Thursday, April 17, 2014
တစ်နေ့သ၌ ထိုင်းနိုင်ငံ မဟာချိုင်မြို့ရှိ ကျွန်ုပ်၏ ဗေဒင်ဟောခန်း အတွင်းသို့ အမျိုးသား တစ်ဦးနှင့် အမျိုးသမီး လေးဦးတို့သည် ဗေဒင်မေးရန် အလို့ငှာ ၀င်ရောက်လာကြလေ၏။ ၎င်းတို့ငါးဦးအား အကဲခပ် ကြည့်မိရင် အားလုံးသည် သူငယ်ချင်းများ လုပ်ဖော်ကိုင်ဖက်များ အခန်းနီးနေသူများ ဖြစ်ကြောင်း သိရှိရလေ၏။ ၎င်းတို့အားလုံးသည် ကျွန်ုပ် အခန်းတွင်းသို့ ရောက်လျှင် ရောက်ချင်း တစ်ယောက်တစ်ပေါက် ကိုယ်ဖြစ်ချင်သည်များကို ကိုယ် ပြောဆိုကြလေသောကြောင့် ကျွန်ုပ်ပင်လျှင် မည်သို့ ပြန်ပြောရမှန်းမသိ ဖြစ်ရလေတော့၏။ ထို့ကြောင့် ကျွန်ုပ်က ကဲ့ပါဗျာ...။ တစ်ယောက်ပြောပြီးမှ နောက်တစ်ယောက် ပြောပေါ့။ ကျွန်တော် အားလုံးကို ကူညီပေးမှာပါဟု ပြန်ပြောလိုက်လေလျှင် ၎င်းတို့ အချင်းချင်း သူအရင် ပြောမယ် ငါအရင်ပြောမယ်ဟု လုနေကြလေပြန်၏။
ထိုအထဲတွင် တစ်ဦးတည်းသော အမျိုးသားဖြစ်သူက သူသည် အမျိုးသား ဖြစ်သည့်အတွက် အရင်မေးသင့်ကြောင်း...။ အဘယ့်ကြောင့်ဆိုသော အမျိုးသားနှင့် အမျိုးသမီးမှာ အမျိုးသားက မြတ်ကြောင်း ဒါကြောင့် ဘု၇ားစေတီတွေ အပေါ်မှာဆို၇င် အမျိုးသမီးတွေက အပေါ်ထိ တက်လို့ မရကြောင်း အမျိုးသားတွေသာ အပေါ်ထိ တက်ပြီး ရွှေချလို့ ရတာဖြစ်ကြောင်း ဒါကြောင့် သူ့ကိုသာ အရင် ဦးစားပေး သင့်ကြောင်း အနိုင်ယူကာ ပြောလေ၏။
ထိုအခါ ခပ်စွာစွာ အမျိုးသမီးက ထိုအမျိုးသားအား ဟင် ဒီလို စကားပြောတာ ဒီနေ့ ခေတ်မှာ ခေတ်မမှီတော့ကြောင်း ... အခုခေတ်မှာ အမျိုးသမီးတွေကသာ ကမ္ဘာကို ဦးဆောင်နေတာ ဖြစ်ကြောင်း ကြက်ဖတွန်လို့ မိုးလင်းတဲ့ခေတ် ကုန်သွားပြီး ဖြစ်ကြောင်း မြတ်စွာဘုရားရှင်ကလည်း မိန်းမက ယုတ်ညံ့တယ်။ ယောက်ျားက မြင့်မြတ်တယ်ဟု တစ်ခါတစ်ရံမျှ မဟောဘူးကြောင်း အားလုံးသော သူများအားလုံးသည် ရုပ်နာမ်နှစ်ပါး ခန္ဓာငါးပါးနှင့် ဖွဲ့စည်းထားသော သူများသာ ဖြစ်ကြောင်း