဲ့ဆောင်ရွက်မှာဖြစ်တယ်လို့ဆိုပါတယ်။ အဲသည်စီမံကိန်းဟာ   ရန်ကုန်တိုင်းအစိုးရရဲ့အစီအစဉ်မဟုတ်ဘဲ ပြည်ထောင်စုအစိုးရရဲ့အစီအစဉ်ဖြစ်တယ်လို့     သိရပါတယ်။
ရေနက်ဆိပ်ကမ်း
စီမံကိန်းတည်ဆောက်ရာမှာ ရေနက်ဆိပ်ကမ်းကို သင်္ဘောများများဆိုက်ကပ်နိုင်အောင်တန်ချိန်တစ်သိန်းအထိ တိုက်ရိုက်ဝင်ရောက်နိုင်ဖို့ရည်ရွယ်ထားတယ်လို့ ဦးထွန်းရင်က  ပြောပါတယ်။
သူက စင်ကာပူနိုင်ငံကို အမှီပြုနေရတယ်၊ အဆင့်ဆင့်ဖြတ်ပြီးမှဝင်ရတဲ့အနေအထား ဖြစ်တယ်၊ အဲဒီလိုဖြစ်တဲ့အခါကျတော့ နိုင်ငံအတွက်အများကြီးနစ်နာတယ်၊ အဲဒါကြောင့် တန်တစ်သိန်းတိုက်ရိုက် ဝင်ရောက်ဆိုက် ကပ်နိုင်ဖို့ လုပ်မှာ၊ အဲဒီကနေဝင်ငွေတွေအများ ကြီးရနိုင်တယ်လို့ဆိုတယ်။
လောလောဆယ်မြန်မာနိုင်ငံကို နိုင်ငံခြားသင်္ဘောတွေ အများဆုံးဆိုက်ကပ်ကြတဲ့ ရန်ကုန်ဆိပ်ကမ်းနဲ့ သီလဝါဆိပ်ကမ်းတို့မှာ ကုန်သင်္ဘောတွေအများကြီး မဆိုက်ကပ်နိုင်သေးပါဘူး။
ရန်ကုန်ဆိပ်ကမ်းမှာ တန်ချိန် ၁၅,ဝ၀ဝ၊ သီလဝါဆိပ်ကမ်းမှာ တန်ချိန် ၃၅,ဝ၀ဝ သာဆိုက်ကပ်နိုင်ပါတယ်။
အဲသည်ဆိပ်ကမ်းနှစ်ခုကို ကုန်တင်သင်္ဘောတွေဆိုက်ကပ်တဲ့အခါမှာလည်း အချိန်မရွေး     မဝင်ရောက်နိုင်ပါဘူး။ ဆိပ်ကမ်းကိုဆိုက်ကပ်တဲ့သင်္ဘောတွေ အဝင်အထွက်ကိုလည်း     စောင့်ဆိုင်းကြရပါတယ်။ ဒါ့အပြင် ရန်ကုန်ဆိပ်ကမ်းဟာ သင်္ဘောအကြီးကြီးတွေ   ဝင်ရောက်ကမ်းကပ်နိုင်ဖို့ မဖြစ်နိုင်တော့ဘူးလို့ စီးပွားရေးပညာရှင်အချို့က ဆိုပါတယ်။
မြန်မာနိုင်ငံမှာ ရန်ကုန်နဲ့အနီးဆုံးနေရာမှာ အချိန်မရွေးဆိုက်ကပ်နိုင်တဲ့ဆိပ်ကမ်းတစ်ခု   လိုအပ်နေတယ်လို့ စီးပွားရေးပညာရှင် ဒေါက်တာ အောင်ကိုကိုကပြောပါတယ်။
သူက ပြည်တွင်းမှာသင်္ဘောတွေ အချိန်မရွေးကမ်းကပ်နိုင်တာဟာ အကျိုးထူးတစ်ခုပါ၊     နောက်တစ်ခုက အဲဒီရေနက်ဆိပ်ကမ်းကနေ ပြည်တွင်းမှာရှိတဲ့တခြားဆိပ်ကမ်းတွေကိုပါ   ချိတ်ဆက်လာနိုင်မှာပါလို့ ဆိုပါတယ်။
စီးပွားရေးပညာရှင် ဦးဇော်ဖေဝင်းကလည်း အခုအချိန်မှာ ကျောက်ဖြူရေနက်ဆိပ်ကမ်းနဲ့   ထားဝယ်ရေနက်ဆိပ်ကမ်းပဲရှိတာ၊ အဲဒီရေနက်ဆိပ်ကမ်းတွေဟာ မြန်မာနိုင်ငံအတွက်     ကုန်သွယ်ရေးသိပ်မဖြစ်ဘူး၊ ကျောက်ဖြူဆိပ်ကမ်းက တရုတ်ပြည်ကို ကုန်သွယ်ရေးလမ်း ကြောင်းပွင့်တယ်၊ ထားဝယ်ဆိပ်ကမ်းကလဲ မလေးတို့၊ ထိုင်းတို့ကို၊ အခုရေနက်ဆိပ်ကမ်း က ပြည်တွင်းကုန်သွယ်ရေးအတွက်လုပ်တာလို့ သူ့အမြင်ပြောပါတယ်။
