ရန်ကုန်တိုင်းဒေသကြီး ဒဂုံဆိပ်ကမ်းမြို့နယ်တွင် နှင်းဆီရနံ့သင်းပျံ့နေ၏။ သစ်လွင်သော နှင်းဆီ၊ ပွင့်ဦးအလှနှင်းဆီ၊ အမည်အပြည့်အစုံက ရတနာနှင်းဆီဖြစ်၏။ ‘‘ပေးလည်းပေးတတ်ပါရဲ့.. သူ့နာမည်.. ရတနာနှင်းဆီ.. ဘယ်လောက်ပင် ပန်းဆန်လိုက်ပါသလဲလို့.. အသွင်တစ်သွေးတစ်မွေးနဲ့ (ယဉ်ကျေး)၂ တဲ့နာမည်’’ ဟု ခေတ်ဟောင်းဂန္ထဝင်သီချင်းစာသားမှ မခင်နှင်းဆီနှင့် တစ်သားတည်း၊ တစ်ပြေးတည်းပုံစံဖြင့် ရတနာနှင်းဆီက ကြွားဝင့်နေ၏။ မလှမ်းမကမ်းရှိ ပဲခူးမြစ်ကမ်းမှ နွမ်းလျသော ယုဇန၊ အိုမင်းသော ယုဇန၊ အရေပြားသာမက ကလီစာများပါ ချို့ယွင်းလာသော ယုဇနကရတနာနှင်းဆီ၏ မော်ကြွားဟန်ကို လှမ်းမျှော်ကြည့်ရင်း ‘‘မင်းလည်းတစ်နေ့တော့ ငါ့လိုပဲရနံ့အဆင်း၊ ရည်ချွင်းမကြွယ်၊ အလှပြယ်သောပန်းသဘောကို သိလာမှာပါကွာ’’ ဟုလှမ်းပြီး သတိပေးနေလေ၏။ ပဲခူးမြစ်ကြီးမှ လှိုင်းခွပ်သံများကယုဇန၏ သတိပေးစကားကို ထောက်ခံနေကြသယောင်.. ။
စာရေးသူသည် ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၇ ရက်နေ့တွင် ရတနာနှင်းဆီအိမ်ရာသစ်ကို လေ့လာကြည့်ရှုခွင့်ရရှိခဲ့၏။ မူလက ရတနာနှင်းဆီသည် ဝင်ငွေနည်းပြည်သူတို့ လက်လှမ်းမီသော ပန်းဖြစ်ရမည်ဟု ပျိုးထောင်ခဲ့ကြခြင်းဖြစ်၏။ တကယ်ပွင့်လန်းသောအခါ ရတနာနှင်းဆီသည် အမြင့်စံပန်း ဖြစ်သွား၏။ ဝင်ငွေနည်းသူတို့၏ ဝင်ငွေတံချူနှင့် လုံးဝလှမ်း၍ မမီတော့ပေ။ အလယ်အလတ်ဝင်ငွေရှိသူများအတွက် ဖြစ်သွားလေတော့၏။ စုစုပေါင်း အပင်ငါးပင်၊ တစ်ပင်လျှင် ၂၇၆ ပွင့်၊ စုစုပေါင်းအပွင့် ၁,၃၈၀ ပါဝင်သော ရတနာနှင်းဆီပန်းများက စိမ်းဖျော့ဖျော့ ပွင့်ဖတ်များနှင့် လွန်စွာလှပနေ၏။ ဤကား ရူပကအလင်္ကာသဘောဖြင့် ဖွင့်ဆိုခြင်းဖြစ်ပါသည်။ တစ်ခန်းလျှင် စတုရန်းပေ ၆၀၀ နှင့် ၁,၂၀၀ နှစ်မျိုးပါဝင်သော ၁၈ ထပ်အဆောက်အအုံတစ်လုံးကို အပင်တစ်ပင်နှင့် တင်စားခြင်းဖြစ်ကြောင်းနှင့် အပင်ငါးပင်ဆိုသည်မှာ ၁၈ ထပ်အမြင့်တိုက်ကြီးငါးလုံးကို ဆိုလိုခြင်းဖြစ်ပါသည်။
