0

ပေကျင်း-နေပြည်တော်ဆက်ဆံရေးဟာ ပေါက်ဖော်ဆက်ဆံရေး၊ မဟာဗျူဟာမဟာမိတ်ဆက်ဆံရေးလို့ပြောသံဆိုသံတွေကြားနေရပေမယ့်၊ တကယ် ရော မဟာဗျူဟာမြောက်ရဲ့လားလို့ မေးခွန်းထုတ်ရမှာဖြစ်ပါတယ်။ အပြန်အလှန်သဘော၊ အသွားအပြန်သဘောဆောင်တဲ့နေရာတွေမှာ အားနည်း ချိနဲ့နေသလားဆိုတာကလဲ စိတ်ဝင်စားစရာဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ တရုတ်နိုင်ငံနဲ့ဆက်ဆံရေးကို အတော်အလေးထားရပေမယ့်၊ တရုတ် နိုင်ငံဖက်က မြန်မာနိုင်ငံနဲ့ဆက်ဆံရေးကို သာမန်ဆက်ဆံရေးပုံစံခွက်ထဲမှာ ထည့်ထားတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ နေပြည်တော်အနေနဲ့ ပေကျင်းနဲ့ဆက်ဆံရေးမှာ ပေကျင်းဖက်က ပိုအလေးထားလာအောင် ဘယ်လိုစီမံ၊ ထိန်းကျောင်းမယ်ဆိုတာကို စဉ်းစားဖော်ဆောင်နိုင်ရင်လဲ အကျိုးပြုနိုင်တယ်လို့သုံးသပ်မိပါတယ်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့သမ္မတဟာ ဘာဖြစ်လို့ မြန်မာနိုင်ငံကို တရားဝင်အလည်အပတ်လာရောက်ဖို့ တွန့်ဆုတ်နေကြတာလဲလို့ မေးခွန်းထုတ်သံတွေကြားနေရပါတယ်။ ပေကျင်း-နေပြည်တော်ဆက်ဆံရေးဟာ ပေါက်ဖော်ဆက်ဆံရေး၊ မဟာဗျူဟာမဟာမိတ်ဆက်ဆံရေး၊ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကြီးငါးရပ်စတာတွေအပေါ်မှာ အခြေတည်နေပေမယ့်၊ တရုတ်နိုင်ငံသမ္မတဟာ လွန်ခဲ့တဲ့ ၁၆ နှစ်လုံးလုံး မြန်မာနိုင်ငံကို အလည်အပတ်မလာတာကြည့်ရင် နှစ်နိုင်ငံဆက်ဆံရေးဟာ အားကောင်းမောင်းသန်တယ်လို့ သုံးသပ်ဖို့ ခက်ခဲမှာဖြစ်ပါတယ်။ ၂၀ဝ၀ ပြည့်နှစ်နောက်ပိုင်းကစလို့ မြန်မာအစိုးရအဆက်ဆက်ဟာ နိုင်ငံတကာသံခင်းတမန်ခင်းမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံကို သိသိသာသာ အားကိုးအားထားပြုလာရပါတယ်။ ကုလသမဂ္ဂအပါအဝင်နိုင်ငံတကာမျက်နှာစာမှာ မြန်မာနိုင်ငံဟာ ဒဏ်ခတ်ပိတ်ဆို့မယ့်အလားအလာတွေ၊ ဖိအားပေးမယ့်အရိပ်အယောင်တွေနဲ့ဆက်စပ်ကာ တရုတ်နိုင်ငံကို အားကိုးအားထားလုပ်ကာ၊ ရင်ဆိုင်အံတုနေရတာဟာ ဒီနေ့ဒီအချိန်ထိကိုဖြစ်ပါ တယ်။ အဲဒါကြောင့် တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံအပေါ် နိုင်ငံရေးအရဩဇာလွှမ်းသထက်လွှမ်းလာတယ်လို့ဆိုကြတာဖြစ်မယ်ထင်ပါတယ်။