ဒါကြောင့် ယောက်ကျားက မိန်းမထက် ပိုမို၍ မြင့်မြတ်တယ်ဆိုတာ ဒီနေ့ခေတ်မှာ ခေတ်နဲ့လည်း မညီသလို ဘုရားဟောနဲ့လည်း မကိုက်ညီသောကြောင့် လက်မခံနိုင်ကြောင်း ဒီနေ့ခေတ်မှာ (Lady Fast) ဆိုသော စကားသည် လူယဉ်ကျေး အသိုင်းအ၀ိုင်းတွင်း လွန်စွာ ခေတ်စားကြောင်း ဒါကြောင် အမျိုးသမီးတွေကို ဦးစားပေး၇မည် ဖြစ်ကြောင်း အားကျမခံ ပြန်၍ ပြောဆိုလေ၏။ သူတို့နှစ်ယောက် အထက်ပါအတိုင်း စကားနိုင်လုနေသည်ကို ကျန်သူငယ်ချင်း သုံးယောက်မှ သဘောကျကာ ရယ်မောကြကုန်၏။ ကျွန်ုပ်လည်း ၎င်းတို့နှင့် အတူ ရယ်မောရင်း ဒီလို လုပ်ပါဗျာ...။ ခင်ဗျာတို့ အချင်းချင်း အသက်တွေ ပြောပြီး ဘယ်သူက အသက်ကြီးတယ် အသက်ငယ်တယ် ပြောကြ ။ ပြီးတော့ အသက် အငယ်ဆုံးလူကို ဦးစားပေးပေါ့ဟု ကျွန်ုပ်က ပြောလိုက်ရာ ၎င်းတို့က ကောင်းတယ် ဒီအကြံကောင်းတယ်ဟု ပြောပြီးလျှင် အချင်းချင်းအသက်မေးကြကုန်၏။
ထို့နောက် အငယ်ဆုံး မိန်းကလေးက ဒီလိုပါ ဆရာရယ် ။ ကျွန်မက ဘာလုပ်ရမှန်း မသိဖြစ်နေလို့ပါ ဆရာ။ လက်ရှိအလုပ်ကနေ တခြား အလုပ်ကို ပြောင်းလုပ်ရင် ကောင်းမလား ။ ဒါမှမဟုတ် ဒီအလုပ်မှာပဲ ဆက်လုပ်ရင် ကောင်းမလားဆိုတာ ဆုံးဖြတ်ချက်ချဖို့ ခက်ခဲနေလို့ပါ။ ဒီအလုပ်က ကောင်းတော့ ကောင်းပါတယ်။ ဒါပေမယ့် ဘယ်လို ပြောရမလဲ အလုပ်ထဲမှာ လူမှု့ရေးလေး နည်းနည်း အဆင်မပြေဘူး။ ကိုယ်နဲ့ ကြည့်မရတဲ့ လူတွေနဲ့ အလုပ်တွဲ လုပ်နေရတယ်လေ။ အဲဒီတော့ စိတ်ညစ်တာပေါ့ ဆရာရယ်။ ဒါကြောင့် ဒီအလုပ်ကနေ တခြား အလုပ်ကိုပဲ ပြောင်းပြီး လုပ်ရင် ကောင်းမလား။ ဒါမှမဟုတ် ဒီအလုပ်မှာပဲ ဆက်လုပ်ရမလား။ ဘယ်လို လုပ်ရင် ကောင်းမလဲ မစဉ်စား တတ်ဘူး ဖြစ်နေတယ်။ ပြောရရင်တော့ ဆရာရယ် အလုပ်ကိစ္စနဲ့ ပါတ်သက်ပြီး ဘာလုပ်လို့ လုပ်ရမှန်း မသိဖြစ်နေလို့ဟု ပြောလေ၏။ သူမ၏ စကား မဆုံးမှီမှာပင် တစ်ဦးတည်းသော အမျိုးသား ဖြစ်သူက
