ACM Re-Post 21-6-2014
အဖြူ အမည်း ... အလင်းအမှောင်ကြားက ကောက်ကြောင်း လှလှလေးတစ်ခုက လူတွေအကြား တအံ့တသြ ရေရွတ်သံများစွာကို ဖိတ်ခေါ်လာသည်။
“အဲဒါ မြန်မာမလေး ဟုတ်ရဲ့လား”၊ “အလင်းနည်းနေတယ်ကွာ ...”၊ “အနုပညာ မြောက်လိုက်တာ”၊ “ရှက်ဖို့ကောင်းလိုက်တာ”၊ “ဘာတွေ ဖြစ်ကုန်တာလဲ” စသဖြင့် ထောက်ခံသံများ။ ဝေဖန်သံများ သောသောညံသွားကြသည်။
မှောင်အတိ ကျတော့မတတ် အလင်းအနည်းဆုံး နှိမ့်ထားသည့် နောက်ခံပေါ်တွင် မိန်းမပျိုတစ်ယောက်၏ ခြေဖျားလေး တစ်ဖက်ထောက်၊ လက်နှစ်ဖက် မြှောက်ကာ ခပ်ကော့ကော့လေး ကောက်ကွေးနေသည့် ဘေးတိုက်အနေအထား ဝတ်လစ်စားလစ် ပုံတစ်ပုံကို ဝေဖန်ပြောဆိုနေကြခြင်း ဖြစ်သည်။ မေမြတ်မွန် အမည်ရှိ မော်ဒယ်လ်တစ်ဦးက အများသုံး လူမှုကွန်ရက်ပေါ်တွင် တင်လိုက်သည့် ပုံဖြစ်သည်။
ယင်းအပေါ် ခေတ်တစ်ခေတ်ကို ဖြတ်သန်းပုံချင်းမတူ၊ အနုပညာကို လက်ခံပုံချင်းမတူ၊ ယဉ်ကျေးမှုကို ထိန်းသိမ်းပုံချင်း မတူသူတို့ထံမှ အမြင်မတူသည့် အသံများ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာခြင်း ဖြစ်သည်။
“ဒါ အရွေ့တစ်ခု ... နိုင်ငံတကာမှာလည်း Sexy Model ဆိုတာ လိုင်းသီးသန့် ရှိတာပဲ။ ပြောရရင် Hip Hop သီချင်းတွေ ပေါ်ခါစကလိုပေါ့။ အစကတော့ ဘာတွေဆိုနေမှန်း မသိဘူးပေါ့။ ခုတော့လည်း အသားကျသွားတာပဲ” ဟု ပြောလာသူများလည်း ရှိပြန်သည်။
အဝတ်ဗလာပုံများဖြင့် လူသိများ လာသည့် မော်ဒယ်လ်များတွင် မေမြတ်မွန်မှာ ပထမဆုံး မဟုတ်သေး။ ကြိုးတစ်ချောင်းသာ ပါသည့် အတွင်းခံဘောင်းဘီနှင့် ပုံကို ဖေ့ဘုတ်ပရိုဖိုင်း ဓာတ်ပုံတင်ခြင်းဖြင့် နာမည်ကြီးလာသည့် ဇွန်သင်ဇာ။ နောက် ဇာဇာထက်တို့ ရှိခဲ့သေးသည်။
မည်သည့် ရည်ရွယ်ချက်ဖြင့် ယင်းပုံမျိုး ရိုက်တင်ကြသည်ဆိုလျှင် ဇွန်သင်ဇာက “နာမည်ကြီးချင်လို့ပါ” ဟု ပွင့်ပွင့်လင်းလင်းပင် ပြောကြားထားသည်။
“ကျွန်မဟာ ပရော်ဖက်ရှင်နယ် မော်ဒယ်လ်ဖြစ်တယ်။ Porn မော်ဒယ်လ် မဟုတ်ဘူးဆိုတော့ ဘာမှဂရုမစိုက်ပါဘူး” ဟု ဇာဇာထက်က ၎င်း၏ ရပ်တည်ချက်ကို ရှင်းပြထားသည်။
