0

ဖားကန့်ဒေသတွင် မြေပြိုခြင်းနှင့် စွမ်းအားမြင့်မြေသယ်ယာဉ်များဖြင့် ထုတ်လုပ်ခြင်းကိစ္စနှင့်ပတ်သက်၍ ပြည်ထောင်စုအစိုးရအနေဖြင့် ကျောက်စိမ်းတူးဖော်ခြင်းလုပ်ငန်းများ လုံးဝပိတ်သိမ်းခြင်း၊ ပုဒ်မ ၁၄၄ ထုတ်ပြန်ခြင်း၊ စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန်ခြင်းစသည့်နည်းလမ်းသုံးသွယ်ဖြင့် ဆောင်ရွက်သွားရန် စီစဉ်ထားကြောင်း သတ္တုတွင်းဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးသန်းထွန်းအောင်က ယနေ့ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးသို့ လာရောက်ရှင်းလင်းခဲ့ကြောင်း The Voice သတင်းထောက်က သတင်းပေးပို့သည်။
ယင်းရှင်းလင်းချက်တွင် ပြည်ထောင်စုအစိုးရအဖွဲ့အနေဖြင့် နည်းလမ်းသုံးသွယ်ဖြင့် ဆောင်ရွက်သွားရန် စီစဉ်ထားကြောင်း နည်းလမ်း(၁)အနေဖြင့် လုံးခင်း၊ ဖားကန့် ရတနာနယ်မြေတွင် ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းများကို လုံးဝပိတ်သိမ်းခြင်း (သို့မဟုတ်ပါက) နည်းလမ်း(၂)အနေဖြင့် ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ အမိန့်ထုတ်ပြန်ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ဖြင့် ထိန်းသိမ်းခြင်း (သို့မဟုတ်ပါက) နည်းလမ်း(၃)အနေဖြင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၃၊ ပုဒ်မခွဲ(ခ)အရ အုပ်ချုပ်ရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးတို့အတွက် စစ်အုပ်ချုပ်ရေး အမိန့် ထုတ်ပြန်ဆောင်ရွက်ခြင်းတို့ ဖြစ်ကြောင်း ရှင်းလင်းသွားသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ်များဆွေးနွေးလိုပါက ယနေ့ မွန်းလွဲ ၁ နာရီနောက်ဆုံးထားကာ အမည်စာရင်းတင်သွင်းရန် ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက ပြောကြားသည်။


The Voice Weekly

Post a Comment

 
Top