0


ဦးလှဝင်း (လေသူရဲတစ်ဦး) 12th Dec 2016 (Voice Weekly)

ကျွန်တော် တနေ့က ပုသိမ်ကို (၃)ည အိပ် ခရီးသွားခဲ့ပါတယ်။
စိတ်ရော၊ လူရော ကျန်းမာရေးအတွက် နားချင်လို့သွားခဲ့တဲ့ ခရီးပါ။
ဖုန်းကို လုံးဝ ပိတ်ထားလိုက်ပါတယ်။
စာရေးဆရာမကြီးခင်နှင်းယုရဲ့ “ မွှေး” ဝတ္ထုရှည်မှာ ကျွန်တော် ငယ်စဉ်က အလွန် စွဲမက် ခဲ့တဲ့ ဝတ္ထုရှည်ပါ။
ဆရာမကြီးက သူငယ်စဉ်က အမြဲမြင်တွေ့နေခဲ့ရတဲ့ မြန်မာနိုင်ငံမြစ်ဝကျွန်းပေါ် . . . အဲ . . ဧရာဝတီတိုင်းပေါ့ ခင်ဗျား။ ဒီတိုင်းရဲ့ လယ်ကွင်းတွေ စပါးခင်းတွေရဲ့အလှကို သူ့ဝတ္ထုထဲမှာ အမျိုးမျိုးရေးဖွဲ့ထားပါတယ်။
ဆရာမကြီးတို့ခေတ်က ဧရာဝတီတိုင်းရဲ့စပါးခင်းတွေက ရိုးရိုးစိမ်းတာ မဟုတ်ဘူးတဲ့။
မြစိမ်းရောင် . . . ။
မြရောင်တောက်နေတဲ့ စပါးခင်းကြီးတွေ . . . ။
နှလုံးသားကို အေးမြစေတဲ့ စပါးခင်းကြီးတွေ . . . ။
ဆရာမကြီးရဲ့ဝတ္ထု အဓိက ဇာတ်ကောင်က “မွှေး” ...။ ဇာတ်လိုက်က “အတွတ်” . . . ။
စာရှုသူ . . . ။
ကျွန်တော် “မွှေး” ဝတ္ထုရှည်ကို ဘယ်လောက် ကြိုက်နှစ်သက်ခဲ့တယ်လို့ သင် ထင်ပါသလဲ။
“အညို” မွေးပေးသွားခဲ့တဲ့ ကျွန်တော့် ဒုတိယသားရဲ့ နာမည်ကို “အတွတ်”လို့ မှည့်ခေါ်ခဲ့ ပါတယ်။
ဒီနေ့ ဒီသားငယ် အသက်ပဲ (၄၀) လေးဆယ်ပြည့်လုပါပြီ။
“မွှေး” ဝတ္ထုက ဒီခလေးမမွေးခင်… အဲ… ဆယ်နှစ်ဝန်းကျင်က နာမည်ကြီးခဲ့တဲ့ မဂ္ဂဇင်း အခန်းဆက် ဝတ္ထုရှည်…။ ဒီနေ့ဆိုရင် သက်တမ်းရာစု တစ်ဝက်လောက်ရှိနေပြီးဖြစ်တဲ့ ဝတ္ထုရှည် ကြီးပေါ့ ခင်ဗျား…။
“ဖေဖေ… ရန်ကုန်က စထွက်ရင် မနက် (၉)နာရီလောက်မှ စထွက်… ။ စောစော ထွက်ရင် ရုံးတက်လာတဲ့ မော်တော်ကားတွေနှင့် တိုးပြီး စိတ်ညစ်နေရလိမ့်မယ်။”
“ဘုရင့်နောင်တံတားကျော်ရင် လမ်းက ရှင်းသွားပြီး မဟုတ်လား”
“အဲဒီဘက် အခြမ်းက ရန်ကုန်ဘက် အခြမ်းထက် ပိုဆိုးသေးတယ်။ အဝိုင်းလေး (၂)နှစ်ခု ကို ကျော်ဖို့ ဖေဖေ အနည်းဆုံး (၄၅)မိနစ်လောက် အချိန်ပေးရလိမ့်မယ်။”
သား အပါက ကျွန်တော့်ကို ကြိုသတိပေးခဲ့ပါတယ်။
သူ ကြိုသတိပေးထားတဲ့အတိုင်း အကုန် မှန်နေပါတယ် ခင်ဗျား။ သန်လျင်မှ ဘုရင့်နောင် တံတားရောက်တဲ့အထိ မိနစ် (၅၀)ခန့် မောင်းခဲ့ရပြီး… ဘုရင့်နောင်တံတားမှ အဝေးပြေးဂိတ်ကျော် တဲ့အထိ နောက် မိနစ် (၅၀)ခန့် … အဲ… စုစုပေါင်း တစ်နာရီခွဲကျော်ပါတယ်။
