0

ဆေးပညာ မဟာသိပ္ပံဘွဲ့လွန် သင်တန်း ထပ်မံတက်ရောက်ခွင့်ရရှိ သူများစာရင်း (နောက်ဆက်တွဲ အောင်စာရင်း) ကို ဒီဇင်ဘာ ၄ ရက် (ယနေ့) တွင် ထုတ်ပြန်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကိစ္စနှင့်ပတ်သက်၍ ဒီဇင်ဘာ ၁ ရက်က ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် ဆေးပညာမဟာသိပ္ပံဝင်ခွင့်ဖြေဆိုခဲ့သည့် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်မှ ဆရာဝန် ၄၀ ကျော် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
“တွေ့ဆုံတဲ့အခါမှာ ကျွန်မတို့ဘက်က အောင်စာရင်းနဲ့ပတ်သက်ပြီး အောင်တဲ့သူတွေက ဘယ်လိုကြောင့် အောင်တယ်။ ကျတဲ့သူကဘာကြောင့် ကျတယ်ဆိုတာကို ပွင့်ပွင့်လင်းလင်း သိချင်တယ်။ လူဦးရေ ထောင်ချီဖြေတဲ့ စာမေးပွဲမှာ ၁၀ နဲ့ ရာခိုင်နှုန်း ၂၀ လောက်ကိုပဲ အအောင်ပေးထားတာ ဘာကြောင့်လဲဆိုတာကို အဓိကထားမေးတယ်။ အရင်စာ မေးပွဲတွေတုန်းက အောင်မှတ်တစ်ခု သတ်မှတ်ထားတယ်။ ဌာနတွေဘက်ကလည်း ခေါ်နိုင်တဲ့အရေအတွက်ကို သတ်မှတ်ထားတယ်။ အဲဒီတော့ အမှတ်အများဆုံးဆိုတဲ့ သူတွေက ပါသွားတယ်။ ဒါက ပုံမှန်ပါ။ အခုဟာက အမှတ်အများဆုံးဆိုတဲ့သူတွေကို ရွေးတာမျိုးမဟုတ်ဘူးလို့ ယူဆတယ်။ ဌာနဘက်ကလည်း ဘယ်လောက်ပဲခေါ်မယ်ဆိုတာကို တိတိကျကျ မပြောခဲ့ဘူး။ ဒီစာမေးပွဲရဲ့ အောင်ချက်ကလည်း အရမ်းနည်းတယ်။ ဌာနဘက်ကတော့ အရည်အသွေးထိန်းတဲ့သဘောပါလို့ ပြောပါတယ်။ အမှတ်ပေးတုန်းက ရေးဖြေအမှတ်အပြင် နှုတ်ဖြေ၊ လုပ်သက်အမှတ်၊ ဝေးလံခေါင်ဖျားဒေသ အမှတ်ဆိုတာမျိုးတွေကိုပါ ကြည့်တယ်လို့ ပြောပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး လူကြီးတွေနဲ့ တွေ့တဲ့အခါ သူတို့ အကောင်းဆုံးဖြစ်အောင် ပြန်ပြင်ဆင်ပေးပါ့မယ်လို့ ပြောပါတယ်။ အခုနောက်ဆက်တွဲ အောင်စာရင်းဆိုပြီး ဒီဇင်ဘာ ၄ ရက်မှာ ထုတ်ပြန်ပေးဖို့ ရှိတယ်လို့သိရပါတယ်” ဟု ဆေးပညာမဟာသိပ္ပံဝင်ခွင့် စာမေးပွဲဝင် ရောက်ဖြေဆိုခဲ့ပြီး တွေ့ဆုံဆွေးနွေးမှုတွင်လည်းပါဝင်သူ ဆေးတက္ကသိုလ် (၁) မှကျောင်းသူတစ်ဦးက ပြောကြားသည်။
ဆေးတက္ကသိုလ် (၂) ပါမောက္ခ ချုပ်ဒေါက်တာအေးထွန်းကလည်း ၎င်း၏ Facebook တွင် ‘လာမယ့် တနင်္လာ (ဒီဇင်ဘာ ၄ ရက်) ဘွဲ့လွန်သင်တန်း ထပ်မံတက်ရောက်ခွင့်ရသူ စာရင်းကို သက်ဆိုင်ရာတက္ကသိုလ် ပညာရေးအဖွဲ့က ထုတ်ပြန်ခွင့်ရပါမည်။ အားလုံး ပျော်ခွင့်ရကြပါမည်” ဟု ဒီဇင်ဘာ ၂ ရက် မွန်းလွဲပိုင်းက ရေးသားဖော်ပြခဲ့သည်။