တိုက်ခန်းပေါင်း ၁,၃၈၀ ပြီးစီးလုလုရှိသော ရတနာနှင်းဆီအိမ်ရာကို ပြည်သူသို့ မိတ်ဆက်ခြင်းအခမ်းအနား (Launching Ceremony) စတင်တော့မည်ဖြစ်ကြောင်း သိရှိရ၏။ မြေယာရှုခင်းများက ရှုတိုင်းဝေဆာ စိမ်းလန်းသာယာနေ၏။ အိမ်ခန်းများကို လေ့လာရန် ၁၇ ထပ်အထိ ဓာတ်လှေကားနှင့် တက်ခဲ့ပါသည်။ တိုက်တစ်လုံးရှိ အိပ်ခန်းပေါင်း ၄၀၀ ခန့် အသုံးပြုရန်အတွက် ဓာတ်လှေကားလေးစီး တပ်ဆင်ပေးထားကြောင်း တွေ့ရှိရ၏။
၁၇ ထပ်အမြင့်တွင် ညင်းလေက တဖြူးဖြူးရှိနေ၏။ မိုးသား တိမ်လိပ်များကို အထင်းသားမြင် နေရသည့်အပြင် သဘာဝအလင်း ရောင်ကောင်းစွာရရှိသောကြောင့် သက်ကြီးရွယ်အိုတို့အကြိုက်ဖြစ် မှာ သေချာ၏။ ပဲခူးမြစ်ကို အပေါ်စီးမှ မြင်ရ၏။ သန်လျင်မြစ်ကူး တံတားကြီးကိုလည်း တွေ့ရ၏။ ရွှေတိဂုံစေတီတော်ကို မသဲမကွဲမြူလွှာကြားထဲမှ ဖူးမြင်ရ၏။ မြန်မာပြည်တွင် ပထမဆုံးသော အစိုးရ၏ Condominium အဆောက်အအုံများဖြစ်ကြောင်း၊ Precast စနစ်ဖြင့် အစိုးရနှင့် ပုဂ္ဂလိကပူးပေါင်းပြီး PPP (PublicPrivate Partnership) စနစ်အခြေခံ၍ ပေါ်ပေါက်သော အထပ်မြင့်အဆောက်အအုံများဖြစ်ကြောင်း၊ စင်ကာပူနိုင်ငံ Surbana Co: မှ ပုံစံများ ရေးဆွဲပေးခြင်းဖြစ်ကြောင်း၊ Mortgage Loan (ခေါ်) ဘဏ်ချေးငွေဖြင့် အရစ်ကျငွေပေးသွင်းပြီး ဝယ်ခွင့်ရသည့် ပထမဆုံးအထပ်မြင့်အိမ်ရာများဖြစ်ကြောင်းစသည်ဖြင့် စီမံကိန်းမှ တာဝန်ရှိသူအချို့၏ စကားသံများကြောင့် ရတနာနှင်းဆီ၏ ရုပ်လုံးက ပိုမိုကြွရွပီပြင်လာသည် ထင်၏။
ကားပါကင်အကြောင်း ပြောလိုသေး၏။ စင်ကာပူတွင် အထပ်မြင့်အိမ်ရာအတွက် ယာဉ်ရပ်နားရန်နေရာကို ၁၀၀ ရာခိုင်နှုန်းပေးလေ့မရှိပေ။ သူတို့နိုင်ငံသားများအတွက် အများပြည်သူသယ်ယူပို့ဆောင်ရေးစနစ် (Public Trans-fort)က အားထားလောက်၏။ အိမ်ထောင်စုတိုင်း ကားရှိဖို့မလို၊ ကားဝယ်ဖို့မလို။ ထို့ကြောင့် သူတို့ရေးဆွဲသော အိမ်ရာပုံစံများသည် ယာဉ်ရပ်နားရန်နေရာကို ၃၀ ရာခိုင်နှုန်းမျှသာ ထည့်သွင်းလျာထားပေးလေ့ရှိ၏။ စင်ကာပူဒီဇိုင်းဖြစ်သော်လည်း ရတနာနှင်းဆီအိမ်ရာ၌ ကိုယ့်မြေ၊ ကိုယ့်ဒေသ၏ အခြေအနေအရ လုံလောက်သော ယာဉ်ရပ်နားရန်နေရာများ စီစဉ်ပေးမည်ဟုလည်း သိရှိရ၏။
