အလုပ်တွေကလည်းများ၊ ဆွေးနွေးဝိုင်းတွေကလည်း ရှိနေတတ်တာမို့ အခုတစ်လောစာသိပ်ရေးချိန်မရှိလှသလို ရေးချင်စိတ်လည်းမရှိလှဘူး။ သို့သော် အခုတစ်လော ကြားသိ၊ ကြုံတွေ့ နေရတဲ့ ပြည်တွင်းသတင်းတွေက မကောင်းလှဘူးဗျာ။ အရင်က ကော ကောင်းခဲ့လို့လားဆိုရင် အ ရင်ကလည်း မကောင်းလှပါဘူး ဗျာ။ သို့သော် အဆိုးရွားဆုံးဆိုတဲ့ စစ်တပ်အုပ်ချုပ်တဲ့ အမှောင်မိုက် ဆုံးကာလတွေကို ကျော်လွန်လာ ပြီးချိန် ၂၀၁၁ နောက်ပိုင်းမှာတော့ ရောင်နီပျပျကို လှမ်းမြင်နေရ သလိုပါပဲ။ ပိုမိုထွန်းလင်းတောက် ပမယ့် အနာဂတ်ကိုပဲ စောင့်မျှော် နေမိတယ်။ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲအပြီးမှာတော့ အစိုးရအသစ်နဲ့အတူ လူတွေရဲ့ မျှော် လင့်ချက်တွေက ပိုမိုမြင့်မားလာခဲ့ တယ်။ သို့သော် လတ်တလော မကြာခဏဆိုသလို မြင်တွေ့လာ နေရတဲ့ ဘာသာရေးဆန်ဆန် ပဋိပက္ခသတင်းတွေကနေ အခု နောက်ဆုံးအစိုးရနဲ့ အမျိုး၊ ဘာ သာ၊ သာသနာစောင့်ရှောက်ရေး အဖွဲ့လို့ လူသိများတဲ့ မဘသအဖွဲ့ ကြီး ထိပ်တိုက်တိုးရင်ဆိုင်နေကြ တဲ့ သတင်းတွေဟာ ပြည်သူလူထု ကို အတော်ကိုစိတ်လက်မကြည် မသာ ဖြစ်စေပါတယ်။
အခုဖြစ်ပျက်နေတဲ့ အခြေ အနေတွေအပေါ် ပြည်တွင်းမှာ ထုတ်ဝေနေကြတဲ့ မီဒီယာတွေက သတိထားရေးသားကြပေမယ့် ဖေ့စ်ဘွတ်ခ်လို ဆိုရှယ်မီဒီယာ တွေမှာတော့ အတော်ကို ပွဲကြမ်း နေတာ တွေ့ရပါတယ်။ ကွန်မန့် တွေက ထောင်၊ သောင်းချီပြီးရှိ သလို Like လုပ်တာတွေ၊ Share လုပ်တာတွေကလည်း ထောင်နဲ့ ချီပြီး ရှိနေပါတယ်။ အခုနောက် ပိုင်း ဖေ့စ်ဘွတ်ခ်ကို မကောင်းဆိုး ဝါးလို့ သုံးနှုန်းတဲ့ နိုင်ငံ့ခေါင်း ဆောင်တွေ၊ စီးပွားရေးခေါင်း ဆောင်တွေ၊ လူမှုရေးခေါင်း ဆောင်တွေ တစ်နေ့ထက်တစ်နေ့ ပိုမိုများပြားလာနေတယ်။ တကယ်လည်း ဖေ့စ်ဘွတ်ခ်လို ဆိုရှယ်မီဒီ ယာတွေက အကောင်းထက် အ ဆိုးက ပိုများနေသလားတောင် ထင်ရတယ်ဗျာ။ ဒီဆောင်းပါးမှာ ရေးချင်တာ ဖေ့စ်ဘွတ်ခ်အကြောင်း မဟုတ်ပါဘူး။ ညီညီညွတ်ညွတ်အလုပ်မလုပ်ကြဘဲ သူ့လူစု၊ ကိုယ့်လူစု၊ သူ့အုပ်စု၊ ကိုယ့်အုပ်စု အချင်းချင်း ရန်စောင်နေကြရင် တိုင်းပြည်နာတယ်ဆိုတဲ့အကြောင်းရေးချင်တာပါ။
