0

ရန်ကုန်၊ ဒီဇင်ဘာ ၁၀ – နေပြည်တော်မှာ စပါးစိုက်တောင်သူတွေ အရှုံးပေါ်နေလို့ အစိုးရကိုပဲ စိုက်ပျိုးမြေငှားရမ်းမှု ချထားပေးလိုသူ တွေ များနေပါတယ်။
သည်နှစ်မိုးစပါး စိုက်ပျိုးချိန်မှာ စိုက် ပျိုးစရိတ်နဲ့ သီးနှံအထွက်နှုန်းတွက်ခြေမကိုက်တဲ့အတွက် နွေစပါးကို အစိုးရစိုက် ပျိုးရေးရုံးတွေကိုပဲ ဧကပြတ်မြေငှားရမ်း ချထားပြီး လုပ်ကိုင်သွားတော့ဖို့ တောင်သူတွေ ဆုံးဖြတ်ထားကြတာပါ။
ဇမ္ဗူသီရိမြို့နယ် အောင်သုခကျေးရွာက တောင်သူဦးမိုးဝင်းက ‘ကိုယ့်ဟာကိုယ် စိုက်လဲ အလုပ်သမားခက ဈေးကြီးလာပြီ၊ စပါးဈေးကလဲ ပြောလောက်အောင် မကောင်းဘူး၊ ဒီနှစ်တော့ စိုက်ပျိုးရေးရုံးကို ပဲ မြေငှားနဲ့ချဖို့ စိတ်ကူးထားကြတယ်၊ မနှစ်က စိုက်ပျိုးရေးရုံးကို အငှားချတဲ့ တောင်သူသိပ်မရှိဘူး”လို့ ပြောပါတယ်။
နေပြည်တော်မှာရှိတဲ့ အစိုးရစိုက်ပျိုး ရေးရုံးတွေကနေ ပြီးခဲ့တဲ့ နွေစပါးစိုက်ချိန်ကစပြီး မျိုးစပါးစိုက်ပျိုးဖို့ တောင်သူတွေဆီကမြေကို တစ်ဧက ကျပ် ၂၅၀,ဝ၀ဝ နဲ့ ငှား ရမ်းခဲ့ကြတာ ဖြစ်ပါတယ်။ ဒါပေမဲ့ တောင် သူ အများစုကတော့ မနှစ်က စပါးဈေးလည်း ကောင်းတဲ့အတွက် ကိုယ်တိုင်ပဲ စိုက်ပျိုးလုပ်ကိုင်ကြပြီး ငှားရမ်းတဲ့သူ သိပ် မရှိဘူးလို့ ဒေသခံတောင်သူတွေဆီက သိရပါတယ်။
တောင်သူဦးမိုးဝင်းက “အစဆုံးနှစ်ဆိုတော့ မစမ်းရဲတာလဲပါတယ်၊ စပါးဈေးကလဲ ကောင်းတာကိုး၊ သက်ကယ်ကျဉ်းကွင်းမှာဆို နွေစပါးစိုက်ဧက အများကြီးရှိတာ၊ နှစ်ဦးပဲ စိုက်ပျိုးရေးရုံးကို ငှားပြီးလုပ်တဲ့ သူရှိတာ”လို့ ပြောပါတယ်။
သည်နှစ်မှာတော့ တောင်သူတွေအနေနဲ့ မြေဆီလွှာပျက်စီးမှုတွေရှိတဲ့အတွက် စပါးအထွက်နှုန်းများ လျော့ကျတာ၊  စိုက်ပျိုးစရိတ်တွေလည်း များလာတဲ့အတွက် စိုက်ပျိုးရေးရုံးတွေကိုပဲ ငှားရမ်းလုပ်ကိုင်တော့မယ်လို့ သိရပါတယ်။
ဒါ့အပြင် မြေပိုင်တွေအနေနဲ့ အရင်က ကျွဲ၊ နွားရှိတဲ့ တောင်သူတွေကို အစုပေးစနစ်နဲ့ ငှားရမ်းချထားခဲ့ရာ သည်နှစ်မှာ တော့ စိုက်ပျိုးရေးရုံးကို ပြောင်းလဲငှားရမ်း ကြမယ်လို့လည်း ဒေသခံ တောင်သူတွေ ဆီကသိရပါတယ်။
ဇမ္ဗူသီရိမြို့နယ် ပြန်ကပြေးကျေးရွာက တောင်သူ ဒေါ်ခက်က ‘တွက်ကြည့်ရင် ကိုယ်တိုင်စိုက်လဲ ဒီလောက်ပဲ ကျန်မှာပါ၊ အခုဆို အစုချပေးထားတဲ့ သူတွေက တစ် ဧကကို စပါး ၂၅တင်းပေးမယ်လို့ ပြောတယ်၊ မနှစ်က တစ်ဧကကို တင်း ၂၀ ပဲ ပေးတာ၊ သူတို့ကို အစုနဲ့မချတော့ဘူး၊ စိုက်ပျိုးရေးရုံးက ဒီနှစ်မှာ တစ်ဧက ၃၀ဝ,ဝ၀ဝ ပေးမယ်ကြားတယ်၊ စိုက်ပျိုးရေးရုံးက ပေးတာက ပိုပြီးတွက်ခြေကိုက်တာပေါ့ ”လို့ ပြောပါတယ်။
နေပြည်တော်မှာ နွေစပါးကို အများဆုံးစိုက်ပျိုးတဲ့ နေရာတွေကတော့ ဇမ္ဗူ သီရိမြို့နယ်ရှိ သက်ကယ်ကျဉ်းကွင်းနဲ့ ဂုတ်မင်းအင်းကွင်းတို့ဖြစ်ပြီး ဇန်နဝါရီလမှာ စတင်စိုက်ပျိုးကြမှာ ဖြစ်ပါတယ်။ ဇေယျာ သီရိမြို့နယ်ရှိ နွေစပါးစိုက်ကွင်းတွေက ရေဆင်းဆည်က ရေမလုံလောက်တဲ့အတွက် နွေစပါးမစိုက်ပျိုးနိုင်ဘူးလို့ သိရပါတယ်။

Author မာရီခိုင်
ဓာတ်ပုံ- ဦးမျိုးခိုင်
http://www.kumudranews.com/news/%E1%80%B1%E1%80%94%E1%80%BB%E1%80%95%E1%80%8A%E1%80%B9%E1%80%B1%E1%80%90%E1%80%AC%E1%80%B9%E1%80%B1%E1%80%90%E1%80%AC%E1%80%84%E1%80%B9%E1%80%9E%E1%80%B0%E1%80%B1%E1%80%90%E1%80%BC-%E1%80%A1%E1%82%90/

Post a Comment

 
Top