ဒါတောင် အဝေးပြေးဂိတ်ကို ကျော်ရုံလေး ရှိပါသေးတယ်။ ရန်ကုန်မြို့ အပြင်ကို မရောက် နိုင်သေးပါဘူး။
ပုသိမ်ဘက်ကို နောက်ဆုံး ကျွန်တော် မော်တော်ကားဖြင့် ခရီးသွားခဲ့တာက ၂၀၁၃ ခုနှစ် အတွင်းကပါ။ ဒီနေ့ အဲဒီဘက်ကို ခရီးမထွက်ခဲ့တာ သုံး (၃)နှစ် ကျော်သွားခဲ့ပါပြီ။
လွန်ခဲ့တဲ့ (၃)နှစ်က ဘုရင့်နောင်တံတားရဲ့ တဖက်ခြမ်းဒေသ… အဲ F.M.I City (အက်(ဖ်) အမ်အိုင်)မြို့သစ် ရှိတဲ့ ဒေသက ဒီနေ့လို ယာဉ်အသွားအလာ မကျပ်သိပ်နေသေးပါဘူး။
ပုံမှန် ကားမောင်းလို့ ရနိုင်ပါတယ်။
ဒီနေ့တော့…။
မော်တော်ကားလမ်းရဲ့ ဘယ်ညာ (၂)ဖက်မှာ တန်းစီးပြီး ရပ်ထားတဲ့ အဝေးပြေးဘတ်(စ်) ကားအစုတ်အဟောင်းတန်း အရှည်က (၃)မိုင်ကျော် (၄)မိုင်လောက်ရှိပါတယ်။
ပြင်ဆင်နေတဲ့ ဘတ်(စ်)ကားတွေလည်း တွေ့ရပါတယ်။ ကားသင်္ချီုင်းအဖြစ် သဘောထား ပြီး ပြစ်ထားတဲ့ ဘတ်(စ်)ကားတွေကိုလည်း တွေ့ရပါတယ်။ သူတို့က လမ်း နှစ်ဘက်ဘေးတွေမှာ ကပ်ပြီး နေရာယူထားတော့ ထော်လာဂျီတွေ…၊ မော်တော်ဆိုင်ကယ်တွေ …၊ ဆိုက်ကားတွေက လမ်းမပေါ် …လမ်းမ အလည်ကြောပေါ် ရောက်လာကြပြီပေါ့ ခင်ဗျား။
ရန်ကုန်တိုင်းမှ တာဝန်ရှိသူများ ခင်ဗျား… ဒီ ဘတ်(စ်)ကားပျက်တွေကို ဖယ်ရှားဖို့ အမိန့်ထုတ်ပေးပါဦး။ ဒီနေ့ ယာဉ်အသွားအလာတွေ အလွန် ခက်နေပါပြီ။
နောက်… လမ်းဘေးကပ်ပြီး ဆောက်လုပ်ထားတဲ့ ဈေးဆိုင်အမျိုးမျိုးကလည်း ပြဿနာကြီး တစ်ခုပါပဲ။ ဆက်မရေးချင်တော့ပါဘူး။
ရယ်ရပါတယ်။
ရန်ကုန် အပြင်ထွက်ပြီး၊ ဧရာဝတီတိုင်းအတွင်းကို ဝင်သွားပြန်တော့လည်း ဒီအတိုင်းပါပဲ။
လမ်းကြေး ငွေကောက်နေကြတဲ့ (ဂိတ်) တွေကလည်း အလွန်များလှပါတယ်။ ရန်ကုန်မှ ပုသိမ်မြို့ရောက်တဲ့အထိ လမ်းမှာ ဖွင့်ထားတဲ့ (ဂိတ်)ပေါင်းက ဆယ်(၁၀)ဂိတ်လောက် အနည်းဆုံး ရှိပါလိမ့်မယ်။ ပေးဆောင်ခဲ့ရတဲ့ ဂိတ်ကြေးငွေ စုစုပေါင်းကလည်း ကျပ် ငါးထောင်အထက်မှာ ရှိနိုင် ပါတယ်။
ခေတ်ကြီးက ပြောင်းသွားလိုက်တာ…။
ရန်ကုန် ပုသိမ် မော်တော်ကားလမ်းရဲ့ လမ်းဘယ်နှင့်ညာ အဲ… လမ်းဘေးတွေမှာ အမြဲ ရှိခဲ့တဲ့ လှည်းလမ်းတွေက ဒီနေ့ မရှိကြတော့ပါဘူး။
ဧရာဝတီတိုင်းမှာ လှည်းခေတ် မရှိတော့ပါဘူး ခင်ဗျား။
ဘယ်အချိန်ကတည်းက ဒီလှည်းခေတ်ပျောက်သွားခဲ့သလဲဆိုတာ ကျွန်တော် မသိပါဘူး။ ဒီနေ့ လှည်းလမ်းတွေက လုံးဝ လှည်းအသွားအလာ မရှိခဲ့တဲ့အတွက် ခြုံတွေ… နွယ်တွေ… အလေ့ ကျ အပင်သစ်တွေနှင့် ဖုံးလွှမ်းနေပါပြီ။