တကယ်တော့ မြန်မာနိုင်ငံ ဟာ နိုင်ငံရေးကျိန်စာများ သင့်နေ သလား အောက်မေ့ရတယ်။ ဟိုး အရင် ကုန်းဘောင်ခေတ်ကာလ ကနောင်မင်းသားကြီးလက်ထက် ကလည်း တိုင်းပြည်ကြီးပွားတိုး တက်ရေးအတွက် စက်မှုနိုင်ငံ ထူ ထောင်မယ့်အချိန်မှာ ကနောင် မင်းသားကြီး လုပ်ကြံခံခဲ့ရတယ်။ လွတ်လပ်ရေးမရခင် တိုင်းပြည် စုစည်းတည်ထောင်ဖို့ ကြိုးပမ်းနေ တဲ့အချိန်မှာ ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံခဲ့ရပြန်တယ်။ လွတ်လပ် ရေးရပြီးနောက်ပိုင်းလည်း အရေး အခင်းတွေအမျိုးမျိုး၊ သွေးထွက် သံယိုမှုတွေအမျိုးမျိုး ကြုံခဲ့ရပြန် တယ်။ ဖြစ်ခဲ့တဲ့ အရေးအခင်းတွေ ဆိုတာ ရေတွက်လို့တောင် အ လွယ်တကူမမှတ်မိနိုင်ဘူး။ ပြည် တွင်းငြိမ်းချမ်းရေးဆိုတာလည်း လွတ်လပ်ရေးရပြီးကတည်းက ဒီ နေ့အချိန်အထိ မရနိုင်သေးဘူး။ ၂၀၁၀ စစ်အုပ်ချုပ်ရေးအမှောင် ခေတ် ပြီးဆုံးတော့လည်း ဒီနေ့အ ထိ ပြဿနာတွေက မပြီးနိုင်၊ မစီး နိုင်ရှိနေတုန်းပဲလေ။ လုပ်နေတုန်း၊ရှင်းနေတုန်းလို့ပဲ ပြောလို့ရတယ်။ ဒီနိုင်ငံမှာ နိုင်ငံရေးအနာဂတ်ဆို တာ ဘာမှမရေရာ၊ မသေချာဘူး။ ရှင်းလေ၊ ရှုပ်လေဆိုသလိုများ ဖြစ်နေသလားပဲ။ မရှင်းတော့ ကော ဖြစ်မလား။ မဖြစ်ဘူးဗျာ။ တစ်နေရာမဟုတ်၊ တစ်နေရာက ထလောင်နေတာလေ။ ပြဿနာ တွေဖြစ်လာတိုင်း လက်ရှိအစိုးရ တွေဟာ အရင်အစိုးရတွေ လုပ်ခဲ့ တာတွေလို့ ပြောကျင့်ရှိတယ်။ ၁၉၈၈ မှာ စစ်အစိုးရတက်လာ တယ်။ စစ်ခေါင်းဆောင်တွေက ပြောခဲ့ဖူးတယ်။ ဆိုရှယ်လစ်အစိုး ရမလုပ်ခဲ့တာတွေ လုပ်နေရတာ ပါတဲ့လေ။ လုပ်ရင်းနဲ့ပဲ ဖွံ့ဖြိုးမှု ညွှန်းကိန်းတွေမှာ အာဆီယံ ၁၀ နိုင်ငံမှာ ဟိုးနောက်ဆုံးနားရောက် သွားတယ်။
