0

Published on: July 9, 2014
Written by: 
ဖြိုးဝေ

စပယ်တောင် ကြေးစင်တောင်စီမံကိန်းမှ ကြေးနီသတ္တု ကုန်လုနီးပါး ထုတ်ယူထားသဖြင့် စပယ်ချိုင့်ဝှမ်းဖြစ်နေသော စပယ်တောင်အပါအဝင် သတ္တုတူးဖော်ထားပြီးဖြစ်သည့် ချိုင့်ဝှမ်းသုံးခုအား ရေပုပ်အိုင်များ ဖြစ်ပေါ်လာပြီး မြန်မာပြည်သူများအား ထိခိုက်မှု မဖြစ်ပေါ်စေရန် စတင်တူးဖော်မှု ပြုလုပ်နေပြီဖြစ်သည့် ကြေးစင်တောင်မှ ထွက်ရှိသည့် စွန့်ပစ်မြေစာများဖြင့် ပြန်လည်မြေဖို့ရန် Conceptual Design ကို ရေးဆွဲထားပြီးဖြစ်ကြောင်း သတ္တုတွင်းဝန်ကြီးဌာနမှ သတင်းရရှိသည်။

ကြေးနီမိုင်း တူးဖော်ခြင်းကြောင့် ကျင်းချိုင့်ရေအိုင်များသည် ပတ်ဝန်းကျင်အတွက် ကြီးမားသည့်ဆိုးကျိုးများကို ဖြစ်ပေါ်လာစေပြီး ကျင်းချိုင့်ရေပုပ်အိုင်တွင် ရေတွင်ပျော်ဝင်နေသော အောက်ဆီဂျင်များအဖြစ် သတ္တုရိုင်းများနှင့် ကျင်းချိုင့်များ ကျောက်သားနံရံမှ ပါးရိုက်နှင့် ဆာလ်ဖိုက်သည် သတ္တုအား ဆွေးမြည့်စေကာ အက်စစ်များဖြစ်ပေါ်၍ ငရဲမီးပါသော ရေများအဖြစ်သို့ ရောက်ရှိစေနိုင်ကြောင်း၊ ကျောက်သားများမှလည်း ငရဲမီးပါသည့် အန္တရာယ်ရှိ ဓာတုပစ္စည်းများဖြစ်သည့် အာဆင်းနစ်၊ ကဒ်မီယံ၊ သွပ်နှင့် ဆာလ်ဖျူရစ်အက်စစ် အများအပြား ပါဝင်နေသည်ကို တွေ့ရှိရပါကြောင်းနှင့် ရေပုပ်အိုင်များသည် ပတ်ဝန်းကျင်ရှိ အပင်နှင့် သတ္တဝါများကို အန္တရာယ်ဖြစ်ပေါ်စေနိုင်သည့်အပြင် ချင်းတွင်းမြစ်နှင့် ဧရာဝတီမြစ်သို့ အက်စစ်များစီးဝင်၍ အပင်နှင့် လူ၊ သတ္တဝါများအား အန္တရာယ်ပြုလာမည်ဖြစ်ကြောင်း ရွှေပြည်သာ မဲဆန္ဒနယ်မှ ဦးတင်မောင်ဦးက ဇူလိုင် ၇ ရက်က ကျင်းပသည့် ပြည်သူ့လွှတ်တော်တွင် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

