ရုပ်ရှင်မင်းသားနေထူးနိုင်၏ ဇနီးမောင်းနှင်လာသည့် ပရာဒိုအိမ်စီးမော်တော်ယာဉ်တစ်စီး ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ်၂၄၂ အနီး၌ အရှိန်လွန်တိမ်းမှောက်မှု ယနေ့(ဇန်န၀ါရီ ၃ ရက်) မွန်းလွဲ ၁ နာရီကျော်က ဖြစ်ပွားခဲ့ရာ ယာဉ်ပေါ်ပါ အမျိုးသမီးတစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း ရန်ကုန်-မန္တလေး အမြန်လမ်း သီးကုန်းကြက်ခြေနီစခန်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
"အကွေ့ မှာ တိမ်းမှောက်ခဲ့တဲ့ပုံသဏ္ဍန်တွေ့ ရပြီး အသက် ၅၃ နှစ်အရွယ် အမျိုးသမီးတစ်ဦးက ဒဏ်ရာပြင်းထန်တဲ့အတွက် ညောင်ကုန်းဆေးရုံကနေ နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံကြီးကို လွဲပြောင်း ကုသပေးနေရပါတယ်။ ကျန်တဲ့လူတွေကတော့ စိုးရိမ်ဖွယ်မရှိပါဘူး"ဟု ရန်ကုန်-မန္တလေးအမြန်လမ်းသီးကုန်းကြက်ခြေနီစခန်း အရေးပေါ်လူနာတင်ယာဉ်ဝန်ဆောင်မှုလုပ်ငန်း တာဝန်ရှိသူတစ်ဦးဖြစ်သည့် ဦးမြင့်ထွန်းဝင်းကပြောကြားသည်။
ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားခဲ့သည့် မော်တော်ယာဉ်သည် မန္တလေးမြို့မှ နေပြည်တော်သို့ ထွက်ခွာလာခြင်းဖြစ်ပြီး ယာဉ်ပေါ်တွင် အမျိုးသမီးယာဉ်မောင်းတစ်ဦး အပါအဝင် အမျိုးသမီးလေးဦးနှင့် ကလေးငယ်နှစ်ဦး လိုက်ပါလာခြင်းဖြစ်ပြီး ပျော်ဘွယ်မြို့နယ် ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ်၂၄၂ အနီး လမ်းကွေ့ နေရာတွင် အရှိန်လွန်တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယာဉ်ပေါ်လိုက်ပါလာသူများအနက် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ပြီးစိုးရိမ်ဖွယ်အနေအထားရှိသော်လည်း ကျန်သည့်ကလေးငယ်နှစ်ဦးနှင့် အမျိုးသမီး သုံးဦးမှာ စိုးရိမ်ဖွယ်မရှိကြောင်း ရန်ကုန်-မန္တလေး အမြန်လမ်း ပြုပြင်ထိန်းသိမ်းမှုကြီးကြပ်ရေး အင်ဂျင်နီယာမှူးရုံးမှ ဦးစီးအရာရှိအဆင့် အရာထမ်းတစ်ဦးက ပြောကြားသည်။
"ယာဉ်တိမ်းမှောက်တဲ့နေရာကို ကျွန်တော်တို့ ပေပင်လေးရဲတပ်ဖွဲ့ စခန်းက သွားရောက် စစ်ဆေးနေဆဲဖြစ်ပါတယ်။ အသေးစိတ်အချက်အလက်ကိုတော့ မရသေးပါဘူး။ မိုင်တိုင်အမှတ်၂၄၂ အနီးမှာ ပရာဒိုယာဉ်တစ်စင်း တိမ်းမှောက်ခဲ့တာတော့ မှန်ပါတယ်"ဟု အဆိုပါ အမြန်လမ်းရဲတပ်ဖွဲ့ စခန်းမှ တာဝန်ရှိသူတစ်ဦးက အခင်းဖြစ်ပြီး နာရီဝက်ခန့် အကြာ မွန်းလွဲ ၁ နာရီခွဲခန့်က အတည်ပြုပြောကြားသည်။
ဒဏ်ရာပြင်းထန်တဲ့ အမျိုးသမီးက ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တစ်ထောင်မြို့နယ်က အသက် ၅၃ နှစ်အရွယ် ဒေါ်ခင်သူဇာလို့ သိရတယ်။ ညောင်ကုန်းတိုက်နယ်ဆေးရုံကနေ မိတ္ထီလာဆေးရုံကြီး ပို့ဆောင်ကုသပေမဲ့ အဲဒီ့ဆေးရုံကြီးက ထပ်လွဲလို့ နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံကြီးကို ကျွန်တော်တို့ ကိုယ်တိုင် သွားရောက်ပို့ဆောင်ပေးခဲ့ပါတယ်"ဟု မြန်မာနိုင်ငံကြက်ခြေနီအသင်း သီးကုန်းကြက်ခြေနီစခန်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ဓာတ်ပုံ - အရည်ကြို (Facebook)
The Voice Weekly
Post a Comment