ဒီလိုပါ ဆရာ။ ကျွန်တော်ကကြတော့ ကားတစ်စီး ၀ယ်ထားတယ်။ ဒီမှာတော့ မဟုတ်ပါဘူး။ မြ၀တီမှာ ၀ယ်ထားတာပါ။ ၀ယ်ထားပြီး အမျိုးတစ်ယောက်ကို မောင်းခိုင်းထားတာပါ။ အရင်တုန်းကတော့ တစ်လကို ဆယ်သိန်းလောက် ပုံမှန် ၀င်မယ်လေး ဘာလေးနဲ့။ အစ ၀ယ်တုန်းကတော့ ကျွန်တော်က ကားဝယ်ပေး သူက မောင်းပေးမယ်။ ရတဲ့ ငွေကို တစ်ယောက် တစ်ဝက် ပေးမယ်လို့ ပြောတယ်။ ကားတွေ ဘာတွေ ပျက်ရင် ကျွန်တော် ပေးစရာ မလိုဘူး။ သူ့ဘာသာ စိုက်ပြီး ပြင်မယ်လို့ ပြောတယ်။ အခုကြတော့ ပိုက်ဆံက ရလိုက် မရလိုက်နဲ့။ ကျွန်တော်လည်း အဲဒီ ကားကို တော်တော်လေး စိတ်ကုန်လာပြီ။ ရောင်းပစ်ရင် ကောင်းမလား။ ဒါမှမဟုတ် ကျွန်တော်ကိုယ်တိုင်ပဲ မြ၀တီ ဆင်းသွားပြီး ကိုယ်တိုင် မောင်းရင်များ ကောင်းမလားလို့ စဉ်းစား မရဘူး ဖြစ်နေတယ်။ ဆိုလိုတာကတော့ ဆရာရယ်။ အဲဒီကားကို ရောင်းမလား ။ ဒါမဟုတ် ကိုယ်တိုင်မောင်းမလား စဉ်းစား မရဘူး ဖြစ်နေတယ်ဟု ပြောလေ၏။
၎င်း၏ စကား မဆုံးခင်မှာပင် အခြား အမျိုးသမီး တစ်ဦးက ဒီလိုပါ ဆရာရယ်။ ကျွန်မကကြတော့ ဆန်စက်ကိစ္စပဲ။ လွန်ခဲ့တဲ့ သုံးနှစ်လောက်တုန်းက ကျွန်မလည်း ပိုက်ဆံလေး ရှိတဲ့အချိန် ရွာပြန်ပြီး ဆန်စက်လေး တစ်ဦး တည်လိုက်တယ်။ ကျွန်မအတွက်လည်း အကျိုးရှိမယ်။ ကျွန်မရဲ့ အမျိုး အဆွေတွေလည်း အလုပ်အကိုင်တွေ အခွင့်အလန်းလေးတွေ ပွင့်လန်း လာအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပါ။ ဒါပေမယ့် ကျွန်မ အဲဒီ ဆန်စက်တည်တဲ့ အချိန်တုန်းက ကျွန်မတို့ အုပ်စုတစ်စုလုံးမှာ ကျွန်မ ဆန်စက်တစ်လုံးပဲ ရှိတယ်။ မနှစ်က ပြန်တော့ ဆန်စက်တွေများ တစ်ရွာကို တစ်လုံး နှစ်လုံးလောက်ကို ဖြစ်နေတယ်။ အဲဒီတော့ ဆရာရယ်။ ပိုက်ဆံရှိရင်တော့ ကိုယ်ပိုက်ဆံနဲ့ကိုယ် စပါးတွေဝယ်ပြီး ခွဲမယ်။ ပြီးတော့ ဆန်တို့ ဆန်ကွဲတို့ ဖွဲတို့ ပြန်ရောင်းလို့ ရတာပေါ့။ အခုလောလောဆယ်ကြတော့ ကျွန်မလည်း အဲဒီ ဆန်စက်မှာ ပြန်ပြီး ရင်းနှီးဖို့ ပိုက်ဆံက သိပ်ပြီးတော့ အဆင်မပြေနိုင်သေးဘူး။ အရင်းအနှီး မစိုက်ထုပ်နိုင်တော့ ဆန်စက်က နားထားရတဲ့ အချိန်တွေက များနေတယ်။ အဲဒီတော့ ဒီဆန်စက်ကို ပြန်ရောင်းရင် ကောင်းမလား။ ဒါမှမဟုတ် ကျွန်မပဲ ပြန်ပြီး ဦးစီးပြီး လုပ်ကိုင်ရင် ကောင်းမလား စဉ်းစားလို့ မရဘူး ဖြစ်နေတယ်။ ဆန်စက်ကိစ္စအတွက် ဘာလုပ်ရမယ်မှန်း မသိဘူး ဖြစ်နေတယ်ပေါ့ဟု ပြောလေ၏။ သူမ၏ စကား မဆုံးခင်မှာပင် အခြား အမျိုးသမီး တစ်ဦးမှ အောက်ပါအတိုင်း ပြောလေ၏။
ဒီလိုပါ ဆရာရယ်။ ကျွန်မကိုကြတော့ စင်္ကာပူက ညီမလေး တစ်ယောက်က ဟိုမှာ အလုပ်လာလုပ်ဖို့ လှမ်းခေါ်နေတယ်။ လောလောဆယ်တော့ သိန်းနှစ်ဆယ်လောက် ကုန်မယ်လို့ ပြောတယ်။ အဲဒီ သိန်းနှစ်ဆယ်လောက်တော့ ရှိပါတယ်။ ထိုင်းမှာ အလုပ်လုပ်နေတာ တစ်လကို ဘတ် တစ်သောင်းခွဲလောက်တော့ ရပါတယ်။ စင်္ကာပူကို သွားရင်တော့ တစ်လ (၅)သိန်းလောက်တော့ ရမယ်လို့ ညီမလေးက ပြောတယ်။ ကျွန်မလည်း သူ စ ပြောတုန်းကတော့ တော်တော်လေး စိတ်ပါတယ်။ ဒီက အလုပ်ရှင်ဆီမှာတောင် နောက်လကုန် အလုပ်ထွက်မယ်လို့ ကြိုပြောထားသေးတယ်။ ဒါပေမယ့် နောက်ပိုင်း ကျွန်မ စဉ်းစားကြည့်တော့ ဒီထိုင်းမှာနေလာတာကလည်း အခုဆို ဆယ်နှစ်လောက်တောင် ရှိနေပြီလေ။ ကိုယ့်အိမ် ကိုယ့်ယာ ကိုယ့်မြို့လိုလည်း ဖြစ်နေပြီ ဆိုတော့ ဘာအခက်အခဲမှ မရှိဘူး။ စင်္ကာပူသွားရင် ကျွန်မအတွက်က အစကနေ ပြန်စနေရမယ်။ ပြီးတော့ ကျွန်မက စာကလည်း တတ်တာ မဟုတ်တော့ သေချာတယ်။ အခက်အခဲ ကြုံမှာ သေချာတယ်။ အဲဒီတော့ ကျွန်မ စင်္ကာပူပဲ သွားရင် ကောင်းမလား ၊ ထိုင်းမှာပဲ ဆက်နေရင် ကောင်းမလား ။ မြန်မာပြည်ပဲ ပြန်ရင်ကောင်းမလား ဘာလုပ်လို့ လုပ်ရမယ်မှန်း မသိလို့ဟု ပြောလေ၏။ သူမ၏ စကား မဆုံးမီမှာပင် အခြား အမျိုးသမီး တစ်ဦးမှ အောက်ပါအတိုင်း ပြောပြန်လေ၏။
