ရန်ကုန် အိမ်ခြံမြေ အရောင်းအဝယ်ဈေးကွက်ထဲမှာ အရောင်းအဝယ်တွေ အေးနေရာက နိုဝင်ဘာလလောက်ကစပြီး အရောင်းအဝယ်တွေ ပြန်လည်ကောင်းမွန်လာပါတယ်။
အငှားဈေးကွက် အခြေအနေကတော့ ပုံမှန်အတိုင်း ဆက်လက်ကောင်းမွန်နေတာပါ။
အရောင်းအဝယ်ဈေးကွက်ကို ၂၀၁၅ ခုနှစ်နဲ့ နှိုင်းယှဉ်မယ်ဆိုရင် ၂၀ ရာခိုင်နှုန်းလောက် မြင့်တက်လာတယ်လို့ အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်း လုပ်ကိုင်သူတွေက ဆိုပါတယ်။
“အခုအခြေအနေမှာတော့ ကျနော်တို့ နိုဝင်ဘာလလောက်ကစပြီးတော့ အိမ်ခြံမြေဈေးကွက်ထဲမှာ ပြန်လည်ပြီးတော့ သက်ဝင်လှုပ်ရှားလာတာ တွေ့ရပါတယ်။ အရောင်းအ၀ယ်တွေ ပိုပြီးတော့ ဖြစ်လာတယ်။ အငှားတွေ ပိုပြီးတော့ ဖြစ်လာတာကို တွေ့ရပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၅ နဲ့ ယှဉ်ပြီးတော့ ပြောမယ်ဆိုရင် ၂၀၁၆ ဒီလပိုင်းမှာ ၁၅ ရာခိုင်နှုန်းကနေ ၂၀ ရာခိုင်နှုန်းအထိ တက်လာတယ်လို့ ကျနော်တို့ ပြောလို့ရပါတယ်” လို့ iMyanmarHouse.com မှ ဒါရိုက်တာ ဦးနေမင်းသူက ပြောပါတယ်။
ဒီနှစ်မှာ ရွှေဈေးက စံချိန်တင်မြင့်တက်ခဲ့တာကြောင့် ရင်းနှီးမြှုပ်နှံသူတွေက ရွှေတွေထုတ်ရောင်းပြီး အိမ်ခြံမြေဈေးကွက်မှာ ဝင်ရောက်ရင်းနှီးမြှုပ်နှံတာတွေရှိလို့ အိမ်ခြံမြေ အရောင်းအဝယ်ဈေးကွက် မြင့်တက်လာတာပါလို့ သုံးသပ်တာတွေလည်း ရှိနေပါတယ်။
မဏ္ဍိုင်အိမ်ခြံမြေ အကျိုးဆောင် ဒါရိုက်တာ ဦးသန်းဦးက “ကမ္ဘာ့ရွှေဈေးတွေတက်တော့ မြန်မာ့ ရွှေဈေးတွေကလည်း တက်တယ်။ တက်တဲ့အခါကျတော့ ရွှေတွေ ထုတ်ရောင်းကြတာပေါ့။ ရောင်းတဲ့အခါကျတော့ ရောင်းရတဲ့ငွေတွေ ဘဏ်ကိုလည်းဝင်သလို စတော့ရှယ်ယာဈေးကွက်ကိုလည်း ထည့်ကြတယ်။ တချို့တဝက်ကျတော့ အိမ်ခြံမြေဈေးကွက်ကို ဝင်သလို အဲဒီကစလို့ အိမ်ခြံမြေဈေးကွက်က နည်းနည်းလေး ပြန်လှုပ်လာတဲ့ သဘောရှိတာပေါ့” လို့ ပြောပါတယ်။
ရန်ကုန် အိမ်ခြံမြေအရောင်းအဝယ်ဈေးကွက်ထဲမှာ အရောင်းအဝယ် ပြန်လည်ကောင်းမွန်လာပေမယ့် အရင်လို ဈေးနှုန်းတွေ မြင့်တက်ဖို့ အခြေအနေတော့ မရှိပါဘူးလို့ ဈေးကွက်ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။
လက်ရှိမှာတော့ မဖြစ်မနေ အရောင်းအဝယ်လုပ်နေတဲ့သူ အချို့ကြောင့်သာ ရန်ကုန်အိမ်ခြံမြေ အရောင်းအဝယ်ဈေးကွက် လှုပ်ခတ်နေတာ ဖြစ်ပါတယ်။
ကျော်ဇေယျ
http://burmese.dvb.no/archives/179708
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.