0


‘‘ယခုခေတ်မယ်ဘယ်ဟာပဲ ဖြစ်ဖြစ်၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းမှာပဲ ဖြစ်ဖြစ်၊ ကာကွယ်ရေးလုပ်ငန်းမှာပဲဖြစ်ဖြစ်လုပ်တဲ့ အခါမယ် တိုင်းပြည်လူထုနှင့်ယှဉ်၍ ကိုယ်ထိလက်ရောက် ပါဝင်ကူညီ ဖို့ သဘောတရားတစ်နေ့ တခြား ပိုမိုထင်ရှားလာတယ်’’
ဗိုလ်ချုပ်အောင်ဆန်းရဲ့ ပြောကြားချက် တချို့ ဖြစ်ပါ တယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀ နီး ပါးကာလဖြစ်တဲ့ ၁၉၄၇ ဇွန်လ က ကျင်းပတဲ့ ဗမာနိုင်ငံလုံးဆိုင် ရာ မီးသတ်အစည်းအရုံးကြီးရဲ့ ညီလာခံသဘင်မှာ လာရောက် ပြောကြားခဲ့တဲ့   မိန့်ခွန်းထဲက စကားတချို့ဖြစ်ပါတယ်။
ဒီကနေ့ မြန်မာနိုင်ငံကို ကြည့်မယ်ဆိုရင် အရပ်သားစစ်စစ် လက်ထဲကို ရောက်လာခဲ့တာ တစ်နှစ်သား သက်တမ်းတောင် မရှိသေးပါဘူး။ အဲဒီကာလအတွင်း မှာပဲ အစိုးရသစ် ကြုံတွေ့နေရတဲ့စိန်ခေါ်မှုတွေ၊ အခက်အခဲတွေ၊ အကျပ်အတည်းတွေကို ကြည့် မြင်ရင်း အထက်မှာဆို ခဲ့တဲ့ ဗိုလ်ချုပ်ရဲ့ မိန့်ခွန်းထဲက စကားတချို့ ကို ပြန်ပြောင်းသတိ ရနေမိခဲ့ပါ တယ်။
အကြမ်းဖက်တိုက်ခိုက်မှု
လွန်ခဲ့တဲ့ နှစ်လကျော်ကာလ အောက်တိုဘာ ၉ ရက်မှာ ကျွန် တော်တို့အားလုံး အထိတ်တလန့် ဖြစ်ခဲ့ရတဲ့ အကြမ်းဖက်တိုက်ခိုက် မှုတစ်ခု ရခိုင်ပြည်နယ် မောင် တော်မြို့နယ်အတွင်းမှာ ဖြစ်ပွားခဲ့ ပါတယ်။ အမှတ် (၁) နယ်ခြား စောင့် ရဲကွပ်ကဲမှုဌာနချုပ်(ကျီး ကန်းပြင်)၊ ကိုးတန်ကောက်ရဲ ကင်းစခန်းနဲ့ ငါးခူရနယ်မြေရုံးတို့ ကို  အကြမ်းဖက်သမားများက အလစ်အငိုက် ဝင်ရောက်အကြမ်း ဖက် တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ အရပ်သားတွေ ထိခိုက်သေဆုံးခဲ့ ရသလို ရဲတပ်ဖွဲ့ဝင်တွေ၊ တပ် မတော်သားတွေလည်း ကျဆုံးခဲ့ရ ပါတယ်။