အထူးသတင်းကောင်းတစ်ရပ်မှာ မြန်မာနိုင်ငံတွင် သမိုင်းအဆက်ဆက်လုံးဝမရှိခဲ့ဖူးသေးသော မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးပြခန်း (Urban and Housing Gallery) တစ်ခု ဖွင့်လှစ်မည်ဖြစ်ကြောင်းနှင့် အဆိုပါပြခန်းဖွင့်လှစ် မည့်ခန်းမကိုပါ တွေ့မြင်ခဲ့ရခြင်း ဖြစ်၏။ စာရေးသူသည် စင်ကာပူနိုင်ငံ အိမ်ရာဖွံ့ဖြိုးရေးအဖွဲ့ (Housing Development Board-HDB) ၏ ပြခန်းကို လေ့လာဖူး၏။ ဟောင်ကောင်ရှိ မြို့ပြဖွံ့ဖြိုးရေးအာဏာပိုင်အဖွဲ့ (Urban Dev: Authority)၏ ပြခန်းကိုလည်း ကြည့်ရှုခဲ့ရ၏။ အဆင့်မြင့်ပြခန်းကြီးများဖြစ်ပြီး မြင်ရရှုရသည်မှာ ရင်သပ်ရှုမောရှိလှ၏။ အိမ်ပုံစံများ၊ ပန်းချီကားများ၊ ဓာတ်ပုံများ၊ ရုပ်ကြွများ၊ သရုပ်ဖော်ပိုစတာများဖြင့် သူတို့နိုင်ငံ၏ ဆောင်ရွက်ချက်များကို ထိထိမိမိသရုပ်ဖော်ပြသထားသည်မှာ စွဲမက်ဖွယ်ကောင်းလှ၏။ ဟောင်ကောင်တွင် မှန်သားပြင်ပေါ်မှာ လမ်းလျှောက်ရင်း အောက်၌ပြသထားသော မြို့ပြပုံစံ၊ အိမ်ရာနှင့် အခြေခံအဆောက်အအုံပုံစံများကို ကြည့်ရှုခဲ့ရပြီး အလွန်အံ့ဩနှစ်ခြိုက်မိပါသည်။ မြန်မာနိုင်ငံ၌လည်း ခေတ်အဆက်ဆက် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးမှု ဆောင်ရွက်ချက်များကို ၁၉၅၁ မှ မျက်မှောက်ကာလအထိ ပြသရန် ရည်ရွယ်ပြီး ခေတ်မီပြခန်းတစ်ခုတည်ဆောက်ခြင်းကို ကြိုဆိုအပ်ပါသည်။ အသေးစားရုပ်ရှင်ပြခန်း (Mini Theatre) တစ်ခုပါ ပူးတွဲတည်ဆောက်ပြီး သရုပ်ဖော်ပြသပေးနိုင်သောအဆင့်အထိ မျှော်မှန်းတည်ဆောက်ပေးကြစေချင် ပါသည်။
ရတနာနှင်းဆီမှအပြန် ပဲခူးမြစ်ကမ်းရှိ ယုဇနဥယျာဉ်မြို့တော်ကို ဝင်ရောက်လေ့လာမိပါသည်။ လောကနတ်မုခ်ဦးကြီးလည်း ပြောင်ပြောင်ရောင်ရောင်မရှိ။ တိုက်များက ရေညှိလွှမ်းနေ၏။ လမ်းများလည်းမကောင်း၊ ရေစီးရေလာစနစ်များလည်း ယိုယွင်းနေ၏။ အိမ်ခန်းနေ ပြည်သူတို့မှာ နေ့စဉ်သုံးစွဲရန် ရေကိုပင် မှန်မှန် မရနိုင်ကြကြောင်း ညည်းတွားနေကြ၏။ ၁၉၉၅ ခုနှစ်ဝန်းကျင်က ဖွင့်ပွဲကြီးကျင်းပခဲ့ပုံကို ပြန်လည် မြင်ယောင်ခဲ့၏။ စည်တော်သံများ၊ ဘင်ခရာသံများ မြိုင်လှ၏။ မိုးပျံပူဖောင်းများ လွင့်ပျံ့နေ၏။ ဗိုလ်ချုပ်ကြီးများ အင်တိုက်အားတိုက် ကြွရောက်လာကြသလို ပြည်သူများလည်း အုတ်အော်သောင်း တင်းရှိခဲ့၏။ အဆောက်အအုံများက တောက်ပြောင်ပြီး ကြွရွလှပနေ၏။ တန်ဖိုးနည်း၊ တန်ဖိုးလတ်နှင့် လုံးချင်းများပါဝင်သော ရန်ကုန်၏ အကြီးဆုံးသော အိမ်ရာစခန်း (Multi-Housing Complex) ကြီး ဖြစ်ခဲ့၏။ ပုဂ္ဂလိကကုမ္ပဏီမှ ထူထောင်ခဲ့ခြင်းဖြစ်၏။ ယုဇနဥယျာဉ် တည်ဆောက်မှုဖြစ်စဉ်မှာ လက်ရှိ ရတနာနှင်းဆီ အထပ်မြင့်အိမ်ရာ နှင့် ခပ်ဆင်ဆင်တူ၏။ ကုမ္ပဏီသည် အိမ်ခန်းပေါင်း သုံးသောင်းခန့်အထိ လိုအပ်ချက်ထက်များစွာ ပိုမိုဆောက်လုပ်ခဲ့၏။ ခရီးတစ် ၀က်တွင် ရင်းနှီးမြှုပ်နှံမှုလိုအပ်လာသဖြင့် မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနနှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီတို့က ကျပ်ငွေသိန်းပေါင်းသောင်းနှင့် ချီ၍ အရင်းအနှီးထည့် ကူညီပြီး သုံးပွင့်ဆိုင်ကုမ္ပဏီတစ်ခု ဖွဲ့စည်းထူထောင်ခဲ့ရ၏။ လုပ်ငန်းများ လက်စသိမ်းနိုင်သောအခါမှ ၎င်းတို့၏ အရင်းနှင့် အမြတ်ဝေစုကို ခွဲဝေယူပြီး ကုမ္ပဏီကို ဖျက်သိမ်းခဲ့၏။ ထိုအခါ မူလကုမ္ပဏီကပင် ဆက်လက်၍ အပြီးသတ်တာဝန် ယူခဲ့ကြောင်း တွေ့ရှိရပေသည်။
ရတနာနှင်းဆီအပါအ၀င် ဧရာဝဏ်ရတနာ အထပ်မြင့်အိမ်ရာများကိုလည်း ယခင် အစိုးရလက်ထက်နိုင်ငံတော် သမ္မတရုံးဝန်ကြီးတစ်ဦး၏ လမ်းညွှန်ချက်အရ အကောင်အထည်ဖော်ခဲ့၏။ ၁၈ ထပ် ၄၉ လုံးကို တန်ဖိုးနည်းဟု ကင်ပွန်းတပ်ခဲ့၏။ မြေကြီးထဲ၌ပင် အရင်းအနှီးများစွာဝင်ပြီး တန်ဖိုးမနည်းနိုင်သောအခါ တန်ဖိုးမျှတ ဖြစ်သွား၏။ ရင်းနှီးမြှုပ်နှံမှုများလည်း လိုအပ်လာသဖြင့် ပုဂ္ဂလိကကုမ္ပဏီများကို ဖိတ်ခေါ်ပြီး အချို့အပိုင်းအား အကျိုးတူဆောင်ရွက်စေခဲ့ရပြန်၏။ တစ်ဖက်မှ ဘဏ်ချေးငွေကို အားပြု၍ ရတနာနှင်းဆီ ရှင်သန်ပွင့်လန်းလာအောင် ကြိုးပမ်းဖော်ဆောင်ခဲ့ရကြောင်း သိရှိရပေသည်။ ယခုအခါ ရတနာနှင်းဆီ၏ အနီးပတ်ဝန်းကျင်၌ ယုဇနတန်ဖိုးနည်းအိမ်ရာအသစ်များနှင့် ကနောင်တန်ဖိုးနည်းအိမ်ရာတို့သည်လည်း အရောင်စုံအ သွေးကြွ၍ နေချင်စဖွယ်လှပနေသည်ကို တွေ့မြင်နိုင်၏။
