ByဘစီOn Sun, 2016-01-03
ဗျို့အယ်ဒီတာ -
မင်္ဂလာ နှစ်သစ်ပါခင်ဗျ။ ၂၀၁၆ ဆိုတဲ့နှစ်တစ်နှစ်ကိုတော့ ရောက်လာခဲ့ပြီပေါ့ဗျာ။ မြန်မာတစ်ပြည်လုံးမှာလည်း ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဟက်ပီးနယူးရီးယားကြ တဲ့သူတွေလည်း မနည်းဘူးဗျ။ ရန်ကုန်မှာတော့ သိတဲ့အတိုင်းပေါ့လေ။ အရင်နှစ်တွေကလို လွှတ်ပျော်ကြတာပါပဲ။ ဒါပေတဲ့ ဒီနှစ်က ကျုပ်သတိထားမိသလောက် သိပ်ပြီး ဆိုးဆိုးရွားရွား ပုံစံတွေနဲ့ နှစ်သစ်ကို ကြိုကြတာ အရင်ကလို မတွေ့ရတာပဲ။ ကိုယ်ပဲ မမြင်မိတာလား ဘာလားတော့လည်း မပြောတတ်ဘူးပေါ့ခင်ဗျာ။ ကျုပ်အထင် ခပ်အေးအေးနဲ့ ပြီးဆုံးသွားသလိုပဲ။
ကောင်းပါလေ့ဗျာ။ နို့မို့ဆို ကျုပ်တို့မယ် နှစ်သစ်အစမှာပဲ အမင်္ဂလာသတင်းက ကြားရပြီ။ မနေ့ညက နယူးရီးယားလိုက်တာ လူဘယ်နှယောက် ထိခိုက်ဒဏ် ရာရလို့တဲ့ဟဲ့၊ ဘယ်နှယောက် အသက်ပျောက်သွားလို့တဲ့ ဟဲ့နဲ့ စသဖြင့် မကြားဝံ့မနာသာတွေ ကြားရပြီ။ ဆိုတော့ကာ ဘယ့်နှာ ဟက်ပီးနယူးရီးယားဖြစ်မလဲဗျာ နော။ ဘာပဲပြောပြောဒီနှစ်သတင်းတွေထဲ ထို့နှယ်သော သတင်းများမကြားရတဲ့အတွက် တကယ်ပဲ ၀မ်းသာလှသဗျ။
နှစ်သစ်ဆိုလို့ ပြောရဦးမယ်။ ကျုပ်တို့ဆီမှာလည်း တစ်နှစ်၊ နှစ် နှစ်လောက်တော့ ရှိပြီထင်ပါရဲ့။ Countdown လို့ ခေါ်သညာပြု ကြတဲ့ နှစ်သစ်ကူးချိန် တစ်မိနစ် လောက်အလိုမှာ ၅၊၄၊၃၊ ၂၊၁ ဟက်ပီးနယူးရီးယားဆိုပြီး ၀ူးဝါးဝိုင်း အော်တဲ့ ယဉ်ကျေးမှုလေး ထွန်း ကားလာသဗျ။ သူတို့ခေတ်နဲ့ သူတို့ပဲကိုး။ ခေတ်မီအောင်သာ ကမ္ဘာမြေ တစ်လွှားမှာတို့လည်း အော်ကြမယ်ပေါ့လေ။ အော်ကြ ပေါ့။ ဘာဖြစ်လဲ ပျော်ပျော်ပါးပါး နယူးရီးယားတာ ကောင်းလေစွ တကားပေါ့။ အဲသလို ပျော်ပျော် ပါးပါးနဲ့ နယူးရီးယားဖို့ကလည်း လွယ်မှတ်လို့။ နေရာတွေ ဘာ တွေငှား၊ အဆိုတော်တွေ ဘာတွေဖိတ်လုပ်ရသေးတာ။