နောက် ဦးသိန်းစိန်အစိုးရ တက်လာတယ်။ ဦးသိန်းစိန်အစိုး ရက ပြောခဲ့တယ်။ စစ်အစိုးရတွေ လုပ်ခဲ့တဲ့ ဆိုးမွေကို ဆက်ခံခဲ့ရပါ တယ်တဲ့လေ။ ဒီလိုပဲ လုပ်ရင်းနဲ့ အခြေခံအဆောက်အအုံကဏ္ဍ ထိထိရောက်ရောက် တိုးတက် လာခဲ့တာ မရှိခဲ့ဘူး။ စစ်အစိုးရ လက်ထက်တုန်းက လမ်းတွေ၊ တံတားတွေ၊ ကျောင်းအဆောက် အအုံကြီးတွေ အများအပြားဖြစ် ထွန်းခဲ့တယ်။ မဆလအစိုးရထက် စာရင် အလုပ်လုပ်တယ်ပေါ့။ သို့ သော် အရည်အသွေးကောင်းမွန် စံချိန်မီတဲ့ အခြေခံအဆောက်အ အုံတွေတော့ မဟုတ်ခဲ့ဘူး။ ဦးသိန်းစိန်လက်ထက်မှာလည်း လက် ကိုင်ဖုန်းတွေ၊ ကားတွေ ဈေးနှုန်း တွေ့ကျဆင်းသွားပြီး လူအများစု ဖုန်းကိုင်နိုင်လာခဲ့တယ်။ လူအ တော်များများ ကိုယ်ပိုင်ကားတွေ ဝယ်စီးလာနိုင်ခဲ့တယ်။ သို့သော် ဝန်ထမ်းတွေရဲ့ ဝန်ဆောင်မှုတွေ၊ ဘတ်စ်ကားကို အများပြည်သူ ဝန် ဆောင်မှုမျိုးတွေက ပြောင်းလဲမှု အင်မတန်နှေးကွေးခဲ့တယ်။ ဒီလို နဲ့ အင်န်အယ်လ်ဒီဦးဆောင်တဲ့ အစိုးရသစ်ဖြစ်ထွန်းလာတယ်။ ရက် ၁၀၀ ဆိုတာတော့ ပြီးသွား ပြီ။ အခုမှ အစဆိုပေမယ့် ပြဿနာတွေကတော့ များပြားလှပါတယ်။ အခုဆို ဘာသာရေး ပဋိပက္ခက ရှေ့ရောက်နေရာယူလာနေပြန် ပြီ။ ဒီမှာလည်း အင်န်အယ်လ်ဒီ ထောက်ခံသူတွေဘက်က ဒါတွေ ဟာ အရင်အစိုးရမလုပ်ခဲ့တာတွေ ဆိုပြီး ပြစ်တင်ကြပါတယ်။ အင်န် အယ်လ်ဒီအစိုးရရဲ့ ပြဿနာဖြေ ရှင်းပုံတွေကို စောင့်ကြည့်ဖို့တော့ လိုပါလိမ့်မယ်။
၂၀၁၀ နောက်ပိုင်း မြန်မာ နိုင်ငံမှာ အပြောင်းအလဲအများ အပြား ဖြစ်ထွန်းခဲ့ပါတယ်။ နိုင်ငံ တကာက အုတ်အော်သောင်း တင်း ဩဘာပေးခဲ့ကြတယ်။ တစ် ကမ္ဘာလုံးမှာ ပဋိပက္ခတွေ ပိုမိုဖြစ် ထွန်းလာနေချိန်မှာ မြန်မာနိုင်ငံ မှာတော့ ဒီမိုကရေစီကို ရှေးရှုတဲ့ အပြောင်းအလဲတွေ ပိုမိုဖြစ်ထွန်းလာခဲ့တယ်။ မြန်မာကို နောက်တက်မယ့် အာရှကျားလော၊ ဘာလောနဲ့ နိုင်ငံတကာ မီဒီယာတွေမှာ သာသာထိုးထိုး ရေးသားဖော်ပြခဲ့ကြတယ်။ အိမ်နီးချင်းနိုင်ငံတွေကလည်း မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးကောင်းမွန်ဖို့ ပိုမိုအားထုတ်လာတာ တွေ့ရတယ်။မဟာဗျူဟာကျတဲ့နေရာမှာ တည်ရှိတာကြောင့်လည်း ကမ္ဘာ့စစ်ရေး၊ စီးပွားရေးအင်အားကြီး