သို့သော် ၎င်းတို့ ပုံများက သမားရိုးကျအမြင်များကို ဖောက်ခွဲလိုက်သည်။ အငြင်းပွားဖွယ်ရာများကို မွေးထုတ်လိုက်သည်။ အချို့ပုံများက အနုပညာသို့လား၊ ရမ္မက်သို့လား အတပ်ပြောဖို့ ခက်လှသည်။
“အစ်ကိုက သဘောကျတယ်။ ကြည့်တဲ့ရှုထောင့်နဲ့ မူတည်ပြီး အရာအားလုံးဟာ ကွဲပြားခြားနားပါတယ်။ ကိုယ်စိတ်သန့်ဖို့ အရေးကြီးတာပါ” ဟု ဆိုလာသူက ဒါရိုက်တာ ဝိုင်း။
နိုင်ငံတကာ ဓာတ်ပုံပညာရပ်များ တွင်လည်း Glamour Photography၊ Nude Art တို့ ရှိနေကြသည်။ အမေရိကန်နိုင်ငံထုတ် ကမ္ဘာကျော် PLAY BOY မဂ္ဂဇင်းတွင် အမျိုးသမီးများ၏ အဖော်အချွတ် ပုံများကို ၁၉၅၃ ခုနှစ်တွင်မှ ပုံနှိပ်ဖော်ပြသည်။ သို့သော် ၁၈ နှစ်အောက် မကြည့်စေရ။
Glamour (ညှို့ငင်ဖမ်းစားနိုင်သော) ဓာတ်ပုံပညာအကြောင်း ပြန်ပြောရလျှင် ယင်းပညာ၏ အဆင့်အတန်းနှင့် ဟန်ပန်တို့မှာ လူ့အသိုင်းအဝိုင်းက လက်ခံနိုင်သည့် အနေအထားပေါ် မူတည်ကာ အချိန်နှင့်အမျှ ပြောင်းလဲလာခဲ့ခြင်း ဖြစ်သည်။
၁၉၂၀ ပြည့်နှစ် အစောပိုင်း ကာလများတွင် အမေရိကမှ ဓာတ်ပုံဆရာများက အောင်မြင် ထင်ရှားသူများကို ပိုပြီး စွဲမက်ဖွယ်ဖန်တီးနိုင်ရန် အလင်းအမှောင် နည်းပညာကို အသုံးပြုကာ Glamour ပုံများ ဖန်တီးလာကြသည်။ သို့သော် ၁၉၅၀ ပြည့်နှစ်ကျော်သည့်တိုင် အမျိုးသားများ အတွက် ရည်ရွယ်သည့် မဂ္ဂဇင်းများနှင့် ကြော်ငြာများရှိ Glamour ဓာတ်ပုံများမှာ အငြင်းပွားစရာ၊ တရားမဝင်သည့် အနေအထားတွင်သာ ရှိနေသည်။ အချို့နိုင်ငံများတွင် တရားဝင် သည့်တိုင်အောင် ယင်းမဂ္ဂဇင်းမျိုးကို အများပြည်သူရှေ့တွင် ခင်းကျင်းပြခွင့် မရှိပေ။
ပလတ်စတစ်အဖုံးများ ဖုံးကာ ခင်းကျင်းပြသရသည်။ တစ်ခါတစ်ရံ Glamour ဓာတ်ပုံပါသည့် မဂ္ဂဇင်းများကို အနုပညာမဂ္ဂဇင်း၊ ကျန်းမာရေး မဂ္ဂဇင်းများအဖြစ် ဈေးကွက်တွင် ဖော်ပြကြသည်။
မြန်မာနိုင်ငံတွင်မူ သူတို့နိုင်ငံများနောက် နှစ် ၆၀ ကျော်ကြာမှ စသည်ဟု အကြမ်းဖျင်း ဆိုနိုင်သည်။ ၂၀၁၂ ခုနှစ်ကုန်ပိုင်းတွင် လိင်ပညာပေး ခေါင်းစဉ်အောက်မှ ညှို့ မဂ္ဂဇင်း ထွက်ပေါ်လာသည်။