စာရှုသူ… ။
ခြုံနွယ်တွေ ဖုံးလွှမ်းနေကြတာ ဘယ်အဆင့်ကို ရောက်နေပြီလို့ သင် ထင်မြင်ပါသလဲ။
လယ်ကွင်းတွေကို လုံးဝ မမြင်နိုင်တော့ပါဘူး ခင်ဗျား။
ဒီနေ့ ပုသိမ်မော်တော်ကားလမ်းဘေးကို လှည်းကြည့်လိုက်ရင် ခြုံတောကြီးတွေကို မြင်ရပါလိမ့်မယ်။
စာရေးဆရာမကြီး ဒေါ်ခင်နှင်းယုတို့ ခေတ်က မိုးကုတ်စက်ဝိုင်းအထိ မြင်တွေ့ခဲ့ရတဲ့ စိမ်းနေတဲ့ လယ်ကွင်းတွေ… စပါးခင်းတွေရဲ့ အလှက နတ်ဝှက်ထားသလိုပဲ… လုံးဝပျောက်သွားပါ ပြီ။
လုံးဝ မော်တော်ကားလမ်းပေါ်မှ ဒီအလှတွေကို လှမ်းမမြင်ရတော့ပါဘူး။
လှည်းယာဉ်တွေ ဘယ်ရောက်သွားကုန်ကြပါသလဲ။
လယ်ထွန်စက်တွေ … (ထော်လာဂျီ) တွေ…။
မော်တော်ဆိုင်ကယ်တွေ… အဲ… ဘာယာဉ်လို့ ကျွန်တော် နာမည်တပ်ပေးရမှန်း မသိတဲ့ မော်တော်ကား ပုံသဏ္ဍာန်ရှိပြီး လှည်းယာဉ်ရဲ့ မြန်နှုန်းနှင့်သာ သွားလာနိုင်တဲ့ တရုတ်ပြည်မှ သွင်းခဲ့ကြတဲ့ အနှေးယာဉ်အမျိုးမျိုးက နေရာယူခဲ့လိုက်ကြပါပြီ။
ဒီယာဉ်တွေအကုန်လုံးက လှည်းလမ်းတွေကို မသုံးပါဘူး ခင်ဗျား။
ကတ္တရာလမ်းမကြီးပေါ် တက်မောင်းနေကြပါတယ်။
ယာဉ်တွေပေါ်မှာ တင်ထားကြတဲ့ ဆန်အိတ်တွေ… မြေသြဇာအိတ်တွေ… ဝါးတွေကလည်း အပြည့်…။
ဒီပုသိမ်မော်တော်ကား လမ်းမပေါ်မှာ ယခင်ကလို မြန်နှုန်းနှင့် မော်တော်ကား ဘယ်လို မောင်းကြတော့မှာလဲ ခင်ဗျား။
မှန်ပါတယ်။
ပုသိမ်မြို့ရောက်တဲ့အထိ ယခင်က အကြိမ်ပေါင်း မရေမတွက်နိုင်အောင် မောင်းခဲ့ဘူးတဲ့ ကြာမြင့်ချိန်ထက် နှစ်(၂)ဆကျော် အချိန်ယူပြီး မောင်းခဲ့ရပါတယ်။
စိတ်ညစ်လိုက်တာ…။
စိတ်ပျက်လိုက်တာ…။
ဒီနေ့ ဧရာဝတီတိုင်းကြီး ပြန်ပြီး တိုးတက်လာအောင်… ပြန်အသက်ဝင်လာအောင် ကျွန်တော်တို့ ဘယ်လို ပြန်တည်ဆောက်ကြတော့မှာလဲ။
ပို့ဆောင်ဆက်သွယ်ရေးလမ်းကြောင်းတွေ ဒီလောက် ခက်သွားပြီဆိုခဲ့ရင်ပဲ ကုန်စည် ပို့ဆောင်မှုတွေ ဘယ်လို ဒီနေ့ ချောချောမောမော ရှိကြတော့မှာလဲ။
ပို့ဆောင်စရိတ်တွေ အနည်းဆုံး ယခင်ကထက်(၂)ဆ တက်သွားခဲ့ပါပြီ။
မြန်မာနိုင်ငံမှာ နိုင်ငံရေးအရ စနစ်ဆိုးမှ စနစ်သစ်… အဲ… စနစ်ကောင်းကို အောင်မြင်စွာ ကျွန်တော်တို့ ပြောင်းခဲ့ပြီးပါပြီ။
အလွန် ကြီးကျယ်တဲ့ နိုင်ငံရေး အပြောင်းအလဲပါ။
မဟာ အပြောင်းအလဲပါ။