ရုပ်မြင်သံကြားလိုင်းတွေက လည်း တိုက်ရိုက်လွှင့်ပေးတဲ့အ တွက် နိုင်ငံအနှံ့က ပြည်သူများ ဟာလည်း ကိုယ့်အိမ် ကိုယ့်ရာက မခွာဘဲနဲ့ ဟက်ပီးနယူးရီးယားလို့ ရသဗျာ။ ၀ါသနာပါရင် အဖျော်ယ မကာလေး ရှေ့ချထားလို့ရသေး။ အဆိုတော်တွေ၊ အနုပညာရှင်တွေကလည်း ညနေစောင်းလောက်ကတည်းက ကွင်းထဲမှာ ဖျော်ဖြေနေတာကလား။ ည ၁၂ နာရီမှာနယူးရီးယားပြီးသွားတောင်မှ မမောနိုင် မပန်းနိုင်ဘဲဆက်ပြီး ဖျော်ဖြေနေတာ။ ပရိသတ်ကလည်း မပြန်ဘူးဗျာ။ ဘာပဲဖြစ်ဖြစ် နှစ်သစ်ကို သီချင်း သံတွေနဲ့ စတင်တာဟာ သေနတ်သံတွေနဲ့ စတင်တာထက် အဆပေါင်းများစွာ ပိုကောင်းတာပဲ မဟုတ်လားဗျာ။
တစ်ဦးနဲ့ တစ်ဦး ဆဲဆိုရန် ဖြစ်နေမယ့်အစား သီချင်းတွေဆို တာဟာ ကောင်းတာပဲပေါ့။ ဂီတ ဟာ လူသားရဲ့ နှလုံးသားကို ညွတ်နူးစေတဲ့ အရာပဲဟာ။ မောင်ဘစီ တို့ ငယ်ငယ်ကများဆို ကက်ဆက်ခွေပဲ ရှိတာ။ အဆိုတော်ဆို သဟာ ဖြူသလား၊ မည်းသလားတောင် သိတာမဟုတ်ဘူး။ သီချင်းအဖုံးမှာပါတဲ့ ပုံလေးလောက်ပဲ တိုရေရှားရေ မြင်ရတာကလား။ အခုခေတ်များကျတော့လည်း အဆိုတော်ဆိုတာ အသံတင်မက ရုပ်ကိုလည်း မြင်ရတာ။ ဒါတင်ဘယ်ကမလဲ အပြင်မှာ တွေ့ချင်ရင်လည်း လွယ်သေး။ စတိတ်ရှိုးတို့ဘာတို့သွား။ ကိုယ့်လက်ကိုင်ဖုန်းကလေးနဲ့ ဓာတ်ပုံရိုက်လာ။ ကိုယ်ကြိုက်တဲ့ အနုပညာရှင်ရဲ့ရုပ်ပုံလွှာကို တစ်နေကုန်ထိုင်ပြီး တစိမ့်စိမ့်ကြည့်နေလို့ရသေး။ ရွှေပြည်ကြီးမှာ တိုးတက်လာပုံတွေများ ပြောပါတယ်။
ဒါနဲ့ အယ်ဒီတာမင်းရေ... ပြောရဦးမယ်ဗျ။ ကျုပ်လည်း တမြန်နေ့က နယူးရီးယားညမှာ သို့ကလို Countdown ဖျော်ဖြေပွဲလေးကို အိမ်မှာ ထိုင်ပြီးကြည့်နေမိသဗျ။ ကိုယ်ပဲ ဒိတ်အောက်ကြီးဖြစ်နေ လို့လား မသိပေါင်။ အနှီပွဲမှာ ဖျော်ဖြေနေကြတဲ့ အဆိုတော်လေးတွေ အတော်များများကို ကိုယ်က မသိဘူးဗျာ။ ဘေးနားကလူတွေမေးကြည့်တော့ သူရို့ဟာလည်း ဒီနေ့ခေတ် လူငယ်တွေကြားမှာ အတော်ပဲ ရေပန်းစားဆိုသကိုး။
အဆိုတော် ကောင်မလေး တွေက အများစုပေါ့ဗျာ။ သီချင်း တွေဘာတွေဆိုပြီး စင်အောက် ပရိသတ်ကို နှစ်သစ်ဆုတောင်း ပေးလိုက်၊ ကန့်လန့်ကာနောက် ပြန်ပြေးဝင် ပျောက်ကွယ်သွားကြ နဲ့ မြူးမြူးကြွကြွလှတော့ လှကြ ပေသား။ အဲ .. သီချင်းလေးတွေ လည်း ကိုယ်ကသာ ဘာတွေဆို သွားမှန်း နားမလည်တာ။ ဒုန်းဒုန်းချက်ချက် အို့ ..အို့၊ ရို့ ... ရို့၊ ကမ်းအွန် .. ကမ်းအွန်၊ အိုင်လပ်ဗ်ယူ ..ဘေဘီဆိုတာတွေပေါ့လေ။ နားထောင်လို့တော့ ကောင်းသား။