ရန်ကုန်အထူးစီးပွားရေးဇုန်နဲ့ အတူတည်ဆောက်မယ့်ရေနက် ဆိပ်ကမ်းပြီးစီးရင်  ပြည်တွင်းကုန်ထုတ်လုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်လာနိုင်တဲ့အပြင် နိုင်ငံခြားကုန်သွယ် ရေးကဏ္ဍအတွက် အများကြီးအထောက်အကူဖြစ်တယ်လို့ ဦးဇော်ဖေဝင်းကပြောပါတယ်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ လွတ်လွတ်လပ်လပ်ဝင်ရောက်လာနိုင်တယ်လို့ စီးပွားရေးပညာရှင်အချို့က သုံးသပ်ပါတယ်။
လေဆိပ်
ဒါ့အပြင် ရန်ကုန်လေဆိပ်ဟာ ထပ်မံတိုးချဲ့ဖို့မဖြစ်နိုင်တော့သလို ပဲခူးဟံသာဝတီ လေဆိပ်ကလည်း ရန်ကုန်မြို့နဲ့ မိုင် ၄၀ နီးပါးဝေးကွာနေတာကြောင့် အထူးစီးပွားရေး ဇုန်စီမံကိန်းမှာ နိုင်ငံတကာကိုတိုက်ရိုက်ကူးပြောင်းသွားလာနိုင် တဲ့လေဆိပ်   တည်ဆောက်ဖို့လည်းပါဝင်တယ်လို့ ကော့မှူးမြို့နယ် တိုင်းဒေသကြီးလွှတ်တော်     အမှတ်(၂) ကိုယ်စားလှယ် ဦးအောင်မင်းမင်းက ရှင်းပြတယ်။
စီမံကိန်းကို စတင်အကောင်အထည်ဖော်တဲ့အခါမှာ ပြည်သူတွေအတွက်အနားယူ အပန်းဖြေစရာနေရာတွေ၊ ဈေးဝယ်စင်တာတွေ၊ ဟိုတယ်ဇုန်တွေပါဝင်မှာဖြစ်ပြီး လူထုကို အန္တရာယ်ဖြစ်စေတဲ့ မီးခိုးထွက်တဲ့အလုပ်ရုံတွေ၊ တန်ဖိုးနည်းအိမ်ရာစီမံကိန်းတွေတော့ပါဝင်မှာ မဟုတ်ဘူးလို့သိရပါတယ်။
လောလောဆယ်မှာတော့ ရန်ကုန်တိုင်းအစိုးရက အထူးစီးပွားရေးဇုန်စီမံကိန်းအတွက် ပညာရှင်တွေနဲ့ဆွေးနွေးတိုင်ပင်ပြီး Master Plan ချမှတ်ရေးဆွဲနေဆဲဖြစ်ပါတယ်။ အထူးစီးပွားရေးဇုန်နဲ့ပတ်သက်ပြီး အသေးစိတ်အချက် အလက်တွေကိုတော့  ပြည်ထောင်စုအစိုးရရဲ့ အတည်ပြုချက်ရယူပြီးမှသာဖော်ပြနိုင်မှာဖြစ်တယ်လို့ ဦး အောင်မင်းမင်းက ပြောပါတယ်။
လက်ရှိမှာ အထူးစီးပွားရေးဇုန်စီမံကိန်းထဲမှာပါဝင်တဲ့ ဒလမြို့နယ်ဘက်အခြမ်းကို ဂျပန်၊ ကိုရီးယားစတဲ့နိုင်ငံတွေက လုပ်ငန်းရှင်တွေက စောင့်ကြည့်နေကြတယ်လို့ ဦးထွန်းရင်က ပြောပါတယ်။ ၁၈၅၀ ပြည့်နှစ်ဝန်းကျင်က အာရှဒေသ မှာ ပထမဆုံးအဓိကဆိပ်ကမ်းတစ်ခုဖြစ်ခဲ့တဲ့ ရန်ကုန်ဆိပ်ကမ်းနဲ့ မြန်မာနိုင်ငံကိုအခုအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက်မှာ ပြန်လည်အသက်ဝင်လာအောင် ဖန်တီးတော့မှာလားဆိုတာဟာစောင့်ကြည့်ရတော့မှာ ဖြစ် ပါတယ်။
Author – ချမ်းသာ
http://www.kumudranews.com/kumudra-slider/%E1%80%9B%E1%80%94%E1%80%B9%E1%80%80%E1%80%AF%E1%80%94%E1%80%B9%E1%80%90%E1%80%85%E1%80%B9%E1%80%96%E1%80%80%E1%80%B9%E1%80%80%E1%80%99%E1%80%B9%E1%80%B8%E1%80%80-%E1%80%B1%E1%80%9F%E1%80%AC%E1%80%84/

Post a Comment

 
Top