အင်္ဂလိပ်ဘာသာဖြင့် (monumental changes)လို့တောင် တင်စားခေါ်ကြပါတယ်။
စစ် အာဏာရှင် စနစ်ဆိုးမှ ဒီမိုကရေစီ စနစ်ကောင်းကို ထူထောင်ခဲ့ကြပါပြီ။
မှန်ပါတယ်။
ခက်တာက နိုင်ငံရေး ပြောင်းခဲ့နိုင်သလို စီးပွားရေးကိုလည်း ပြောင်းလဲနိုင်ကြဦးမှပေါ့ ခင်ဗျား။
ဒေါ်အောင်ဆန်းစုကြည်က တနေ့က စင်္ကာပူနိုင်ငံမှာ ပြောခဲ့ပါတယ်။ လာမယ့် နှစ်ပေါင်း (၂၀)အတွင်းမှာ မြန်မာက စင်္ကာပူစီးပွားရေးကို အမီလိုက်မယ်တဲ့။
ဘယ်လို အမီလိုက်မယ်ဆိုတဲ့ စီမံချက်ကိုတော့ သူ ထုတ်မပြောခဲ့ပါဘူး။
စစ်တက္ကသိုလ် အပတ်စဉ်(၇)မှ ညီငယ် ကိုမြင့်သိန်း(လေသူရဲဗိုလ်မှူးကြီး)မှာ ငယ်စဉ်ကတည်းက အလွန်ပျော်တတ်… နောက်ပြောင်တတ်… ရယ်စရာ ပြောတတ်ခဲ့သူပါ။
ဒီနေ့ အသက်ကြီးလာတော့လည်း သူ့ ဝါသနာကို မစွန့်နိုင်သေးပါဘူး။ (fb)ပေါ်တက်ပြီး မကြာမဏ ပျော်တတ်… နောက်တတ်… စတတ်… တုန်းပါ။
ဒီနေ့ မနက်(fb)အပေါ်မှာ သူ တင်ထားတဲ့ ပျော်ရွှင်စရာလေးတစ်ခုကို ကျွန်တော် ဖတ် လိုက်မိပါတယ်။
နိဂုံးအဖြစ် သူ့အမြင်ကလေးကို အဲ မြန်မာနိုင်ငံရဲ့ စီးပွားရေးအနာဂါတ်အဖြစ် ပြန်မျှဝေပေး လိုက်ချင်ပါတယ်။
သူ့ စာစုရဲ့ ခေါင်းစဉ်က စိတ်ချယုံကြည်မှု (confidence) “ကနေ့ သတင်းထဲမှာ ဒေါ်အောင်ဆန်းစုကြည်က နှစ်(၂၀)အတွင်း စင်္ကာပူစီးပွားရေးကို အမှီလိုက်ရန် မျှော်လင့်တယ်” လို့ စီးပွားရေးအမြင် ဆွေးနွေးပွဲမှာ ပြောခဲ့တယ်.. ဆိုပဲ။ မြန်မာပရိသတ်တွေ နှင့် တွေ့ဆုံပွဲမှာ၊ ရယ်ကာ မောကာနဲ့ အမှီလိုက်မယ်လို့ ပြောတာ မဟုတ်ဘူး။ ကျော်တက်မှာပါဆိုတော့… ရယ်ကြသပေါ့။
ကျွန်တော်လဲ မနေ့က ရုရှား ဝန်ကြီးချုပ်ခရူးရှက်(ဖ်)နှင့် အလုပ်သမားတွေ ဆွေးနွေးပွဲမှာ၊ လုပ်သားတွေအမှီလိုက်ဖို့ ကျွန်တော်တို့ အစွမ်းကုန်ကြိုးစားပါမယ်။ ကျော်တော့ မတက်ပါနှင့်။ ကျွန်တော်တို့ ဖင်ဟောင်းလောင်းဖြစ်နေတော့ လူမြင်မှာ စိုးလို့ပါလို့… ရေးခဲ့သေးတော့ အလွန်ပဲ ရယ်ချင်သွားပါတယ်။ ထားပါတော့ ကျွန်တော့်ကြောင့်… ထောင်တန်တဲ့ စကားကို ရယ်ပေါ့မဖြစ် စေချင်ပါဘူး။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ စိတ်ချယုံကြည်မှု (confidence)ကို ကျွန်တော် လုံးဝ ယုံကြည် ပါတယ်…”တဲ့။

ဦးလှဝင်း (လေသူရဲတစ်ဦး)
 2. 12. 2016

Post a Comment

 
Top