0

Published on: July 8, 2014
Written by: စောရည်နန္ဒာ

မြန်မာနိုင်ငံတွင် မိုဘိုင်းဖုန်းဖြင့် အင်တာနက်အသုံးပြုသူ ဦးရေမှာ နှစ်စဉ်တိုးမြင့်လျက်ရှိပြီး ၂၀၁၄ ခုနှစ် မေလအကုန်အထိ မိုဘိုင်းဖုန်းဖြင့် အင်တာနက်အသုံးပြုသူ ဦးရေမှာ (၂၉၁၉၆၁၈) အထိ တိုးမြင့်လာကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။

မိုဘိုင်းဖုန်းဖြင့် အသုံးပြုသူဦးရေမှာ ၂၀၁၁-၂၀၁၂ ခုနှစ်အတွင်း (၆၆၄၅၀)ဦးရေသာ ရှိသော်လည်း ၂၀၁၄ ခုနှစ် မေလကုန်အထိ အင်တာနက်အသုံးပြုသူ ဦးရေမှာ (၂၉၁၉၆၁၈) ဦးရေအထိ တိုးမြင့်လာကြောင်း သိရသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ရောင်းချသည့် မိုဘိုင်းဖုန်း ဆင်းမ်ကတ်များတွင် အင်တာနက်အသုံးပြုမှုစနစ် ပါဝင်ခြင်းမရှိဘဲ အင်တာနက် အသုံးပြုနိုင်ရန်အတွက် ငွေကြေးဖြင့် ထပ်မံလျှောက်ထားရသော်လည်း အင်တာနက်လိုင်းများမှာ မြန်ဆန်ခြင်းမရှိသည့်အပြင် တစ်ခါတစ်ရံ အင်တာနက်လိုင်း ပြတ်တော်မှုများဖြင့် ကြုံတွေ့နေရသည်။ ပြည်ပဆက်သွယ်ရေး ကုမ္ပဏီများမှ ရောင်းချမည့် မိုဘိုင်းဆင်းမ်ကတ်များတွင် အင်တာနက်အသုံးပြုမှုစနစ် တစ်ပါတည်း ပါဝင်မည်ဖြစ်ပြီး မြန်နှုန်းမြှင့်အင်တာနက်ကို ၀န်ဆောင်မှုပေးသွားမည်ဖြစ်ကြောင်း သိရသည်။

“မိုဘိုင်းဖုန်းနဲ့ အင်တာနက်အသုံးပြုတဲ့နေရာမှာ အရင်က ဂျားဗားဖုန်းတွေနဲ့ဆိုရင်တော့ ဘယ်သုံးလိုရမလဲ၊ အခု andriod ဖုန်းတွေနဲ့မှ အသုံးပြုရာတာ အဆင်ပြေတာလေ။ ဖုန်းထုတ်လုပ်တဲ့ နည်းပညာစနစ် မြင့်မားမှုတွေကြောင့်လည်း တိုးမြင့်လာတယ်လို့ ပြောလို့ရတယ်။ မိုဘိုင်းဖုန်းတွေရဲ့ နည်းပညာကတော့ တဖြည်းဖြည်း မြင့်မားလာတယ်။ ဒါပေမဲ့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းရဲ့ အင်တာနက်စနစ်ကတော့ ပြောင်းလဲလာခြင်း မရှိပါဘူး။ အရင်အတိုင်း နှေးကွေးနေတုန်းပါပဲ” ဟုမိုဘိုင်းဖုန်းဖြင့် အင်တာနက်အသုံးပြုသူ ကိုသားငယ်က ပြောပြသည်။

ယခင်က အင်တာနက်အသုံးပြုလိုသူများ အနေဖြင့် အင်တာနက်လျှောက်ထားရာတွင် ဖုန်းစာချုပ်ဖြင့် သက်ဆိုင်ရာ မြန်မာ့ဆက်သွယ်ရေး ရုံးများတွင် သွားရောက်လျှောက်ထားရပြီး ယခုအခါတွင် ဖုန်းဖြင့်မက်ဆေ့ခ်ျပေးပို့ပြီး လျှောက်ထားနိုင်သည်။ ယခင်က အင်တာနက်လျှောက်ရာတွင် ကျပ်သုံးသောင်း ပေးဆောင်ရပြီး ယခုအခါတွင် ငွေကျပ်တစ်သောင်းဖြင့် အင်တာနက်အသုံးပြုနိုင်ပြီး ဂျီအက်စ်အမ်ဖုန်းများဖြင့် အင်တာနက်အသုံးပြုလျှင် တစ်မိနစ်လျှင် နှစ်ကျပ်ပေးဆောင်ရပြီး စီဒီအမ်အေဖုန်းများဖြင့် အသုံးပြုလျှင် တစ်မိနစ်ကို လေးကျပ်ပေးဆောင်ရကြောင်း သိရသည်။

ACM Credit To: Eleven Media Group
http://www.ayechanmon-news1.com/
Photo: မန်မာနိုင်ငံ၌ မိုဘိုင်းဖုန်းဖြင့် အင်တာနက်အသုံးပြုသူဦးရေ နှစ်စဉ်တိုးမြင့်လာပြီး၂၀၁၄ ခုနှစ်အတွင်း သုံးသန်းနီးပါးအထိ ရှိလာ

Post a Comment

Top