အရေးကြီးသည်မှာ ဆောင်းပါးအစတွင် ဖော်ပြခဲ့သည့်အတိုင်း ဖွင့်ပွဲကြီးများ မြိုင်မြိုင်ကျင်းပပြီးသည့်နောက် ရုပ်ဆင်းအင်္ဂါလှိုင်လှိုင် ပျက်ယွင်းလာခဲ့ရှာသောယုဇနဥယျာဉ်မြို့တော်ကို သင်ခန်း စာယူရမည်ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် အိမ်ရာများကို ဆောက်သည်။ ရောင်းသည်။ ပြီးတော့ မိမိရင်သွေးအား အမွေဖြတ်ကြော်ငြာလိုက်သလို မသက်ဆိုင်သကဲ့သို့ နေနိုင်ရက်သည့် အလေ့အထလွန်စွာကြီးစိုးခဲ့၏။ အစိုးရသာမက ပုဂ္ဂလိကကဏ္ဍပါ အဆိုပါအကျင့်လွှမ်းမိုးနေကြောင်း တွေ့ရှိနိုင်၏။
ပထမဦးစွာ အစိုးရအိမ်ရာများကို ပြန်လည်သုံးသပ်လျှင် ပြင်ဆင်ထိန်းသိမ်းရေး အလွန်အားနည်းကြောင်း တွေ့ရှိနိုင်၏။ ဌာနအားလုံး၏ အငှားအိမ်ရာဟုဆိုအပ်သော ၀န်ထမ်းအိမ်ရာများကိုပင် လုံးဝဆေးပြန်မသုတ်နိုင်သည် ကို နိုင်ငံတစ်ဝန်း၌ တွေ့မြင်နိုင်၏။ လက်ရှိတန်ဖိုးနည်းအရောင်းအိမ်ရာများကို မည်ကဲ့သို့ ပြင်ဆင်ထိန်းသိမ်းမည်နည်းဆိုသည်ကို စဉ်းစားဖို့ လိုအပ်လာ၏။ တန်ဖိုးမျှတအတွက်လည်း အလားတူဖြစ်၏။ အတိတ်ကာလ နှစ် ၅၀ သက်တမ်းကျော်ခဲ့ပြီဖြစ်သော ရန်ကင်းအိမ်ရာ၊ သုဝဏ္ဏအိမ်ရာ၊ ဦးဝိစာရအိမ်ရာ၊ ဝေဠုဝန်အိမ်ရာများမှသည် နှစ် ၂၀ ခန့် သက်တမ်းရှိသော တဲပေါ်မှ တိုက်ပေါ်တင်အိမ်ရာ၊ ပုဂ္ဂလိကနှင့် အကျိုးတူအိမ်ရာ၊ ပုဂ္ဂလိကမှ တာဝန်ယူဆောက်လုပ်စေခဲ့သော အိမ်ရာအားလုံးနီးပါးမှာ ရေညှိတက်နေကြပြီဖြစ်၏။ အတွင်းကလီစာများ၏ အခြေအနေကို မဖွင့်ဆိုနိုင်ကြသေးပေ။
နေထိုင်သူများ၏ စည်းကမ်းဖောက်ဖျက်မှုများလည်း များပြားလှ၏။ မူလ ဆေးမပြယ်သေးသောတိုက်ကို မိမိကြိုက်သော အရောင်ပြောင်းပြီး အိမ်ခန်းတစ်ခန်းတည်းကွက်၍ သုတ်ပစ်၏။ အိမ်နံရံများကို ဖွင့်၍ တံခါးတပ်၏။ တိုင်များကို ခွဲပြီး လေးထောင့်ကို အလုံးပုံစံပြင်၏။ ၀ရန်တာများကိုဖွင့်ပစ်၏။ အမှိုက်များကို မြောင်းနှင့် နောက်ဖေးလမ်းအပြည့် စွန့်ပစ်၏။ အများသုံးဧရိယာကို ပူးပေါင်းထိန်းသိမ်းရမည့်အစား ကိုယ်ပိုင်ကဲ့သို့ ပြုလိုရာပြု၏။ မူလအဆောက်အအုံကို ငုံ၍ အသစ်ပြင်ဆောက်သည်လည်းရှိ၏။ မျက်နှာစာနံရံဖွင့်ပြီး ဆိုင်ခန်းအဖြစ် အဖီထိုး၍ ဆောက်လုပ်သည်ကလည်းရှိ၏။ ပရမ်းပတာလက်ရာစုံလှ၏။