တရုတ်နိုင်ငံက မြန်မာနိုင်ငံကို လိုအပ်နေတာထက်၊ မြန်မာနိုင်ငံက တရုတ်နိုင်ငံကို လိုအပ်နေတာကြောင့် မျက်နှာချိုသွေးနေရတဲ့သံခင်း တမန်ခင်းလားလို့လဲမေးခွန်းထုတ်ကြပါတယ်။ ပေကျင်းနဲ့နေပြည်တော်ဆက်ဆံရေးကိုကြည့်ရင် တန်းတူရည်တူသဘောကင်းလွတ်နေတဲ့အနေအထား တွေကိုလည်း မြင်နေ၊ တွေ့နေရပါတယ်။ နှစ်နိုင်ငံသံခင်းတမန်ခင်းဟာ အသွားအပြန်သဘောနည်းကာ၊ တစ်လမ်းမောင်းသဘောကဲနေတယ်လို့လဲ သုံးသပ်ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ မြန်မာနိုင်ငံက သမ္မတတွေနဲ့အတိုင်ပင်ခံပုဂ္ဂိုလ်တို့ဟာ တရုတ်ပြည်သူ့သမ္မတနိုင်ငံဆီ စဉ်ဆက်မပြတ် ချစ်ကြည်ရေးခရီးတွေ ပုံမှန်သွားရောက်လေ့ရှိပေမယ့်၊ ၂၀၁၁ ခုနှစ်နောက်ပိုင်း အစိုးရသစ်တွေလက်ထက်မှာတောင် တရုတ်နိုင်ငံသမ္မတဟာ မြန်မာနိုင်ငံကို တရားဝင်ချစ်ကြည်ရေးခရီးလာရောက်ဖို့ ရုပ်လုံးမပေါ်ဘဲဖြစ်နေတာပါ။
အမေရိကန်သမ္မတဟောင်းဘားရက်အိုဘားမား အပါအဝင် အနောက်နိုင်ငံတွေက သမ္မတတွေ၊ ဝန်ကြီးချုပ်တွေဟာ မြန်မာနိုင်ငံကို အကြိမ်ကြိမ်အလည်အပတ်လာရောက်ကြပေမယ့်၊ တရုတ်သမ္မတရှီကျင့်ဖျင်ကတော့ ဒီနေ့ထက်တိုင် ပေါက်ဖော်ဆက်ဆံရေးဆိုတဲ့အထိုင်ပေါ်မှာ ရှိနေတဲ့ အိမ်နီးချင်းမြန်မာနိုင်ငံကို ချစ်ကြည်ရေးအလည်အပတ်မလာရောက်သေးတာပဲဖြစ်ပါတယ်။ အဲဒီဟာကွက်ကိုကြည့်ရင် ပေကျင်း-နေပြည် တော်ဆက်ဆံရေးဟာ ပေါက်ဖော်ဆက်ဆံရေး၊ မဟာဗျူဟာမဟာမိတ်ဆက်ဆံရေးလို့ ကင်ပွန်းတပ်ဖို့ ကြောင်းကျိုးဆီလျော်ရဲ့လားလို့ စဉ်းစားစရာရှိ ပါတယ်။ မြန်မာနိုင်ငံဟာ တရုတ်နိုင်ငံရဲ့အိမ်နီးချင်းလဲဖြစ်၊ မိတ်ကောင်းဆွေကောင်းလဲဖြစ်တာမို့၊ ပေကျင်းအနေနဲ့ နေပြည်တော်နဲ့ဆက်ဆံရေးကို ပိုအလေးပေးမယ်ဆိုရင်ပေးဖို့ကောင်းတယ်လို့ထင်မြင်မိပါတယ်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံထူထောင်စကတည်းကနေတွက်ကြည့်ရင် မြန်မာနိုင်ငံကို တရုတ်သမ္မတနှစ်ဦးပဲ အလည်အပတ်လာရောက်ခဲ့ တာတွေ့ရပါတယ်။ သမ္မတလျူရှောက်ချီ နဲ့ သမ္မတကျန်ဇီမင်းတို့ပဲဖြစ်ပါတယ်။ သမ္မတလျူရှောက်ချီဟာ ၁၉၆၃ ခုနှစ် ဧပြီလ နှင့် ၁၉၆၆ ခုနှစ် ဧပြီလတွေမှာ နှစ်ကြိမ်တိုင် မြန်မာနိုင်ငံကို တရားဝင်အလည်အပတ်လာရောက်ခဲ့ပါတယ်။ တရုတ်သမ္မတကျန်ဇီမင်းဟာ ၂၀ဝ၁ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက် ကနေ ၁၆ ရက်အထိ မြန်မာနိုင်ငံကို ချစ်ကြည်ရေးခရီး လာရောက်ခဲ့ပါတယ်။ အဲဒီတော့ ကျန်ဇီမင်းဟာ မြန်မာနိုင်ငံဆီ အလည်အပတ် နောက်ဆုံးလာရောက်ခဲ့တဲ့ တရုတ်သမ္မတဖြစ်ပါတယ်။ ၁၉၆၆ ခုနှစ် ကနေ ၂၀ဝ၁ ခုနှစ်အထိ ၃၅ နှစ်တာကာလ နဲ့ ၂၀ဝ၁ ခုနှစ် ကနေ ၂၀၁၇ ခုနှစ်အထိ ၁၆ နှစ်တာကာလတွေမှာ တရုတ်သမ္မတဟာ မြန်မာနိုင်ငံကို အလည်အပတ်လာရောက်ခဲ့တာမရှိဘူးလို့ဆိုနိုင်ပါတယ်။
တရုတ်သမ္မတ နဲ့ ဒုတိယသမ္မတတွေကို ရွေးချယ်တာက အမျိုးသားပြည်သူ့ကွန်ဂရက်ကနေဖြစ်ပါတယ်။ အသက်(၄၅)နှစ်ပြည့်ပြီးတဲ့ နိုင်ငံသားတိုင်းဟာ သမ္မတ ဒါမှမဟုတ် ဒုတိယသမ္မတအဖြစ် ဝင်ရောက်ရွေးချယ်ခံနိုင်တယ်လို့ တရုတ်နိုင်ငံ၊ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြဋ္ဌာန်းထားပါ တယ်။ သမ္မတ နဲ့ ဒုတိယသမ္မတတွေရဲ့သက်တမ်းက အမျိုးသားပြည်သူ့ကွန်ဂရက်ရဲ့သက်တမ်းအတိုင်း ငါးနှစ် ဖြစ်ပြီး၊ သက်တမ်းနှစ်ကြိမ်သာတာဝန် ထမ်းဆောင်ခွင့်ရှိပါတယ်။ သမ္မတဟာ အမျိုးသားပြည်သူ့ကွန်ဂရက် နဲ့ ကွန်ဂရက်ရဲ့အမြဲတမ်းကော်မတီတို့ရဲ့ ဆုံးဖြတ်၊ သဘောတူညီမှုနဲ့အညီ ဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးချုပ်တွေ၊ နိုင်ငံတော်ကောင်စီဝင်တွေ၊ ဝန်ကြီးဌာနတွေနဲ့ကော်မရှင်တွေကိုတာဝန်ယူရတဲ့ဝန်ကြီးတွေ၊ စာရင်းစစ်ချုပ်နဲ့ နိုင်ငံတော်ကောင်စီရဲ့အတွင်းဝန်ချုပ်တွေကို ခန့်အပ်တာဝန်ပေးတာဖြစ်ပါတယ်။
တရုတ်အမျိုးသားပြည်သူ့ကွန်ဂရက်ဆိုတာ တကယ်တော့ ဥပဒေပြုလွှတ်တော်လိုဖြစ်ပါတယ်။ ၁၉၅၄ ခုနှစ် စက်တင်ဘာလ(၁၅)ရက် တုန်းက ပထမဆုံးအကြိမ်ကွန်ဂရက်အစည်းအဝေးကို တရုတ်နိုင်ငံ၊ ပေကျင်းမြို့တော်မှာ ကျင်းပခဲ့တာဖြစ်ပါတယ်။ အဲဒီကွန်ဂရက်မှာ လွှတ်တော် ကိုယ်စားလှယ် ၂၉၂၄ ဦးပါဝင်တာမို့၊ ကမ္ဘာပေါ်မှာအကြီးဆုံးလွှတ်တော်တစ်ခုလို့ဆိုကြပါတယ်။ ၂၀၁၃ ခုနှစ် မတ်လတုန်းက (၁၂)ကြိမ်မြောက် အမျိုးသားကွန်ဂရက်ကိုကျင်းပခဲ့ကာ၊ ၂၀၁၈ ခုနှစ် မတ်လမှာတော့ (၁၃)ကြိမ်မြောက်အမျိုးသားကွန်ဂရက်ကို ကျင်းပမှာဖြစ်ပါတယ်။ အဲဒီတရုတ် အမျိုးသားပြည်သူ့ကွန်ဂရက်မှာ သမ္မတ၊ ဒုတိယသမ္မတတွေ၊ ဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးချုပ်တွေ၊ ဝန်ကြီးတွေအပါအဝင် အစိုးရအဖွဲ့ဝင်သစ်တွေကို ပြန်လည်ရွေးချယ်ဖွဲ့စည်းမှာဖြစ်ပါတယ်။
တရုတ်သမ္မတရှီကျင့်ဖျင်ရဲ့ အရှေ့တောင်အာရှဒေသ အလည်အပတ်ခရီးတွေကို ပြန်ကြည့်မယ်ဆိုရင် ၂၀၁၃ ခုနှစ် နဲ့ ၂၀၁၅ ခုနှစ်မှာ အင်ဒိုနီးရှားနိုင်ငံ၊ ၂၀၁၅ ခုနှစ် နဲ့ ၂၀၁၇ ခုနှစ်မှာ ဗီယက်နမ်နိုင်ငံ၊ ၂၀၁၃ ခုနှစ်မှာ မလေးရှားနိုင်ငံ၊ ၂၀၁၅ ခုနှစ်မှာ စင်္ကာပူနိုင်ငံ နဲ့ ဖိလစ် ပိုင်နိုင်ငံ၊ ၂၀၁၆ ခုနှစ်မှာ ကမ္ဘောဒီးယားနိုင်ငံ နဲ့ ၂၀၁၇ ခုနှစ်မှာ လာအိုနိုင်ငံတွေကို အလည်အပတ်သွားရောက်ခဲ့ပါတယ်။ တရုတ်သမ္မတရှီကျင့် ဖျင်အနေနဲ့ မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံ နဲ့ ဘရူနိုင်းနိုင်ငံတွေကို လာရောက်လည်ပတ်တာမရှိသေးပါ။ ရှီကျင့်ဖျင်ဟာ ဒုတိယသမ္မတအနေနဲ့တော့ ၂၀ဝ၉ ခုနှစ်မှာ မြန်မာနိုင်ငံ၊ ၂၀၁၀ ပြည့်နှစ်မှာ လောနိုင်ငံ နဲ့ ၂၀၁၁ ခုနှစ်မှာ ထိုင်းနိုင်ငံတွေကို အလည်အပတ်လာရောက်ခဲ့ပါတယ်။ ပေကျင်းနဲ့ နေပြည်တော်အကြား မဟာဗျူဟာမဟာမိတ်ဆက်ဆံရေး၊ ပေါက်ဖော်ဆက်ဆံရေးတွေတံတားထိုးထားတယ်ဆိုပေမယ့် တရုတ်သမ္မတအလည်လာ ဖို့ တွန့်ဆုတ်နေတာကိုကြည့်ရင် ပေကျင်း-နေပြည်တော်ဆက်ဆံရေးဟာ ဆိုင်းဘုတ်တင်ထားသလောက် ခရီးမပေါက်သေးဘူးလို့ဆိုရမှာဖြစ်ပါတယ်။
ပေါက်ဖော်ဆက်ဆံရေး၊ မဟာဗျူဟာမဟာမိတ်ဆက်ဆံရေးလို့ ကျယ်ကျယ်လောင်လောင်အသံထွက်နေလင့်ကစား၊ ပေကျင်း-နေပြည် တော်ဆက်ဆံရေးဟာ နာမည်ကြီးထမင်းငတ်ဆိုတဲ့ကိန်းဆိုက်နေတယ်လို့ သုံးသပ်နိုင်ပါတယ်။ ပေကျင်း-နေပြည်တော်ဆက်ဆံရေးဟာ တရုတ်-ထိုင်းဆက်ဆံရေး၊ တရုတ်-ဘရူနိုင်းဆက်ဆံရေးတွေထက် ပိုမိုအရေးပါတဲ့အပြင်၊ ပိုမိုကျယ်ပြန့်တယ်ဆိုတာ ငြင်းမရတဲ့အချက်ဖြစ်ပါတယ်။ အဲဒီလို အရေးကြီးတဲ့နိုင်ငံတစ်နိုင်ငံကို တရုတ်သမ္မတအနေနဲ့ တရားဝင်အလည်အပတ်လာဖို့ တွန့်ဆုတ်နေရတဲ့အကြောင်းအရင်းတွေကို စနစ်တကျချဉ်းကပ်၊ ဆန်းစစ်နိုင်မယ်ဆိုတာ ပိုအကျိုးရှိမယ်လို့ထင်မြင်မိပါတယ်။
