0


အဆောက်အဦ ဆက်လက် ဆောက်လုပ်နေမှုကို ဇူလိုင် ၁၀ ရက်တွင် တောင်ဥက္ကလာပ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် လာရောက် စစ်ဆေးနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-သက်မင်း)

တောင်ဥက္ကလာပမြို့နယ်ရှိ ကစားကွင်း ပန်းခြံမြေနေရာကို ပြည်ခိုင်ဖြိုးပါတီက အဆောက်အအုံ ဆက်လက် ဆောက်လုပ်နေသဖြင့် ဆက်လက် ဆောက်လုပ်ခြင်း မပြုရန် အရှေ့ပိုင်းခရိုင်စည်ပင်က စာထုတ် တားမြစ်ခဲ့ကြောင်း သိရသည်။
တောင်ဥက္ကလာပမြို့ နယ် (၉) ရပ်ကွက်၊ သစ္စာလမ်းနှင့် ဝေဇယန္တာလမ်းထောင့်ရှိ အမှတ် ၁၀၁၉ တွင်ဌာနမှ Basement+ ၈ ထပ်ခွဲ ဆောက်လုပ်ရန်အတွက် Pile Foundation အား ခွင့်ပြုထားပါကြောင်း၊ မြေပြင်ကွင်းဆင်းစဉ် ခွင့်ပြုထားသည့် ခွင့်ပြုမိန့်ထက် ကျော်လွန်၍ Ground Floor Slab ကွန်ကရစ်လောင်းခြင်း ဆောင်ရွက်နေကြောင်း တွေ့ရှိရသဖြင့် လုပ်ငန်းရပ်ဆိုင်းထားရန် အကြောင်းကြားပါကြောင်းနှင့် လိုက်နာဆောင်ရွက်ခြင်း မရှိပါက ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ တည်ဆဲဥပဒေအရ အရေးယူ ဆောင်ရွက်မည် ဖြစ်ကြောင်း ခရိုင်အင်ဂျင်နီယာမှူးရုံး အရှေ့ပိုင်းခရိုင် အင်ဂျင်နီယာဌာန (အဆောက်အအုံ)က လိုင်စင်ကန်ထရိုက်တာ ဦးရန်နိုင်နှင့် လိုင်စင်အင်ဂျင်နီယာ ဦးမောင်မောင်မြင့်တို့ထံ လိပ်မူ၍ အသိပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ဇွန် ၂၇ ရက်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များနှင့် ရန်ကုန်တိုင်းဝန်ကြီးချုပ်တို့ တွေ့ဆုံစဉ်တွင် ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အဆိုပါကစားကွင်း ပန်းခြံမြေနေရာကို အဆောက်အအုံ ဆောက်လုပ်နေမှုကို ရပ်ဆိုင်းထားပြီဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု တောင်ဥက္ကလာပ မြို့နယ်နေ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာစောနိုင်က ပြောကြားသည်။
 သို့ရာတွင်  အဆောက်အအုံ ဆက်လက် ဆောက်လုပ်နေသဖြင့် ဇူလိုင် ၁၀ ရက်နံနက်ပိုင်းက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ စောနိုင်နှင့် တောင်ဥက္ကလာပမြို့နယ်နေ ပြည်သူများသည် သွားရောက်စစ်ဆေးခဲ့ပြီး ကန်ထရိုက် တာဝန်ရှိသူများကို မေးမြန်းမှုများ ပြုလုပ်ခဲ့သည်။
“လောလောဆယ်တော့ ဆောက်လုပ်ရေးတွေ ရပ်သွားတဲ့ အရိပ်လက္ခဏာတွေ တွေ့ရတယ်။ ခရိုင်စည်ပင်က ဆက်ဆောက်ရင် အရေးယူမယ်လို့ ပြောတာကိုး။ အောက်ခြေမှာ ဒီလိုဆက်လက် ဆောက်လုပ်မှုတွေ ရှိနေတယ်။ ပြည်သူပိုင်တဲ့ ကစားကွင်းကို ပြည်သူ့လက်ထဲ ပြန်ပေးဖို့ အဲဒါကို ၀န်ကြီးချုပ်ဆီ ကျွန်တော် စာရေးတင်ပြပါမယ်” ဟု တောင်ဥက္ကလာပမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာစောနိုင်က ဆိုသည်။
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ပိုင်ဆိုင်သည်ဆိုသော မြေနေရာ (မူလကလေးကစား ကွင်းပန်းခြံ) တွင် လိုင်စင်ကန်ထရိုက်တာအဖြစ် YN Construction Co.Ltd က ၂၀၁၃ ခုနှစ် ဇွန်လကတည်းက တာဝန်ယူ ဆောက်လုပ်ခြင်းဖြစ်ပြီး တောင်ဥက္ကလာပမြို့နယ်နေ ပြည်သူများ၏ ဆန္ဒပြမှုများကြောင့် ဆောက်လုပ်ရေး ရပ်ဆိုင်းခဲ့ရမှုများလည်း ရှိခဲ့သည်။ ဆန္ဒပြမှုများကြောင့် တောင်ဥက္ကလာပမြို့နယ်နေ ပြည်သူများမှာလည်း ငြိမ်းစုစီ ဥပဒေပုဒ်မ ၁၉ ဖြင့် အပြစ်ပေး ခံရမှုများလည်း ရှိခဲ့သည်။        

Writer: 
သက်မင်း

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top