နိုင်ငံတွေဖြစ်တဲ့ အမေရိကန်တို့၊ တရုတ်တို့၊ဂျပန်နိုင်ငံတို့က မြန်မာနဲ့ မဟာဗျူဟာမြောက် ဆက်ဆံရေးတည်ဆောက်ဖို့ သိသိသာသာရော မသိမသာပါ ကြိုးပမ်းလာခဲ့ကြတယ်။တကယ်သာ မြန်မာနိုင်ငံဟာ အတွင်း၊ အပြင် အခင်းအကျင်းတွေကို ပိုင်နိုင်ကျွမ်းကျင်စွာ အသုံးချလုပ်ဆောင် သွားနိုင်မယ်ဆိုရင် အာရှမှာ မြန်မာခေတ်ဆိုတာ အနှေးနဲ့အမြန် ရောက်ရှိလာမှာ သေချာတယ်။
သို့သော် မှန်းဆချက်တွေနဲ့ လက်တွေ့မြေပြင်အခြေအနေ တွေက ကွဲပြားနေပုံရပါတယ်။ ငြိမ်းချမ်းရေးပဲဖြစ်ဖြစ်၊ ဘာသာ ပေါင်းစုံညီညွတ်ရေးပဲဖြစ်ဖြစ် အ တွင်းကြိတ်မကျေမလည်မှုတွေ က ပိုမိုကြီးထွားလာနေပုံရပါ တယ်။ တစ်ဖက်နဲ့တစ်ဖက် အ များရှေ့မှာ၊ မီဒီယာတွေရှေ့မှာ အမြင်ကောင်းအောင် ထုတ်ဖော် ပြောဆိုနေကြပေမယ့် ရှေ့ဘာ ဖြစ်လာမယ်ဆိုတဲ့ အဆိုးမြင်မှန်း ဆချက်တွေနဲ့ သူ့အင်အား၊ ကိုယ့် အင်အား စုနေကြတဲ့သဘောမျိုး တွေ တွေ့နေရပါတယ်။ သူ့ဘက်၊ကိုယ့်ဘက် ဘာဖြစ်ဖြစ် ထိရင်မခံ ဘူးဆိုပြီး ဆိုရှယ်မီဒီယာတွေမှာ ဝိုင်းပြီးဆွမ်းကြီးလောင်းနေကြ တာ များတယ်။ ဘာဖြစ်လဲ၊ ဘာ ဖြစ်လဲဆိုတော့ တိုင်းပြည်နာတာ ပေါ့ဗျာ။
အခုဖြစ်နေတာတွေကို ကြည့်။ တိုင်းပြည် ရှေ့ဘယ်လို ဆက်ရမယ်ဆိုတာထက် အပြုတ် တိုက်၊ ချေမှုန်းရေးဆိုတာတွေ ကြားလာရပြန်တယ်။ တစ် ယောက်နဲ့တစ်ယောက် နားလည် ဖို့ မကြိုးစားဘဲ တစ်ယောက်နဲ့ တစ်ယောက် မကြည့်ချင်၊ မမြင် ချင်ဘူးဆိုတာနဲ့ ပြဿနာတွေ ဖြေရှင်းလို့မရဘူး။ မြန်မာနိုင်ငံ ပြဿနာတွေထဲက မထွက်နိုင် လေ ဝမ်းသာမယ့်နိုင်ငံတွေ အများကြီးရှိတယ်။ ပြိုင်ဘက်တစ်နိုင်ငံ လျော့သွားတာပေါ့ဗျာ။ နိုင်ငံ တကာဆက်ဆံရေးရဲ့ သဘော တရားတစ်ခုမှာ ကိုယ့်အိမ်နီးချင်း က အားနည်းလေ၊ ကိုယ့်အပေါ် မှီခိုလေ ကိုယ့်အတွက် ကောင်း လေပဲ။ သူ့လုပ်သားတွေ ကိုယ့်ဆီ ဈေးပေါပေါနဲ့ ရောက်လေပဲ။ မြန်မာနဲ့ အိမ်နီးချင်းဆက်ဆံရေး ကို ကြည့်။ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် ဆက်ဆံရေး ကောင်းလှတယ် မဟုတ်ဘူး။ မြန်မာနဲ့ တရုတ် ဆက်ဆံရေး ကောင်းလှတယ် ပြောလို့မရဘူး။ မြန်မာနဲ့ ထိုင်းဆို လည်း မကြာခဏ အဖုအထစ် တွေဆိုတာ ရှိတတ်တယ်။ အ နောက်နိုင်ငံတွေနဲ့ ရေရှည်ဆက် ဆံရေးဆိုတာလည်း လူ့အခွင့်အ ရေးဆိုင်ရာတွေအပေါ်မှာ အများ ကြီးမူတည်တယ်။ ရခိုင်က နိုင်ငံ သားအထောက်အထားမဲ့သူ တစ် သန်းကျော်ဆိုတာအတွက် အဖြေ ရှိပြီလား။
ပြောရရင် မြန်မာနိုင်ငံဆို တာ နာတာရှည်ရောဂါသည်လို ပေါ့။ ဒီမှာ ရောဂါပေါင်းစုံရှိတယ်။ အာရှရဲ့ လူမမာလို့ပဲ ဆိုကြပါစို့။ တိတိကျကျပြောရရင်တော့ အ ရှေ့တောင်အာရှရဲ့ လူမမာပေါ့။ တစ်ချိန်က အင်မတန်လည်း ဖျား နာခဲ့ပြီးပြီ။ သေလုမျောပါးလည်း ဖြစ်ခဲ့ပြီ။
အလဲလဲအကွဲကွဲနဲ့ ဒယိမ်းဒယိုင်လည်း ဖြစ်ခဲ့ပြီးပြီ။ မကြာခဏဖျားနာခဲ့လို့ အားအင်လည်း အတော်ကုန်ခန်းယုတ်လျော့နေခဲ့ပါပြီ။ ရှိတဲ့သယံဇာတလည်း ကုန်လုပြီ။ နိုင်ငံတကာကိုလည်း အကြွေးတင်လှပြီ။ ကိုယ့်အားကိုယ်မကိုးဘဲ အကူအညီဆိုတာအပေါ်မှီခိုတာလည်း အကျင့်ပါနေပြီ။၂၀၁၀နောက်ပိုင်းတော့ နည်းနည်းထူထူထောင်ထောင်ဖြစ်လာပါရဲ့။ သို့သော် အိမ်နီးချင်းအာရှနိုင်ငံတွေရဲ့ နိုင်ငံသားအများစုနဲ့ယှဉ်ရင် မြန်မာနိုင်ငံသားတွေဟာဖြူဖပ်၊ ဖြူရော်၊အသားအရေမစိုမပြည်၊ နွမ်းနွမ်းဖတ်ဖတ် ဖြစ်နေတာတွေက များပါတယ်။
ဒုတိယကမ္ဘာစစ်နောက်ပိုင်း မှာ ကမ္ဘာ့နိုင်ငံအများအပြားဟာ စစ်ဒဏ်ကြောင့် မမာမကျန်းဖြစ်ခဲ့ ကြတယ်။ ကျန်းမာရေးချူချာခဲ့ကြ တယ်။ သို့သော် ဥရောပနိုင်ငံအ များစုနဲ့ ဂျပန်နိုင်ငံဟာ ဆရာဝန် ကောင်းတွေနဲ့ တွေ့ခဲ့ကြတယ်။ မကြာမီပဲ သူတို့ကျန်းမာရေးက ပြန်ပြီး ထူထူထောင်ထောင်ဖြစ် လာခဲ့ကြတယ်။ မြန်မာနိုင်ငံအပါ အဝင် အာရှနိုင်ငံအများအပြားက တော့ ဖျားမြဲဖျားဆဲ၊ နာမကျန်းမြဲ နာမကျန်းဆဲဖြစ်ခဲ့ကြတယ်။ သို့ သော် စင်ကာပူနိုင်ငံဟာ လီကွမ်း ယူဆိုတဲ့ ဆရာဝန်ကောင်းကို ရလိုက်တယ်။ အတော်ကို ထူထူ ထောင်ထောင်၊ မာမာချာချာဖြစ် သွားတယ်။ နောက် မလေးရှားက လည်း မဟာသီယာမိုဟာမက်ဆို တဲ့ ဆရာဝန်တစ်ယောက်ရလိုက် ပြန်တယ်။ ဒီလိုနဲ့ မလေးရှားလည်း ထောင်တက်သွားတယ်။ ဒီလိုပဲ တောင်ကိုရီးယားဟာလည်း ပတ် ချုံဟီးလက်ထက်မှာ အစိုးရအဖွဲ့ အစည်းစွမ်းဆောင်ရည်တွေ အား ကောင်းလာပြီး စီးပွားရေးအခြေခံ ကောင်းတွေ ရလိုက်တယ်။ ပတ် ချုံဟီးဟာ စစ်ခေါင်းဆောင်နော်။ သို့သော် သူ့တိုင်းပြည်အတွက် တော့ ဆရာဝန်ကောင်းတစ် ယောက်လည်း ဖြစ်ခဲ့တယ်။နောက် တရုတ်၊ ဗီယက်နမ် ဒီလိုပဲ။ ကွန်မြူနစ်တစ်ပါတီ အုပ်ချုပ်မှုအောက်မှာတင် ဖွံ့ဖြိုးတိုးတက်မှုဆိုတာတွေ ဆောင်ကြဉ်းပေးခဲ့တယ်။ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့ ဆရာဝန်ကောင်းဖြစ်ဖို့ဆိုရင် ဒီမိုကရေစီတွေ၊ ဘာတွေ၊ ညာတွေ ဆိုတာထက် ခေါင်းဆောင်မှုနဲ့ လုပ်ရည်ကိုင်ရည်ကသာ အဓိကဖြစ်ကြောင်း တရုတ်နဲ့ ဗီယက်နမ်ခေါင်းဆောင်တွေက ပြသခဲ့ကြတယ်။
မြန်မာနိုင်ငံမှာလည်း လွတ် လပ်ရေးရခဲ့ပြီးကတည်းက ဆရာ ဝန်တွေ တစ်ယောက်ပြီးတစ် ယောက်ပြောင်းခဲ့တယ်။ မြန်မာ လူနာဟာ ဆိုရှယ်လစ်ဆရာဝန်နဲ့ လည်း တွေ့ခဲ့ပြီးပြီ။ ကောင်းမလာ ခဲ့ဘူး။ ဆိုရှယ်လစ်ပြီးတော့ စစ် တပ်ဆရာဝန်ရောက်လာတယ်။ အခြေအနေက ပိုဆိုးလာခဲ့တယ်။ နောက်တော့ အရပ်သားတစ်ဝက်၊စစ်သားတစ်ဝက် ဆရာဝန်က ဆက်တာဝန်ယူတယ်။ ငါးနှစ်ဆို တဲ့ကာလအတွင်း အခြေအနေ တချို့ တိုးတက်လာပေမယ့် ထူးထူး ခြားခြားပြောင်းလဲတယ်ဆိုတာ မျိုးမရှိခဲ့ဘူး။ မြန်မာနိုင်ငံဟာ ၂၀၁၅ အလွန် ၂၀၁၆ ထဲမှာ ဆရာဝန်အသစ်တစ်ယောက် ထပ်ရပြန် တယ်။ ဒီတစ်ခေါက် ဆရာဝန်က တော့ လူတွေ.. အတော်မျှော်လင့် နေတဲ့ ဆရာဝန်ဖြစ်ပါတယ်။ အိမ် နီးချင်းတွေ၊ ကမ္ဘာ့နိုင်ငံတွေက လည်း မြန်မာလူနာကို မြန်မြန် ကောင်းစေချင်ကြပါတယ်။ ကြာ ရင် ဒီမှာဖြစ်နေတဲ့ ရောဂါပေါင်းစုံ က သူတို့ဆီလည်း ကူးစက်လာနိုင် တယ်လေ။ အခု လတ်တလော ဖြစ်ပေါ်နေတဲ့ ပြည်တွင်းအခြေ အနေတွေအပေါ် ဆရာဝန်အသစ် ရဲ့ ရောဂါကုသနိုင်စွမ်းကို ပြည် တွင်းကသာမက ပြည်ပကပါ စိတ်ဝင်တစား လေ့လာစောင့်ကြည့် လျက်ရှိပါကြောင်း။ ။
Post a Comment