အဲဒီအကြမ်းဖက်ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဒီကနေ့ကာလအထိ အစိုးရက ဂရုထားကိုင်တွယ်ဖြေ ရှင်းနေရချိန် ဖြစ်ပါတယ်။ အ ကြမ်းဖက်သမားတွေ ဘက်ကနေ မဟုတ်မမှန် သတင်းတွေလုပ်ကြံ ဖြန့်ချိခြင်း ခံနေရပါတယ်။ ပြည်ပမီဒီယာတချို့ရဲ့ သတင်းမှား ထုတ်ပြန်မှုတွေနဲ့လည်း ရင်ဆိုင်နေရ ပါတယ်။ သတင်းမှားတွေက နေတစ်ဆင့် သက်ရောက်လာစေ တဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်နေ ရပါတယ်။
နိုင်ငံတကာအနေနဲ့ ဆယ်စု နှစ်များစွာ ကြာမြင့်နေပြီဖြစ်တဲ့ ပြဿနာများကို ဖြေရှင်းနေရတဲ့ မြန်မာနိုင်ငံအပေါ် အချိန်ယူ ဆောင်ရွက်ခွင့်ပေးဖို့၊ နားလည်မှု ရှိဖို့လိုအပ်ကြောင်း နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်ကလည်း ရခိုင်ပြည် နယ်ဆိုင်ရာ အကြံပေးကော်မရှင် အဖွဲ့နဲ့ ဒီဇင်ဘာ ၆ ရက်တွေ့ဆုံ ပွဲမှာ ပြောဆိုခဲ့ပါတယ်။
ရှမ်းမြောက်တိုက်ပွဲများ
ရခိုင်မှာ အကြမ်းဖက်တိုက် ခိုက်ခံရပြီး တစ်လကျော်အကြာ နိုဝင်ဘာ ၂၀ ရက်မှာ KIA, TNLA, MNDAA နဲ့ AA လက်နက်ကိုင် ပူးပေါင်းအဖွဲ့တွေက မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးစခန်းနဲ့ အစိုးရလုံခြုံရေး တပ်ဖွဲ့များကို ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။ အဲဒီကနေ တပ်မတော်နဲ့ တိုက်ပွဲ တွေ ဆက်လက်ဖြစ်ပွားခဲ့ ပါ တယ်။ တိုက်ပွဲတွေကနေ ရလာ တဲ့ ရလဒ်ကတော့ သေဆုံးခြင်း၊ ဒဏ်ရာရခြင်း၊ ထွက်ပြေးတိမ်း ရှောင်နေရခြင်းတွေပဲ ဖြစ်ပါတယ်။ တပ်မတော်၊ လက်နက်ကိုင်တပ်ဖွဲ့၊  အစိုးရနဲ့  ပြည်သူလူထုအတွက် ထိခိုက်နစ်နာစေတဲ့ ရလဒ်များချည်းသာဖြစ်ပါတယ်။ ဒါ့အပြင် တရုတ်နိုင်ငံဘက်ကလည်း နယ်စပ်မှာတပ်အင်အား တိုးချဲ့ချထား စောင့်ကြည့်မှုတွေ ရှိခဲ့ပါတယ်။ မြန်မာ့အနာဂတ်တွက် မျှော်တွေးရမယ့် အရေးဖြစ်ပါတယ်။
နိုင်ငံတော်ရဲ့ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဒီတိုက်ပွဲနဲ့ပတ်သက်ပြီး အမြန်ဆုံး ချုပ်ငြိမ်းဖို့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အမြန်ဆုံး ပါဝင်နိုင်ရေး၊ NCA မှာ အမြန်ဆုံး လက်မှတ်ရေးထိုးပြီး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး၊ ပြည်သူတို့ မျှော်လင့်တဲ့ ငြိမ်း ချမ်းရေးပန်းတိုင်ကို အရောက် လှမ်းနိုင်ရေး ၂၁ ရာစု ပင်လုံဒုတိယ အစည်းအဝေးကနေ ငြိမ်းချမ်းရေးခရီးကို အတူလက်တွဲ လျှောက်လှမ်းကြဖို့ အလေးအ နက် တိုက်တွန်းကြောင်း ပါဝင်တဲ့ စာတစ်စောင်ကိုလည်း နိုဝင်ဘာ ၂၃ ရက်က ထုတ်ပြန်ခဲ့ပါတယ်။
ရန်ကုန်ဂယက်
 အဲဒီဖြစ်စဉ်တွေနဲ့ မရှေး မနှောင်းမှာပဲ မြန်မာနိုင်ငံရဲ့ လူ ဦးရေအများဆုံး တိုင်းဒေသကြီး ဖြစ်တဲ့ မြို့ရန်ကုန်အတွင်းမှာ လည်း ဂယက်များစွာ ဖြစ်ပေါ်ခဲ့ပါ တယ်။ နေ့ခင်းကြောင်တောင် အနုကြမ်းစီးမှု၊ ဓားပြတိုက်မှု၊ သတ်ဖြတ်မှု၊ လုယက်မှု၊ ရိုက်နှက်မှုစတဲ့ ဒုစရိုက်မှုတွေဟာ တရားဥပဒေ စိုးမိုးရေးဆိုတာကို ပြက်ရယ်ပြုခဲ့ပါတယ်။ ရာဇဝတ် ဘေးပြေးမလွတ်ဆိုတာကို လှောင်ပြောင်ခဲ့ပါတယ်။ ရန်ကုန်လူထုကျောမလုံမှုတွေကို ဖြစ်ပေါ်စေပါတယ်။
အဲဒီလို ဂယက်ရိုက်မှုတွေနဲ့ ကြုံတွေ့နေရချိန်မှာပဲ ရန်ကုန် လူထု နောက်ထပ်ကြုံတွေ့ကြရ တာကတော့ ကွန်တိန်နာယာဉ် များ ညဘက်သီးသန့် ပြေးဆွဲစေ တာကနေ စတင်ခဲ့တဲ့ ယာဉ်ကြော ပိတ်ဆို့စေမှုနဲ့ လမ်းဘေးဈေးသည်များရဲ့ အရေးပဲဖြစ်ပါတယ်။
 ကွန်တိန်နာယာဉ်တွေကိုည ၉ နာရီကနေ မနက် ၆ နာရီ အတွင်းသာ ပြေးဆွဲရမယ်လို့ သတ်မှတ်လိုက်တဲ့နေ့ရဲ့ နောက် တစ်နေ့ မနက်ပိုင်းမှာပဲ ရန်ကုန် မြို့ ကမ်းနားလမ်းတစ်လျှောက် မှာ ကွန်တိန်နာယာဉ်တွေ ပိတ်ဆို့ ရပ်နားခဲ့တာကြောင့် ရန်ကုန်လူထု သွားလာရေးမှာ အခက်အခဲ များစွာ ဖြစ်ပေါ်ခဲ့ပါတယ်။ အစိုးရ ကို အကျပ်ရိုက်စေခဲ့ပါတယ်။ လမ်းဘေး ဈေးသည်များဟာ လည်း အစိုးရက ညဈေးတန်းတွေ နဲ့ ရောင်းဖို့သင့်လျော်တဲ့ လမ်းမ တွေမှာ ရောင်းချစေဖို့ စီမံပေးခဲ့ ပေမယ့် မိမိတို့အရင်က ရောင်းချ ခဲ့တဲ့ လမ်းဘေးတွေမှာ ပြန်လည် ရောင်းချခွင့်ရရေးဆိုတဲ့ တောင်း ဆိုမှုတွေနဲ့အတူ လမ်းမပေါ်တက် ဆန္ဒဖော်ထုတ်မှုတွေကို ပြုခဲ့ကြပါ တယ်။