ဒီလိုပါ ဆရာရယ်။ ကျွန်မက အခုလောလောဆယ်တော့ အလုပ်ရုံမှာ လုပ်နေတာပါ။ ဒါပေမယ့် အဲဒီ အလုပ်ရုံမှာပဲ မြန်မာ ပစ္စည်းလေးတွေ ရောင်းရင် ကောင်းမလားလို့ ၊ အလုပ်ရုံမှာ လုပ်တာကတော့ ပုံမှန် တစ်နေ့ သုံးရာ ရပါတယ်။ ကိုယ်ဖာသာ ဈေးရောင်းရင်တော့ ရောင်းကောင်းရင်တော့ တော်သေးတယ်။ ရောင်းမကောင်းလို့ အလုပ်ရုံပြန်ဝင်ရရင်လည်း ရှက်စရာကြီး မဟုတ်လား။ အရင်းအနှီးလေးလည်း ကုန်ဆိုရင် မြွေပါလည်းဆုံး သားလည်း ဆုံး ဖြစ်နေတော့မှာ။ အဲဒီတော့ ဆရာရယ်။ အုလုပ်ရုံမှာပဲ လုပ်ရင် ကောင်းမလား၊ ဒါမှမဟုတ် ဈေးရောင်းရင် ကောင်းမလားလို့ စဉ်းစားနေရင်း ကျွန်မလည်း ဘာလုပ်ရမယ်မှန်း မသိလို့ပါဟု ပြောလေ၏။ ထိုအခါ ကျွန်ုပ်လည်း ခင်ဗျားတို့ စကားတွေ အားလုံးကို နားထောင်ကြည့်လိုက်တာ ကျုပ်နားထဲမှာ စကားတစ်ခွန်းပဲ ကြားလိုက်ရတယ်။ အဲဒါ ဘာစကားလည်း ဆိုတော့ ဘာလုပ်ရမှန်း မသိလို့ - ဘာလုပ်ရမယ်မှန်း မသိလို့ ဆိုတဲ့ စကားတွေပဲ ကြားလိုက်ရတယ်ဟု ပြန်ပြောလိုက်လေလျှင် အားလုံးသော သူများက
ဟုတ်ပါတယ် ဆရာရယ်....။ ဘာလုပ်ရမယ်မှန်း မသိလို့ ဗေဒင်ဆရာဆီကို လာခဲ့ကြတာပါဟု ပြိုင်တူ ပြန်ပြောကြလေ၏။
အဲဒီလို ဘာလုပ်လို့ လုပ်ရမှန်း မသိတဲ့ အတွက်လည်း စိတ်မပူပါနဲ့ဗျာ။ ကျွန်တော့်မှာ ယတြာ ရှိပါတယ်ဟု ပြန်ပြောလိုက်လေလျှင် ထိုသူများမှ
ဟင် ဘာလုပ်လို့ လုပ်ရမယ် မှန်း မသိရင်လည်း ယတြာချေလို့ ရတာပဲလားဟု ပြန်မေးကြ၏။ ကျွန်ုပ်က
ရပါတယ်ဗျာ။ ဒီယတြာကိုသာ ချေလိုက်ပါ။ ဆုံးဖြတ်ချက် ချလို့ မရတဲ့ ကိစ္စ မှန်သမျှ ရက်ပိုင်းအတွင်း ဆုံးဖြတ်ချက် ချနိုင်သွားပါလိမ့်မည်။ ဆုံးဖြတ်ချက်ဆိုတာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ကို ချနိုင်မှာကို ပြောတာနော်။ ဘာကြောင့်ပဲဖြစ်ဖြစ် အကြောင်းအရာ တစ်ခုခုကြောင့် အခက်အခဲ ဖြစ်နေတယ်။ ဆုံးဖြတ်ချက် မချမှတ်နိုင်ဘူး ဖြစ်နေတယ်။ ဘာလုပ်လို့ လုပ်ရမယ်မှန်း မသိဘူး ဖြစ်နေတယ် ဆိုကြပါစို့ အခု ပြောပြတဲ့ ယတြာကို ချေလိုက်ရင် ရက်ပိုင်းအတွင်း မှန်ကန်တဲ့ ဆုံးဖြတ်ချက် တစ်ခုခုကို ပိုင်ပိုင်နိုင်နိုင် ချမှတ်သွားနိုင်တယ်။