Glamour ဆန်သည့်ပုံများ ဖော်ပြထားသည့် ပထမဆုံး မဂ္ဂဇင်းဖြစ်သည်။ မျက်နှာဖုံးတွင် အရွယ်မရောက်သေးသူများ မဖတ်ရ စာတမ်းက သတိပေးထားသည်။ သို့သော် အသက် အကန့်အသတ်မရှိ။ နောက်ဆုံး အမြင်မတင့်တယ်ခြင်း ကြောင့်ပေလော၊ ယဉ်ကျေးမှု ကြောင့်ပေလော မသိ။ မကြာမီ ပိတ်သိမ်းလိုက်ရသည်။
အမြင်မတင့်သဖြင့် ပိတ်သိမ်းခြင်းမှာလည်း မြန်မာတွင်သာမက ခေတ်မီသည့် နိုင်ငံများတွင်လည်း ယနေ့တိုင် ရှိနေသေးသည်။ မကြာခင်ကပင် Rihanna ၏ Rogue ရေမွှေးကြော်ငြာမှာ သရုပ်ပျက်သည်ဟု ဗြိတိန်ကြော်ငြာ စံချိန်စံညွှန်း အာဏာပိုင်အဖွဲ့က ကန့်ကွက်သဖြင့် ကလေးငယ်များ မမြင်နိုင်သည့် နေရာသို့ ဆိုင်းဘုတ်များ ရွှေ့ခိုင်းခဲ့သည်။
မနေ့တစ်နေ့ကမှ ကမ္ဘာနှင့် ချိတ်ဆက်လာသည့် မြန်မာလူ့အသိုင်းအဝိုင်း အတွက်မူ Glamour၊ Nude Art တို့ကို လက်ခံရန်မှာ အချိန်သိပ်စောလွန်းသည်ဟု မြင်ကြဆဲဖြစ်သည်။
“သူတို့ဟော့ပြီး သိပ်မကြာဘူး ... ကိုယ်လုံးတီး ဖြစ်လာတယ်။ အဲဒါ ဘယ်လိုင်းဘက်ကို သွားနေတာလဲ၊ ဟိုလိုင်း (Porn) ကို ဦးတည်သွားတာလား၊ အောင်မြင် ကျော်ကြားမှုကို ဦးတည်တာလား” ဟု ဝေဖန်လာကြသည်။
ယင်းအတွေးများနှင့်အတူ မော်ဒယ်လ် ဇွန်သင်ဇာ၊ ဇာဇာထက်နှင့် ရိုတတို့ ပေါင်းပြီး လိင်ခွေရိုက်မည် ဟူသည့် ကောလာဟလများ ထွက်လာပြန်သည်။
မြန်မာပြည်တွင် Nude Art (ကိုယ်လုံးတီးဖြင့် သရုပ်ဖော် အနုပညာ) ကို ချပြစရာ မဂ္ဂဇင်း မရှိသောကြောင့် ယခုလို ဖြစ်နေရသည်ဟု မေမြတ်မွန်ကို ဓာတ်ပုံရိုက်ပေးထားသည့် ဓာတ်ပုံဆရာများအနက် တစ်ဦးက ရှင်းပြသည်။
“လူမှုကွန်ရက်ပေါ်ပဲ တင်ခွင့်ရတော့ အဆဲခံရတာပဲ ဖြစ်နေတာပေါ့။ မဂ္ဂဇင်းသာရှိရင် သူတို့အတွက်လည်း အဆင်ပြေမယ်။ ဖန်တီးချင်တဲ့သူတွေ အတွက်လည်း နေရာရလာမှာပေါ့” ဟု ၎င်းကဆိုသည်။
ရီဟားနား၊ ဂျေလို၊ ဘီယွန်းဆေးတို့ကို စံပြထားသည့် မော်ဒယ်လ် ဇာဇာထက်ကမူ “ကိုယ်နဲ့ လိုက်ဖက်မယ့် လိုင်းကို ရွေးတာမှာ Sexy လိုင်းကို ဖောက်ဖြစ်တာပါ။ ပါးပါးလေးနဲ့ ပုတ်တာ။ အဲဒီ Sexy ကို လက်ခံထားတာ။ အကုန်လုံး ဖော်လိုက်တဲ့ထိတော့ ဘယ်တော့မှ ရိုက်မှာ မဟုတ်ဘူး။ မိသားစု အသိုင်းအဝိုင်းကလည်း ရှိသေးတယ်” ဟု ၎င်း၏ ရပ်တည်ချက်ကို ဖော်ကျူးသည်။