“လောလောဆယ် တရားဝင်စာတော့ မထွက်သေးပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ ဆရာကြီးတွေ ပြောကြားချက်အရဆို အားလုံးအဆင်ပြေမယ့် ရလဒ်တစ်ခုပါ။ ၀န်ကြီးဌာန အနေနဲ့လည်း ပြုပြင်ပြောင်းလဲမှုတွေ လုပ်ပေးတဲ့အတွက် ကျွန်တော်တို့ ကြိုဆိုဝမ်းသာပါတယ်။ အများလိုလားတောင့်တနေတဲ့ အခြေအနေတစ်ခုကို ဖြေရှင်းပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်” ဟု ဆေးတက္ကသိုလ် (၂) ကျောင်းသားများသမဂ္ဂမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ဆေးပညာ မဟာသိပ္ပံဝင်ခွင့် အောင်စာရင်းနှင့်ပတ်သက်၍ တရားမျှတမှုနှင့် ပွင့်လင်းမြင်သာမှုမရှိဟုဆိုကာ ဆေးတက္ကသိုလ်ကျောင်းသား သမဂ္ဂသုံးခုက နိုဝင်ဘာ ၂၉ ရက်က သဘောထားထုတ်ပြန်ချက်တစ်ရပ် ထုတ်ပြန်ခဲ့ကြောင်း၊ ယင်းထုတ်ပြန်ချက်တွင် တရားမျှတမှုနှင့် ပွင့်လင်းမြင်သာမှုမရှိခြင်းကို အချက် နှစ်ချက်ဖြင့် ဝေဖန်ထောက်ပြထားပြီး ကြေညာချက်တွင် ဆေးပညာမဟာသိပ္ပံဝင်ခွင့် အောင်စာရင်းများ ထုတ်ပြန်ရာတွင် သက်ဆိုင်ရာတက္ကသိုလ်များ၏ ပါမောက္ခချုပ်များနှင့် ပါမောက္ခဌာနမှူးများ လွတ်လပ်စွာဆုံးဖြတ်ပိုင်ခွင့် မရရှိခြင်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ပွင့်လင်းမြင်သာ မှုမရှိသော ဗဟိုချုပ်ကိုင်မှုအာဏာ ရှင်စနစ်ကို အသုံးပြု၍ ဆေးပညာ မဟာသိပ္ပံဝင်ခွင့် အောင်စာရင်းကို ထုတ်ပြန်ခဲ့ခြင်းဟူ၍ သုံးသပ်ရေးသားထားသည်။
ယင်း အချက်အလက်များကြောင့် ၀င်ခွင့်အောင်စာရင်းနှင့် ပတ်သက်၍ ကျန်းမာရေးဝန်ကြီးဌာန၏ လုပ်ရပ်များကို ရှုတ်ချကြောင်း၊ ယင်းလုပ်ရပ်များသည် ဆေးပညာသင်ကြားနေသော ကျောင်းသား ကျောင်းသူများ၏ နိုင်ငံ့ဝန်ထမ်းကောင်းအဖြစ် တာဝန်ထမ်းဆောင်လိုသည့် ရည်မှန်းချက်များကိုမှေးမှိန် စိတ်ပျက်စေကြောင်း၊ နောင်တွင် ထုတ်ပြန်မည့် ဆေးပညာမဟာသိပ္ပံ ၀င်ခွင့်အောင်စာရင်းနှင့် ပတ်သက်၍ သက်ဆိုင်ရာ တက္ကသိုလ် အသီးသီးကို လွတ်လပ်စွာ ဆုံးဖြတ်ပိုင်ခွင့် အပြည့်အ၀ပေးရန်အလေးအနက် တောင်းဆိုကြောင်း သဘောထားထုတ်ပြန်ချက်တွင် ရေးသားထားသည်။
writer: အိသဉ္ဇာကျော်
===========
Eleven Media Group

Post a Comment

 
Top