(၁၉)ကြိမ်မြောက်နိုင်ငံလုံးဆိုင်ရာတရုတ်ကွန်မြူနစ်ပါတီကွန်ဂရက်အပြီး၊ သမ္မတရှီကျင့်ဖျင်ဟာ ဗီယက်နမ်နိုင်ငံ နှင့် လာအိုနိုင်ငံတွေကို တရားဝင်ချစ်ကြည်ရေးအလည်အပတ်ခရီး သွားရောက်ခဲ့ပါတယ်။ အဲဒီခရီးစဉ်မတိုင်ခင်တုန်းက တရုတ်နိုင်ငံသမ္မတဟာ (၁၁)နှစ်တိုင်တိုင် လာအိုနိုင်ငံ ကို တရားဝင်အလည်အပတ်လာရောက်ခဲ့တာ မတွေ့ရပါဘူး။ တရုတ်နိုင်ငံ၊ ဗီယက်နမ်နိုင်ငံ နဲ့ လာအိုနိုင်ငံတွေဟာ တစ်ပါတီစနစ်ကျင့်သုံးနေတဲ့ ကွန်မြူနစ်နိုင်ငံတွေဆိုတော့ နိုင်ငံရေးအရ ရဲဘော်ရဲဘက်နိုင်ငံစာရင်းထဲ ဝင်နေတယ်လို့ဆိုရမှာဖြစ်ပါတယ်။
၂၀၁၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအလွန်၊ ၂၀၁၁ ခုနှစ် မတ်လ(၃၁)ရက်နောက်ပိုင်း တရုတ်-မြန်မာနှစ်နိုင်ငံ ဆက်ဆံရေးကိုကြည့်မယ်ဆိုရင် သမ္မတဟောင်းဦးသိန်းစိန်ဟာ ၂၀၁၁ ခုနှစ် ကနေ ၂၀၁၅ ခုနှစ်အတောအတွင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံကို ငါးကြိမ်ချစ်ကြည်ရေးခရီးသွားရောက်ခဲ့ပါတယ်။ ၂၀၁၆ ခုနှစ် မတ်လ(၃၁)ရက်နေ့ သမ္မတဦးထင်ကျော် နဲ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင် ဆန်းစုကြည်ခေါင်းဆောင်တဲ့အစိုးရအဖွဲ့သစ်ဖွဲ့ပြီးတဲ့နောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၁၆ ခုနှစ် ဩဂုတ်လ နဲ့ ၂၀၁၇ ခုနှစ် မေလတွေမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံဆီ နှစ်ကြိမ်သွားရောက်ခဲ့ကာ၊ ၂၀၁၇ ခုနှစ် နိုဝင်ဘာလ(၃၀)ရက်နေ့တွင် တတိယအကြိမ်မြောက် အလုပ်သဘောအ လည်အပတ်သွားရောက်မှာဖြစ်ပါတယ်။ သမ္မတဦးထင်ကျော်ကတော့ ၂၀၁၇ ခုနှစ် ဧပြီလတုန်းက တရုတ်ပြည်သူ့သမ္မတနိုင်ငံကို ချစ်ကြည်ရေး အလည်အပတ်ခရီးသွားရောက်ခဲ့ပါတယ်။
ပေကျင်း-နေပြည်တော်ဆက်ဆံရေးသမိုင်းကိုပြန်လှန်ကြည့်မယ်ဆိုရင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်ကြောင်း တရုတ်ကွန်မြူ နစ်ပါတီဥက္ကဋ္ဌမော်စီတုံးက တရားဝင်ထုတ်ပြန်ကြေညာပြီးတဲ့နောက် (၇၈)ရက်အကြာ ၁၉၄၉ ခုနှစ်၊ ဒီဇင်ဘာ(၁၈) ရက်မှာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံဟာ တရုတ်ပြည်သူ့သမ္မတနိုင်ငံကို အသိအမှတ်ပြုခဲ့တာမို့၊ ကွန်မြူနစ်မဟုတ်သောနိုင်ငံတွေထဲမှာ တရုတ်နိုင်ငံကို ပထမဆုံးအသိအမှတ်ပြု တဲ့နိုင်ငံအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ပေကျင်း နဲ့ ရန်ကုန်အကြား သံတမန်ဆက်သွယ်မှုကို ၁၉၅၀ ပြည့်နှစ် ဇွန်လ ၈ ရက်နေ့မှာ စတင်ထူ ထောင်ခဲ့ကာ မြန်မာနိုင်ငံဟာ ၁၆ နိုင်ငံမြောက် တရုတ်နိုင်ငံနဲ့သံတမန်အဆက်အသွယ်ထူထောင်ခဲ့တဲ့နိုင်ငံလဲဖြစ်ပါတယ်။ နောက် မြန်မာနိုင်ငံဟာ တရုတ်ပြည်သူ့သမ္မတနိုင်ငံကို ကုလသမဂ္ဂအဖွဲ့ဝင်အဖြစ်ရော၊ လုံခြုံရေးကောင်စီအမြဲတမ်းအဖွဲ့ဝင်အဖြစ်ရော ပြန်လက်ခံဖို့ စဉ်ဆက်မပြတ်တိုက်တွန်း၊ လော်ဘီလုပ်ခဲ့တဲ့နိုင်ငံတစ်နိုင်ငံလဲဖြစ်ပါတယ်။
အချုပ်အနေနဲ့ပြောရရင် ပေကျင်းနဲ့နေပြည်တော်သံတမန်ဆက်ဆံရေးဟာ တကယ်ပဲ အားကောင်းမောင်းသန်သလားဆိုတာကို ဆန်းစစ် တဲ့နေရာမှာ တရုတ်သမ္မတရဲ့မြန်မာနိုင်ငံခရီးစဉ်ဟာ အရေးကြီးတဲ့အညွှန်းကိန်းတစ်ခုလို့ဆိုရမှာဖြစ်ပါတယ်။ တရုတ်သမ္မတဟာ မြန်မာနိုင်ငံကို ချစ်ကြည်ရေးအလည်အပတ်ခရီးမလာသေးသရွေ့တော့ မြန်မာဖက်က မဟာဗျူဟာမဟာမိတ်ဆက်ဆံရေး၊ ပေါက်ဖော်ဆက်ဆံရေးတွေကို အား ကောင်းမောင်းသန်ထူထောင်နေပေမယ့်၊ တရုတ်နိုင်ငံဖက်က သွေးအေးနေတယ်လို့သုံးသပ်ရမှာဖြစ်ပါတယ်။ မြန်မာအစိုးရတွေ၊ လွှတ်တော်တွေအနေ နဲ့ တရုတ်နိုင်ငံရဲ့နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးတွေနဲ့ဆက်စပ်ရင် ခရေစေ့တွင်းကျသိအောင် အားထုတ်ကြရမယ့်အပြင်၊ ပေကျင်းနဲ့နေပြည်တော် အကြားဆက်ဆံရေးဟာ သူလည်းနိုင်၊ ကိုယ်လည်းနိုင်အထိုင်ပေါ်မှာ အားကောင်းသည်ထက်အားကောင်းလာဖို့ မောင်းနှင်သင့်တဲ့အကြောင်းတိုက် တွန်းဆော်ဩလိုက်ရပါတယ်။

ဒေါက်တာရန်မျိုးသိမ်း
၂၉၊ နိုဝင်ဘာလ၊ ၂၀၁၇ ခုနှစ်

Yan Myo Thein

Post a Comment

 
Top