အဝတ်ပါခြင်း၊ မပါခြင်းထက် ပေးမည့် အနုပညာ၊ ခံစားရမည့် ရသနှင့် မော်ဒယ်လ်၊ ဓာတ်ပုံဆရာတို့၏ ရပ်တည်ချက်မှာ အရေးကြီးလှသည်။ မော်ဒယ်လ် သန္တာလှိုင်ကမူ ယင်းအနုပညာမျိုး ဖန်တီးရာတွင် သရုပ်ဆောင်ပေးသည့် အမျိုးသား၊ အမျိုးသမီးထက်စာလျှင် ဖန်တီးရေးဆွဲ ရိုက်ကူးမည့် အနုပညာရှင်၏ ရည်ရွယ်ချက်နှင့် စေတနာမှာ ပိုအရေးကြီးကြောင်း ပြောပြသည်။
“အမျိုးသမီးတစ်ယောက်ရဲ့ သားမြတ်ဟာ မိခင်မေတ္တာကို ဖော်ကျူးတဲ့ သင်္ကေတ ဖြစ်နိုင်သလို လိင်မှုကိစ္စနဲ့ ပတ်သက်တဲ့ ဖန်တီးမှုလည်း ဖြစ်သွားနိုင်ပါတယ်” ဟု ၎င်းကဆိုသည်။
Black and white (အဖြူ၊ အမည်း) ဟု နာမည်ကြီးသွားသည့် မေမြတ်မွန် ဓာတ်ပုံအပေါ် ဓာတ်ပုံဆရာက “ဒါကို light and shake (အလင်းနဲ့ အရိပ်) နဲ့ပဲ အဓိကထားပြီး ရိုက်တာပါ။ Sex (လိင်အသားပေး) အတွက် အဓိက မဟုတ်ဘူး။ ဆွဲဆောင်မှုတစ်ခု အနေနဲ့ပဲ ရိုက်တာပါ။ မပေါ်အပ်တာတွေ မပေါ်ဘဲ အမျိုးသမီးတစ်ယောက်ရဲ့ အလှကို ဖော်ကျူးတာ” ဟု ဆိုသည်။ ၎င်းတစ်ဦးတည်း အနေနှင့် ဓာတ်ပုံပညာ မြောက်မြားစွာထဲမှ Nude Art ကို အနုပညာအဖြစ် စမ်းသပ်လိုက်ခြင်း ဖြစ်သည်ဟု ဆိုသည်။ သို့သော် ယခုအချိန်တွင် ရင်သားထင်ရှားစွာ အပြည့်ဖော်ထားသည့် ပုံများပင် စတင်ထွက်ပေါ်လာပြီ ဖြစ်သည်။
ယဉ်ကျေးမှုချင်း ကူးလူးရင်း ကမ္ဘာသိ အနုပညာတစ်ရပ် မြန်မာသို့ ခြေချခြင်း ဖြစ်သော်ငြား Nude မှာ ခက်ခဲလှသည်။ သို့သော် ပုံဖော်သူများ၊ မော်ဒယ်လ်များက အနုပညာစစ်သို့ ခံစားရင်း ရှေ့ဆက် မည်ဆိုလျှင်ကား တော်သေးသည်၊ ကျော်ကြားရန် သက်သက် Nude Art ကို အသုံးချမည် ဆိုလျှင်ကား ရင်လေးဖွယ်ရာဟု ယူဆသူများလည်း ရှိသည်။
မော်ဒယ်လ်ပေါင်း များစွာကို မွေးထုတ်ပေးနေသည့် မော်ဒယ်လ် တင်မိုးလွင်ကလည်း တက်သစ်စ မော်ဒယ်လ်များ ရေလိုက်လွဲမည်ကို စိုးရိမ်ပူပန်နေသည်။