ဒါကြောင့် ခင်ဗျားတို့ အားလုံး ကျုပ်ပြောတဲ့ ယတြာကိုပဲ လုပ်ကြပေတော့ဟု ပြောကာ အောက်ဖော်ပြပါ ယတြာများကို ပြောပြလိုက်လေတော့သတည်း။
အိုးအိမ်၊ အဆောက်အဦး၊ ဆောက်လုပ်ရေး၊ အုတ်သဲကျောက်၊ အိမ်ဆောင်ပစ္စည်း၊ အိမ်ထောင်ပရိ ဘောဂ၊ အုပ်ချုပ်ရေး၊ ဥပဒေ၊အိမ်ခြံမြေအကျိုးဆောင်၊ ကြက်ဥဘဲဥ၊ အုန်းသီး၊ငှက်ပျောသီးစတဲ့ တနင်္ဂနွေနံလုပ်ငန်းများ…….. စသော တနင်္ဂနွေနံကိစ္စများနှင့် ပါတ်သက်၍ ဘာလုပ်ရမှန်း မသိဖြစ်နေသော်
အင်္ဂါနေ့တွင် ဘုရား ဗုဒ္ဓဟူးဒေါင့်၌ သပြေ(၂၁)ညွန့် လှူဒါန်း၍ ဆုတောင်းပါ။
ငွေချေး၊အပေါင်ဆိုင်၊ ဘဏ်လုပ်ငန်း ၊ငွေပန်းတိမ်၊ ငွေထည်ပစ္စည်း၊ခြံလုပ်ငန်း ၊ စိုက်ပျိုးရေးလုပ် ငန်း၊ ကားလုပ်ငန်း၊ ကြက်မွေးမြူရေး၊ ကြက်ဥကြက်သား လုပ်ငန်း၊ ကျောက်အရောင်းအ၀ယ်၊ ရတနာအရောင်းအ၀ယ်၊ ကုန်ကူးကုန်သန်း ရောင်းဝယ်အလုပ်၊ ကွန်ပြူတာ၊ ကွမ်းသီးကွမ်းယာ ပစ္စည်းစတဲ့ တနလာင်္နံလုပ်ငန်းများ…….စသော တနင်္လာနံကိစ္စများနှင့် ပါတ်သက်၍ ဘာလုပ်ရမှန်း မသိဖြစ်နေသော် ဗုဒ္ဓဟူးနေ့တွင် ဘုရားကြာသပတေး ထောင့်၌ ရောင်စုံယပ် (၁၂)လက် လှူ၍ ဆုတောင်းပါ။
စိန်၊ဆန်၊ဆီ၊ဆား၊ ဆေးလုပ်ငန်း၊ စက်မှုလက်မှုလုပ်ငန်း၊ စစ်ဖက်ရေးရာနှင့် ပတ်သက်သော လုပ်ငန်း၊ စပ်တူရှယ်ယာ၊ စားသောက်ကုန်လုပ်ငန်း၊ စားသောက်ဆိုင်၊ စက်ချုပ်၊ စိုက်ပျိုးရေး၊ စကားပြော၊ စာပေစတဲ့ အင်္ဂါနံလုပ်ငန်းများ…… စသော အင်္ဂါနံကိစ္စများနှင့် ပါတ်သက်၍ ဘာလုပ်ရမှန်း မသိဖြစ်နေသော်
ကြာသပတေးနေ့တွင် ဘုရား သောကြာထောင့်၌ မေမြို့ပန်း (၁၉)ပွင့် လှူ၍ ဆုတောင်းပါ။
အလှပြင်ဆိုင်၊ အိမ်တွင်းပန်း၊ မီးအလှဆင်လုပ်ငန်း၊ အလှကုန် ထုတ်လုပ်ရောင်းဝယ်လုပ်ငန်း၊ ရွှေဆိုင်၊ ရွှေပန်းတိမ်၊ ရွှေတူး၊ ရွှေချက်၊ ရွှေရောင်းဝယ်ရေး၊ ယာဉ်ရထား၊ လူနှင့်ပတ်သက်သော လုပ်ငန်း၊ ငါးမွေးမြူရေး၊ ငါးဖမ်း၊ ငါးပိ၊ ငါးခြောက်စတဲ့ရေလုပ်ငန်း၊ ရေသန်းရောင်းဝယ် ထုတ်လုပ်ဖြန့်ချီရေးလုပ်ငန်း၊ လက်ဖက်ရည်ဆိုင်၊ အအေးဆိုင်၊ အရက်ဆိုင်၊ ဘီယာဆိုင်၊ ယိုစုံလုပ်ငန်းစတဲ့ ဗုဒ္ဒဟူးနံလုပ်ငန်းများ……….