လက်ရှိတွင် တူးဖော်မှုများ ပြုလုပ်နေပြီဖြစ်သည့် ကြေးစင်တောင်စီမံကိန်းမှ ကြေးစင်သတ္တုထုတ်ယူရန် အပေါ်ယံမြေသားထုအထူ မီတာ ၁၃ဝ ခန့်ကို ဖယ်ရှားရမည်ဖြစ်ပြီး ကြေးနီသတ္တုကုန်လုနီးပါး ထုတ်ယူထားသဖြင့် စပယ်ချိုင့်ဝှမ်းဖြစ်နေသော စပယ်တောင်အပါအဝင် သတ္တုတူးဖော်ထားပြီးဖြစ်သည့် ချိုင့်ဝှမ်းသုံးခုအား ရေပုပ်အိုင်များ ဖြစ်ပေါ်မလာစေရန် မြေပြန်ဖို့မည့် အစီအစဉ်ကို Conceptual Design ကို ၂ဝ၁၂ ခုနှစ် အောက်တိုဘာလတွင် ရေးဆွဲခဲ့ပြီး Preliminary Pit Closure Plan ကို ၂ဝ၁၄ ခုနှစ် ဧပြီလတွင် Knight Pie'Sold Consulting အဖွဲ့မှ ပြုစုရေးဆွဲ၍ ဝန်ကြီးဌာနသို့ တင်ပြထားပြီး အတည်ပြုချက် ရရှိပါက ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတ္တု တွင်းဝန်ကြီးဌာန ဒုဝန်ကြီး ဦးသန်းထွန်းအောင်က ဇူလိုင် ၇ ရက်က ပြည်သူ့လွှတ်တော်၌ ပြောကြားသည်။

“စပယ်ချိုင့်ဝှမ်း အပါအဝင် ကြေးနီထုတ်ပြီးလို့ ဖြစ်လာတဲ့ ချိုင့်ဝှမ်းတွေကို ပြန်လည်မြေဖြည့်တင်းပြီး အပေါ်ကနေ သစ်ပင်တွေစိုက်လို့ ရအောင်အထိ ပြန်လည်ပြုပြင်ပေးမှာပါ” စပယ်တောင်ကြေးစင်တောင် စီမံကိန်းမှ တာဝန်ရှိသူက ဆိုသည်။

စပယ်တောင်အား တူးဖော်ထားသည့် မြေသားထုမှာ အနက်မီတာ ၂ဝဝ ခန့်ရှိနေပြီး ကြေးစင်တောင်မှ ရရှိမည့် မြေသားထုမှာ မီတာ ၁၃ဝ ခန့်သာ ရှိနေသဖြင့် ကြေးစင်တောင်မှ စွန့်ပစ်မြေသားထုမှာ စပယ်ချိုင့်ဝှမ်းဖြစ်နေသော စပယ်တောင်အပါအဝင် သတ္တုတူးဖော်ထားပြီးဖြစ်သည့် ချိုင့်ဝှမ်းသုံးခုအတွက် မြေပြန်လည်ဖို့နိုင်ရန် လုံလောက်သည့် ပမာဏတွင် ရှိမနေကြောင်း သိရသည်။

စပယ်တောင်ကြေးစင်တောင် စီမံကိန်းအား စတင်ထုတ်လုပ်မှုများ ပြုလုပ်နိုင်ရန် ၂ဝ၁ဝ ခုနှစ် မတ် ၅ ရက်မှ ၂ဝ၃၈ ခုနှစ် မတ် ၃ ရက်အထိ ၂၈ နှစ်ကြာ တူးဖော်ထုတ်လုပ်ခွင့် ပြုထားပြီးဖြစ်ကြောင်း သတင်းရရှိသည်။

လက်ပံတောင်းတောင် စီမံကိန်းကဲ့သို့ စာချုပ်ပြင်ဆင် ချုပ်ဆိုနိုင်ခြင်း မရှိခဲ့သဖြင့် နိုင်ငံတော်အတွက် အကျိုးအမြတ်လွန်စွာ နည်းပါးနေသော စပယ်တောင်ကြေးစင်တောင် စီမံကိန်းမှ တစ်တန်လျှင် ဒေါ်လာ ၇ဝဝဝ ခန့်တန်ဖိုးရှိသည့် ကြေးစင်သတ္တုများအား လစဉ်တန်ချိန် ၄ဝဝဝဝ ထုတ်ယူနေကြောင်း သိရသည်။

ACM Credit To: Eleven Media Group
http://www.ayechanmon-news1.com/

Post a Comment

 
Top