0

Published on: July 9, 2014
Written by: ရန်မျိုးအောင်၊ ရှိုင်းလင်းအောင်

ထိုင်းနိုင်ငံမှ မူးယစ်ဆေးစွဲ ကုသရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို နှစ်နိုင်ကြား လုပ်ဆောင်နိုင်ရန် ဇူလိုင် ၈ ရက်၊ နံနက် ၁၀ နာရီခွဲ၌ ရန်ကုန်မြို့ ကျွန်းတောလမ်းရှိ မူးယစ်ဆေးဝါးပပျောက်ရေး အထိမ်းအမှတ် ပြတိုက်တွင် လာရောက်ဆွေးနွေးခဲ့သည်။

ထိုင်းနိုင်ငံ ပြည်သူ့ကျန်းမာရေး ၀န်ကြီးဌာန၊ ကျန်းမာရေးဝန်ဆောင်မှု လုပ်ငန်းဌာနမှ ညွှန်ကြားရေးမှူး Dr.Viroj ဦးဆောင်ပြီး မြန်မာနိုင်ငံမှ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ဌာနမှူး (အုပ်ချုပ်) ရဲမှူးကြီးတင်အောင်က ထိုင်းနိုင်ငံ မူးယစ်ဆေးဝါး ထိန်းချုပ်ရေး အခြေအနေများနှင့် နှစ်နိုင်ငံ သတင်းအချက်အလက် ဆွေးနွေးဖလှယ်ခြင်းများကို ပြုလုပ်ခဲ့ကြောင်း သိရသည်။

“မြန်မာနိုင်ငံရဲ့ လက်ရှိမူးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့ အခြေအနေကို ထိုင်းက လာရောက်လေ့လာတာပါ။ မူးယစ်ဆေးစွဲတဲ့အပိုင်းနဲ့ ကုသမှုအပိုင်းတွေကို အဓိကထားပြီး အပြန်အလှန် ဆွေးနွေးခဲ့ပါတယ်” ဟု ရဲမှူးကြီးတင်အောင်က ပြောကြားသည်။

မြန်မာနိုင်ငံ၌ မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ အဓိက ကြုံတွေ့နေရသည့် ဘိန်းစိုက်ပျိုးမှုနှင့် မြို့ကြီးများတွင် စိတ်ကြွဆေးပြား အများဆုံး သုံးစွဲနေမှု ပြဿနာများအတွက် တားဆီးနှိမ်နင်းနိုင်ရန် စီမံကိန်းများ တိုးမြှင့်လုပ်ဆောင်နေကြောင်း၊ မူးယစ်ဆေးဝါးနှင့် ပတ်သက်သည့် သတင်းအချက်အလက်များကိုလည်း ပြည်သူများဆီမှ ပိုမိုရရှိရန် လိုအပ်ကြောင်း အဆိုပါဆွေးနွေးပွဲ၌ ရဲမှူးကြီးတင်အောင်က သတင်းမီဒီယာများကို ပြောကြားသည်။

ထိုင်းနိုင်ငံ ကိုယ်စားလှယ်အဖွဲ့များမှ ဆွေးနွေးပွဲအပြီး၌ ဆက်လက်၍ ရန်ကုန်မြို့ရှိ မူးယစ်ဆေးစွဲ ကုသရေးလုပ်ငန်းများကို သွားရောက်လေ့လာသွားမည်ဖြစ်ပြီး နှစ်နိုင်ငံကြားရှိ မူးယစ်ဆေးစွဲသူများအတွက် ဆေးဝါးကုသမှု အပိုင်းများကိုလည်း ဆွေးနွေးမှုများ ထပ်မံပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

“ရွှေပြည်အေးနဲ့ ရွှေပြည်သစ်က ဆေးကုသမှု ရပ်နားထားတယ်။ မူးယစ်ဗဟိုလက်အောက်က ရွှေပြည်သာမှာတော့ လူငယ်တွေ ဆေးလာဖြတ်တာ အခုနှစ် ဇွန်လထိ ၃၃ ယောက်ရှိပါပြီ။ ဆေးစွဲတာကို ပြတ်ဖို့ ရှစ်လကြာအောင် အဆင့်ဆင့်စခန်းသွင်းပြီး ကုသပေးနေပါတယ်” ဟု ပြည်မြို့နယ် ၀က်ထီးကန်ရှိ ရွှေပြည်သာ လူငယ်ပြုစုပျိုးထောင်ရေးစခန်းမှ တာဝန်ခံ ရဲမှူးမြဆွေက The Daily Eleven သို့ ပြောကြားသည်။

မူးယစ်ဆေးစွဲကုသခြင်းနှင့် ပြန်လည်ထူထောင်ခြင်းများအတွက် ထိုင်းနိုင်ငံနှင့် ဆွေးနွေးနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-ရန်မျိုးအောင်)

ACM Credit To:Eleven Media Group
http://www.ayechanmon-news1.com/
Photo: မူးယစ်ဆေးစွဲ ကုသခြင်းနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ထိုင်းနိုင်ငံမှ နှစ်နိုင်ငံကြား လာရောက်ဆွေးနွေး

Post a Comment

Top