အနှာလို သီချင်းတွေတစ်ဝ ကြီး ဆိုပြပြီးတဲ့နောက် စင်အောက်က ပရိသတ်နဲ့ ရွှေပြည်တစ်ဝန်းက ရုပ်မြင်သံကြား ကြည့်နေများကို နှစ်သစ်ကူးများ ဆုတောင်းပေးသဗျ။ သူရို့အသံချိုချိုလေးတွေနဲ့ပေါ့လေ။ ဘာတဲ့။ နှစ်သစ်မှာအချစ်သစ်နဲ့ တွေ့ပါစေတဲ့။ ဆုတောင်းပေးတာက အလန်းစားခင်ဗျ။ ပေးတဲ့ ဆုနဲ့ ပြည့်ပါစေလို့ ကိုယ်တွေကလည်း ပြန်ပြောချင်စရာ။ ဒါပေတဲ့ အနှာမျိုး ဆုတောင်းပေးတာက တစ်ယောက်တည်း မဟုတ်ဘူးဗျ။ နောက်တစ်ယောက်လာလည်း ပရိသတ်ကြီးနှစ်သစ်မှာ အချစ်သစ်နဲ့တွေ့ပါစေ။ နောက်တစ်ယောက်လာလည်း နှစ်သစ် မှာ အချစ်သစ်နဲ့ တွေ့ပါစေတဲ့။
ကျုပ်လည်း နားထောင်နေ တာ။ အစကတော့ ဟုတ်သလို လို။ ဒါပေတဲ့ နှစ်ယောက်၊ သုံး ယောက်က ဒီဆုတောင်းပဲ ထပ် ကျော့နေတော့ သိပ်မဟုတ်ချင် တော့ဘူးဗျာ။ ဘယ့်နှယ်ကွယ်ရို့ ရဲ့။ နှစ်တစ်နှစ်ပြောင်းတာနဲ့ အ ချစ်ဟောင်းကို ဂျောင်းပေရော့လဟယ် လုပ်ရမလိုဖြစ်နေပြီ။ နှစ်သစ်ရောက်ရင်ကိုပဲ လက်ရှိကိုယ်တွဲနေတဲ့ အချစ်ဟောင်းကြီးကို အမှိုက်ပုံထဲထားခဲ့ရတော့ မလိုလိုပဲ။ နှစ်သစ်မှာ အချစ်သစ်နဲ့ တွေ့ပါစေတဲ့လေ။ ဘာပဲဖြစ်ဖြစ် လူငယ်တွေကတော့ အဲသလို ဆုတောင်းမျိုးကိုပိုပြီး သဘောကျပုံရသဗျ။သူ့ခေတ်နဲ့ သူကိုး။ သူရို့နဲ့ယှဉ်တော့ ဟောဒီဘစီတို့က နှစ်တွေပြောင်းပေတဲ့ အချစ်ဟောင်းကိုပဲ ဖက်တွယ်နေဆဲ ဘီးကျဲ(ဘဲကြီး)တွေ ဖြစ်မှန်းမသိ ဖြစ်နေတာပေါ့လေ။ အင်း ..တချို့အရာတွေက ဟောင်းလေးကောင်းလေ ဆိုတာခေတ်လူငယ်တွေ ဘယ်သိနိုင်ပါဦးမလဲ။ ဟဲ . ဟဲ။
ထားပါလေ။ ဆက်၍ဆက် ကာ ပြောချင်တာက အခုနှစ်သစ် မှာ ကျုပ်တို့ ပြည်သူတွေကို နှစ် သစ်ဆုမွန်ကောင်းတောင်းပေး သူများထဲမှာ အစိုးရလူကြီးမင်း တွေ၊ နိုင်ငံရေးသမားတွေတောင် မှ ပါသဗျ။ ပိုပြီးထူးခြားတာက အနှီလူကြီးမင်းများရဲ့ ဆုတောင်း စကားတွေကို နိုင်ငံပိုင်သတင်း စာတွေမှာ နေရာပေးဖော်ပြလာ တာပါပဲဗျာ။ သမ္မတတို့၊ ဒုသမ္မတ တို့ ဆုတောင်းတွေကတော့ ရှိပါ စေတော့။ ဒီ့အရင်နှစ်တွေကလည်း ဆုတောင်းလာတာပဲ။ သူတို့က အစိုးရကိုး။ ဒါပေတဲ့ ဒီနှစ်ထဲကျ တော့ မကြာခင်က ရွေးကောက်ပွဲ အနိုင်ရအမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နှစ်သစ်ကူးဆုတောင်း လိုဟာမျိုးတွေ ပါလာတယ်။ ရုပ် မြင်သံကြားကလည်း လွှင့်သွား တယ်ပြောတယ်။ ဘစီက ဟိုကလေးမလေးတွေ ငမ်းနေလို့မကြည့်လိုက်မိဘူး။
မနက်မိုးလင်း သတင်းစာ လာမှ ကြည့်လိုက်တော့ ခုနင်က ပြောခဲ့သလို ထူးခြားတာတွေ တွေ့ရတယ်။ နိုင်ငံရေးပါတီက ခေါင်းဆောင်တွေ၊ လွှတ်တော်ဥက္ကဋ္ဌတွေ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ သမ္မတများ၊ တခြား အဖွဲ့အစည်းတချို့က လူများရဲ့ နှစ်သစ်ဆုတောင်းတွေပေါ့ဗျာ။ အားလုံးရဲ့ ဆုတောင်းစကားတွေကို ခြုံပြီးသကာလ ကြည့်လိုက်မယ်ဆိုရင်တော့ကာ လာမယ့် ၂၀၁၆ ဟာကောင်းမွန်တဲ့ နှစ်ဖြစ်ပါစေ။ နိုင်ငံရေး၊ စီးပွားရေး အခွင့်အလမ်းတွေ ပိုကောင်းပါစေ။ နောက်ပြီး ဗြဟ္မာဦးခေါင်းလို အကိုင်ရ၊ အတွယ်ရခက်တဲ့ ဒီမိုကရေစီ အသွင်ကူပြောင်းရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေး အမြန်ဆုံး ရရှိခံစားနိုင်ကြပါစေဖို့ပေါ့လဗျာ။
တပ်မတော် ကာကွယ်ရးဦး စီးချုပ်ရဲ့ ဆုတောင်းမှာဆိုရင် လည်း ၂၀၁၆ ဟာ ဒီမိုကရေစီ စနစ်ခိုင်မာရေးနဲ့ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေးအတွက် အစွမ်းကုန် လုပ်ရမယ့်နှစ်တဲ့။ တပ်မတော် အနေနဲ့ကလည်း ဖွဲ့စည်းပုံအခြေ ခံဥပဒေက ပေးထားတဲ့ တာဝန် ၀တ္တရားများနဲ့အညီ လာမယ့် အစိုးရတို့၊ ပြည်သူတို့နဲ့ လက်တွဲ ပြီး အမျိုးသားရေးတာဝန်တွေကို အစဉ်အလာနဲ့အညီ ထမ်းရွက် သွားပါမယ်တဲ့ခင်ဗျ။
ဒေါ်အောင်ဆန်းစုကြည်က တော့ နိုင်ငံမှာငြိမ်းချမ်းရေး၊ ညီ ညွတ်ရေး၊ ဖွံ့ဖြိုးရေးတွေ လိုအပ် တယ်တဲ့။ အနှီလိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့အတွက် နိုင်ငံသား တစ်ဦးချင်းစီမှာ လုပ်ပိုင်ခွင့်ရှိသ လို လုပ်နိုင်တဲ့စွမ်းအားတွေလည်းရှိတယ်တဲ့။ သဟာကြောင့် လာမယ့်နှစ်သစ်မှာ နိုင်ငံအတွက် နိုင်ငံသားတိုင်းက ကိုယ့်စည်း၊ ကိုယ့်တာကျရာအခန်းကနေ ပါဝင်ဖို့၊ တာဝန်ကျေဖို့ လုပ်ကြ စို့တဲ့။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စကားလေးကကောင်းဗျာ။ ဒါပေါ့။ခေါင်းဆောင်ဆိုတာ ငါမကယ် ကျန်တဲ့သူတွေ သေဖွယ်ရာပဲလို့ တွေးပြီးစိတ်ကြီးဝင်နေဖို့မှ မဟုတ်တာ။ကိုယ်ဦးဆောင်နေတဲ့ လူအများက သူတို့ဘ၀၊ သူတို့ပတ်ဝန်းကျင်ကောင်းဖို့ သူတို့မှာလုပ်နိုင်တဲ့ အစွမ်းရှိတယ်ဆိုတာ မြင်အောင်ပြ၊ လုပ်အောင် နှိုးဆွပေးဖို့မဟုတ်လား။
နှစ်သစ်မှာ ပြည်သူတွေ ဘာ တွေဖြစ်ပါစေ ထိုင်ပြီးဆုတောင်း ပေးလို့လည်း ဖြစ်လာမှာ မဟုတ် တာပဲဟာ။ ဖြစ်ချင်တာကို ဆု တောင်းရုံနဲ့သာ ရမယ်ဆိုရင် ဘစီ တို့ ရွှေပြည်ကြီးဟာ ဒီမိုကရေစီ နိုင်ငံဖြစ်နေတာကြာပြီ။ ငြိမ်းချမ်း ရေးရနေတာ ကြာပြီ။ တိုင်းရင်း သားတွေ တန်းတူအခွင့်အရေး ရနေတာကြာပြီ။ ရွှေ့ပြောင်းလုပ် သားတွေ အိမ်ပြန်ရောက်နေတာ ကြာပြီ။ ဆုတောင်းလို့ဘာမှ ဖြစ် မလာဘူး။ ကိုယ်တိုင်လုပ်မှ။
ဒါကြောင့် အခုလို နှစ်အကူး အပြောင်းမှာ ဆုတောင်းနေမယ့် အစား ဘစီတို့ကိုယ့်အလုပ် ကိုယ် လုပ်ကြပါစို့ဗျား။ သမ္မတက သမ္မတအလုပ်လုပ်၊ အစိုးရက အစိုးရအလုပ်လုပ်၊ လွှတ်တော် အမတ်တွေက လွှတ်တော်အမတ် အလုပ်ကိုလုပ်၊ နိုင်ငံရေးသမား က နိုင်ငံရေးအလုပ်လုပ်။ သတင်း စာဆရာက သတင်းစာအလုပ် လုပ်၊ အနုပညာသမားက အနု ပညာအလုပ်လုပ်။ တခြားသော ပြည်သူပြည်သား လူအများက လည်းပဲ ကိုယ့်ဆိုင်ရာနယ်ပယ်မှာ ကိုယ့်နဲ့ဆိုင်ရာ အလုပ်ကိုပဲ လုပ်။ ကျန်သေးတယ်။ တပ်မတော် အဲ ..တပ်မတော်ကလည်း အဲ .. တပ် မတော်ကလည်း တပ်မတော် အ လုပ်ကိုလုပ်။
နှစ်ပြောင်းမှာ ခေတ်ကောင်း လာတာကို မြင်ချင်တယ်ဆိုရင် လည်း ဆုတောင်းမနေနဲ့။ ဘစီ တို့ ကိုယ့်နေရာ ကိုယ်နေ၊ ကိုယ့် အလုပ် ကိုယ်လုပ်ကြဖို့သာ ရှိတာ ပဲခင်ဗျာ။ ကိုယ့်အလုပ်မဟုတ်တဲ့ နေရာမှာ ဟိုရှုပ်ဒီရှုပ် လုပ်ချင်ရင် တော့ ခေတ်ဟောင်း သံသရာ ထဲက ဘယ်မှာထွက်နိုင်ပါတော့ မလဲဗျာတို့ရာ။ တော်သေးပြီ။ ။
http://www.7daydaily.com/
Post a Comment