စသော ဗုဒ္ဓဟူးနံကိစ္စများနှင့် ပါတ်သက်၍ ဘာလုပ်ရမှန်း မသိဖြစ်နေသော် သောကြာနေ့တွင် ဘုရား စနေထောင်၌ နွားနို့် (၁၀) ခွက်လှူဒါန်း၍ ဆုတောင်းပါ။
မြေပဲ၊ ပြောင်းနှမ်းစတဲ့လုပ်ငန်းများ၊ မြေယာ၊ဖယောင်း၊ ပန်းချီ၊ ပန်းပု၊ ပန်းတိမ်ပညာကို အသုံးချသောလုပ်ငန်းများ၊ ဆရာအလုပ်ပညာနှင့် ပတ်သက်သည့် လုပ်ငန်းများ စတဲ့ကြာသပ တေးနံ လုပ်ငန်းများ………စသော ကြာသပတေးနံကိစ္စများနှင့် ပါတ်သက်၍ ဘာလုပ်ရမှန်း မသိဖြစ်နေသော် စနေနေ့တွင် ဘုရား တနင်္ဂနွေထောင့်၌ စံပယ် (၈)ကုံး လှူဒါန်း၍ ဆုတောင်းပါ။
သစ်၊ သံ၊ သွပ်၊ သစ်သီး၊ သီးနှံစတဲ့လုပ်ငန်းများ စကားပြောရသောအလုပ်၊ ခရီးသွားရသော အလုပ်၊ အငြိမ်မနေ လှုပ်ရှားရသောအလုပ်၊ ပွဲစားအကျိုးဆောင်အလုပ်၊ ရေကြောင်းခ၇ီးနှင့် ပတ်သက်သောအလုပ်၊ ကုန်ကူးသန်း ရောင်းဝယ်ရသော ကုန်သည်ကြီးအလုပ် စတဲ့သောကြာနံ လုပ်ငန်းများ……….စသော သောကြာနံကိစ္စများနှင့် ပါတ်သက်၍ ဘာလုပ်ရမှန်း မသိဖြစ်နေသော် တနင်္ဂနွေနေ့တွင် ဘုရားတနင်္လာထောင့်၌ အုန်းရည် (၆)ခွက် လှူဒါန်း၍ ဆုတောင်းပါ။
အထည်အလိပ်၊ ထီး၊ ဖိနပ်၊ နာရီ၊ ဦးထုပ်၊ စတဲ့လုပ်ငန်းများ၊ လူမျိုးခြား၊ နိုင်ငံခြားနှင့်ပတ်သက်သောလုပ်၊ မီး၊ လျှပ်စစ်အပူနှင့်ပက်သက်သောအလုပ်၊ ထီးလုပ်ငန်း၊ ထုံးလုပ်ငန်း၊ ၀န်ထမ်း အလုပ်စတဲ့စနေနံလုပ်ငန်းများ…… စသော စနေနံကိစ္စများနှင့် ပါတ်သက်၍ ဘာလုပ်ရမှန်း မသိဖြစ်နေသော် တနင်္လာနေ့တွင် ဘုရားအင်္ဂါထောင့်၌ လမုန့် (၁၇) ချပ် လှူဒါန်း၍ ဆုတောင်းပါ။
သင်တို့၏အကျိုးကိုထာဝစဉ်လိုလားသော
ဆရာဟိန်းတင့်ဇော် (ထိုင်းနိုင်ငံ ၊ မဟာချိုင်မြို့)
http://www.heintinzaw.com/
Aye Chan Mon# Credit To : ဧရာဝတီ > ပြန်လည် မျဝေခြင်း ဖြစ်ပါသည်
Post a Comment