ပြင်ဆင်ထိန်းသိမ်းမှု ညံ့ဖျင်းမှုကြောင့် အဆောက်အအုံများသည် သက်တမ်းမစေ့မီ ကြံ့ခိုင်မှု ယိုယွင်းလာ၏။ နေထိုင်သူတို့၏ စည်းကမ်းမဲ့မှုကြောင့် အပျက်အစီး ပိုမိုများပြားလာ၏။ ထို့ကြောင့် ယနေ့အခြေအနေကို ခြုံ၍ကြည့်လျှင် ‘‘ဆောက်သည်၊ ရောင်းသည်။ ပြီးတော့ ဖြစ်လိုရာဖြစ်ပစ်၍ ထားကြသည်’’ဟုပင် ဆိုချင်လှ၏။ အခြားနိုင်ငံများတွင် ဤကဲ့သို့ မဖြစ်အောင် မည်ကဲ့သို့ ထိန်းသိမ်း ဆောင်ရွက်သနည်းဆိုသည်ကို အသေးစိတ်လေ့လာအပ်၏။ အရောင်းအိမ်ရာအတွက် ပြင်ဆင်ထိန်းသိမ်းရေး ရန်ပုံငွေထူထောင်မှုစနစ်၊ ရန်ပုံငွေထိန်းသိမ်းမှုစနစ်၊ လုပ်ငန်းအကောင်အထည်ဖော်မှုစနစ်နှင့် နေထိုင်သူတို့ ပူးပေါင်း၍ တာဝန်ယူသော စနစ်များကို အခိုင်အမာချမှတ်ပေးသင့်၏။ လိုအပ်လျှင် အိမ်ရာဖွံ့ဖြိုးရေးဥပဒေကဲ့သို့ ဥပဒေတစ်ရပ်ရေးဆွဲပြဋ္ဌာန်းပေးသင့်၏။ အငှားအိမ်ရာများအတွက် အိမ်ရှင်၏ တာဝန်ယူရမည့်အပိုင်းကိုလည်း အတိအကျ သတ်မှတ်ပြဋ္ဌာန်းပေးသင့်၏။ ငှားရမ်းသူများ၏ အခန်းကဏ္ဍကိုလည်း စည်းကမ်းဥပဒေများဖြင့် အလားတူ ထိန်းကျောင်းပေးရန် လိုအပ်မည်ဖြစ်ပါသည်။ ၀န်ထမ်းအိမ်ရာများ ပြင်ဆင်ထိန်းသိမ်းရေးအတွက် အစိုးရ၏ ဘတ်ဂျက်တွင် အလုံအလောက် သတ်မှတ်လျာထားခြင်း၊ စနစ်တကျသုံးစွဲခြင်း၊ စခန်းသာယာရေးကော်မတီကဲ့သို့ အဖွဲ့များ ဖွဲ့စည်းတာဝန်ပေးခြင်းများကို ပီပြင်စွာ ဆောင်ရွက်ရမည် ဖြစ်သည်။
‘ပျက်အစဉ် ပြင်ခဏ’ ဟူသော ဆိုရိုးစကားကို အိမ်ရာဖွံ့ဖြိုးရေးကဏ္ဍတွင် မသုံးဟုဆိုလောက်၏။ ‘ပျက်အစဉ် မပြင်ကြ’ ဟူသော ဆောင်ပုဒ်ဖြင့် ပြောင်းလဲအစားထိုးရမည်ထင်၏။ ထို့ကြောင့် ရတနာနှင်းဆီအတွက် ရင်လေးနေမိ၏။ သို့သော် ရတနာနှင်းဆီ အား Condo အဖြစ် သတ်မှတ်ပေးမည်ဟု သိရှိရ၏။ Condo ဥပဒေပြဋ္ဌာန်းပြီးနောက် မကြာမီ နည်းဥပဒေပါ အမြန်ဆုံးပြဋ္ဌာန်းတော့မည်ဟုလည်း သိရှိရ၏။ Condo ပြင်ဆင်ထိန်းသိမ်းမှုစနစ်များကို နည်းဥပဒေ၌ အတိအလင်း ပါဝင်မည်ဖြစ်၍ ရတနာနှင်းဆီသည် သင်းပျံ့ရှည်ကြာအလှဝေဖြာနိုင်မည်ဟု ယုံကြည်မျှော်လင့်မိပါကြောင်း...။ ။
http://www.7daydaily.com/story/83442
Post a Comment