တရားမမှုဖြင့်တရားစွဲဆိုခံထားရသည့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင်
ဝန်ကြီးတစ်ဦး အား ရခိုင်ပြည်နယ် တရားလွှတ်တော်က ဆင့်ခေါ်ထားကြောင်း သတင်း ရရှိသည်။

အဆိုပါ တရားစွဲဆိုခံရသော ပြည်နယ်ဝန်ကြီးမှာ စည်ပင်ဝန်ကြီး ဦးမင်းအောင်ဖြစ်ပြီး စစ်တွေမြို့မ စည်ပင်ယာယာ ဈေးကြီးကိစ္စနှင့်
ပတ်သက်၍မြေယာလျော်ကြေးငွေရလိုမှု ( သို့မဟုတ် ) ပိုင်ဆိုင်မြေ ပြန်ရလိုမှုဖြင့်တရားမကျင့်ထုံး ဥပဒေပုဒ်မ ( ၈၀ )အရ
ပြည်သူတစ်ဦးဖြစ်သူ ဒေါ်ခင်စိန်ကတရားလိုလုပ်ကာ
တရားစွဲဆိုခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းသို့ ၀န်ကြီးတစ်ဦးတရားစွဲဆိုခံရခြင်းသည် ရခိုင်ပြည်နယ်တွင် ပထမဆုံးအကြိမ်ဖြစ်ပြီး တရားစွဲဆိုခြင်းနှင့်ပတ်သက်၍အမှုအား ရခိုင်ပြည်နယ်တရားလွှတ်တော်တွင် ဒီဇင်ဘာလ ၁၆ ရက်နေ့ နံနက်
၁၀ နာရီအချိန်တွင် နှစ်ဘက် ကြားနာစစ်ဆေးသွားမည် ဖြစ်သည်ဟု ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်ဥပဒေချုပ်ဦးကျော်လှထွန်းက
ပြောသည်။

ဦးကျော်လှထွန်းက “ န၀တလက်ထက်က စစ်တွေဈေးကြီး ဆောက်ဖို့အတွက် သူတို့ရဲ့ဘိုးဘွားပိုင် မြေတွေကို ဖယ်ပေးလိုက်ရတယ်ပေါ့ ။
လျော်ကြေးလည်းမရဘူး။မြေသိမ်းဆည်းခြင်းလည်း
မရှိဘဲနဲ့ သူတို့ဆီက မြေတွေကို ယူသွားကြတယ်ပေါ့။
အဲဒါနဲ့ သူတို့နစ်နာတယ်ဆိုပြီး တရားမမှုနဲ့ တရားစွဲတာ။ ကျွန်တော်ဆီကို
ရောက်တဲ့ စာမှာတော့ အဲဒီလိုပါတယ် ။ စည်ပင်ဝန်ကြီးကို စွဲတယ်ဆိုတာကလည်းလူပုဂ္ဂိုလ်ကို စွဲတာမျိုးမဟုတ်ဘူး။
သက်ဆိုင်တဲ့ ၀န်ကြီး ဌာနကိုစွဲတဲ့သဘောမျိုးပါ ” ဟုပြောသည်။

ပြည်သူတစ်ဦးဖြစ်သူ ဒေါ်ခင်စိန်မှယင်းသို့တရားစွဲဆိုရသည့်အကြောင်း
အရင်းသည်လွန်ခဲ့သော နှစ် ၂၀ ခန့် နဝတခေတ်ကာလက စစ်တွေစည်ပင်သာယာဈေးကြီးအား အသစ်ပြန်လည်တည် ဆောက်ခဲ့ရာ
တွင် ၄င်းတို့၏ဘိုးဘွားပိုင်အိမ်ယာမြေများကို မြေယာလျှော်ကြေး တစ်စုံတရာ ပေးဆောင်ခဲ့ခြင်း မရှိဘဲ သိမ်းယူ ခဲ့သည့်အတွက် နစ်နာသူ တဦးအနေဖြင့်တရားမမှုဖြင့် တရားစွဲဆိုခြင်းဖြစ်ကြောင်း သိရသည်။

မြတ်ထွန်းဇံ
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.