ဒီကနေ့ကာလ အရပ်သား စစ်စစ် အစိုးရလက်ကို ရောက်ဖို့ နှစ်ပေါင်းများစွာ သန္ဓေတည်ခဲ့ရ ပါတယ်။ နိုင်ငံသူ၊ နိုင်ငံသားများ စုပေါင်းအားနဲ့ တွန်းခဲ့ကြရပါတယ်။ လွယ်လွယ်နဲ့ ရောက်ရှိခဲ့တာမဟုတ်ပါဘူး။ ဒါကြောင့်လည်း အထက်မှာဆိုတဲ့ ဗိုလ်ချုပ်ရဲ့စကားကိုသတိတရရှိခဲ့တာလည်း ဖြစ်ပါတယ်။ နိုင်ငံတစ်ခုထူထောင်နေချိန် ပြုပြင်ပြောင်းလဲနေချိန်မှာ အားလုံးပါဝင်ကြဖို့ လိုပါတယ်။
ဒီကနေ့ အစိုးရဟာ သက် တမ်းရှစ်လကျော်၊ ကိုးလတာကာ လအတွင်းမှာ စီးပွားရေး၊ လူမှု ရေး၊ နိုင်ငံရေးစတဲ့ ဘက်ပေါင်းစုံမှာ အကျပ်အတည်းပေါင်းစုံ၊ အခက်အခဲပေါင်းစုံ၊ စိန်ခေါ်မှု ပေါင်းစုံကို စုဆုံကြုံတွေ့နေရ တယ်ဆိုတာကို သတိချပ်ကြစေ လိုပါတယ်။ ဒီဟာကိုပဲ အထွေ ထွေ အကျပ်အတည်းဆိုတဲ့ ခေါင်းစဉ်နဲ့ ကာလုံခေါ်ပေးဖို့ တောင်း ဆိုခဲ့ကြတာကိုလည်း တစ်လော တုန်းဆီက ကြုံတွေ့ခဲ့ကြရပါ တယ်။ စစ်အုပ်ချုပ်ရေးကို လက် ယပ်ခေါ်မယ့် မည်သည့်လုပ်ရပ် မဆို သမိုင်းသင်ခန်းစာများနဲ့ယှဉ် ပြီး ကျွန်တော်တို့ ဝိုင်းဝန်းကန့် ကွက်သွားကြရမှာဖြစ်ပါတယ်။
ကိုယ်ကျိုးစီးပွားထက် အ များ အကျိုးကိုသာ ရှေ့တန်းတင် တောင်းဆိုကြဖို့၊ ဖော်ဆောင်ကြ ဖို့လိုပါတယ်။ ငြိမ်းချမ်းရေးကို ရှေးရှုကြဖို့ လိုပါတယ်။ နှစ်ပေါင်း များစွာ မတရာဖိနှိပ်ခြင်း၊ ချုပ် ချယ်ခြင်းတွေ ကြားကနေ ရုန်းထ လာခဲ့ရတဲ့ ဘဝတွေကို မေ့မသွား ကြဖို့ လိုပါတယ်။
ဒီလိုဆိုခြင်းက အစိုးရဘက် က ရှေ့နေလိုက်နေခြင်း သက်သက် မဟုတ်ပါဘူး။ အကယ်၍ အစိုးရသာ မနိုင်ဝန်ကို မထမ်းနိုင်တော့ ရင် ကျွန်တော်တို့တွေ ဟိုးအရင် အတိတ်ကို နောက်ကြောင်းပြန် ခြင်း ခံကြရပါလိမ့်မယ်။ လက် တစ်လုံး အလိုမှာ ကယ်တင်ခြင်း ကို ခံကြရပါလိမ့်မယ်။ အဲဒီလို ကယ်တင်ခြင်းမျိုးကို တစ်ဖန်ပြန် လည် မခံရဖို့ ဆန္ဒနဲ့ ဆော်သြရ ခြင်းသာဖြစ်ပါတယ်။ ကျွန်တော် တို့ရဲ့ အတိတ်မှာ သင်ခန်းစာယူ စရာများစွာ ရှိနေပါတယ်။ အသိ တရားနဲ့ သတိမူကြစေလိုကြောင်း ပါ။။

http://www.7daydaily.com/story/83242

Post a Comment

 
Top