“သူ့အနုပညာနဲ့သူ ရှိကောင်း ရှိမယ်။ ဒါပေမဲ့ တက်သစ်စ ကလေးတွေက ဒီလိုလုပ်မှ ပေါ်ပြူလာ ဖြစ်မယ်ထင်ပြီး လိုက်လုပ်မှာလည်း စိတ်ပူတယ်” ဟု ၎င်းကဆိုသည်။
နော်ဝေနိုင်ငံတွင် နေထိုင်သည့် မြန်မာနိုင်ငံသား ဓာတ်ပုံဆရာတစ်ဦးကမူ Model ကို ယခုလို အဓိပ္ပာယ် ဖွင့်ဆိုပြသည်။
“Model ကို ကိုယ်ဟန်ပြမယ် ဖက်ရှင်မယ်လို့ အဓိပ္ပာယ်ဖွင့်ချင်တယ်။ ကြော်ငြာအတွက် ရိုက်ပေးတဲ့ မော်ဒယ်လ်၊ ရှိုးလျှောက်တဲ့ မော်ဒယ်လ်ကို Profession မော်ဒယ်လ်လို့ပဲ ခေါ်ပြီး ဖန်တီးသူ တစ်ယောက်အတွက် Pose ပေးတဲ့ မော်ဒယ်လ်ကိုသာ Art Model အနုပညာမော်ဒယ်လ်လို့ ခေါ်တယ်” ဟု ၎င်းကပြောသည်။
“Nude Art ရိုက်တာနဲ့ အနုပညာလို့ နာမည်တပ်ပြီး နာမည်ကြီးအောင် လုပ်နေတဲ့ ဓာတ်ပုံဆရာတွေ မော်ဒယ်လ်တွေလို့ မပြောသင့်ပါဘူး။ Nude Fine Art ဆိုတာ Photography ထဲက ဖန်တီးမှုပါတဲ့ အနုပညာစစ်စစ်ပါ။ Fashion တစ်ခုတည်းက Photography မဟုတ်ဘူးဆိုတာ သိစေချင်ပါတယ်” ဟု ၎င်းကဆိုသည်။
ဝိရောဓိများအကြား ကိုယ်လုံးတီးဖြင့် သရုပ်ဖော်အနုပညာဟု ဆိုနိုင်သော Nude Art မှာ ရာစုဝက်ကြာအောင် အငြင်းပွားနေနိုင် ပါလိမ့်ဦးမည်။ ဖန်တီးသူများက ခံစားချက်ကိုယ်စီဖြင့် ဆေးရောင်ခြယ်သလို ခံစားကြည့်သူများကလည်း စိတ်ကြိုက် မှတ်ချက်ပေးနေကြပေ ဦးမည်။
မြန်မာပရိသတ်များ အကြားတွင်လည်း Nude Art နှင့် ပတ်သက်၍ အပေါင်းရော အနုတ်ပါ အသံဗလံများ ဆက်ထွက်နေဦးမည်။
Green
Aye Chan Mon Credit To: The Voice Weekly
http://www.ayechanmon-news1.com/
Related Posts
- ရိုးသားမှု သစ္စာရှိမှုတွေရှိလာတဲ့ တစ်နေ့ကတော့သမီးအတွက် ပျော်စရာကောင်းတဲ့ နေ့တစ်နေ့ ဖြစ်လာမှာပါ . .
တေးသံရှင် ချမ်းချမ်း ++++++++++++++++++ တေးသံရှင် ချမ်းချမ်းရဲ့ စတုတ္ထ မြောက်တစ်ကိ[...]
Dec 02, 2017 - အချိန်တစ်ခုထိ တောင်းပန်တာကို စောင့်မယ် မလာရင်တော့ ဥပဒေအတွင်း ကနေပဲလုပ်ဖို့ အစီအစဉ်ရှိတယ်
ထားထက်ထက် နှင့် တွေ့ဆုံခြင်း ‘လိင်အကြမ်းဖက်မှု ပပျောက် ရေး ကြီးလေးပြစ်ဒဏ် ချမှတ်ပေး’ ပြည်သူ[...]
Dec 10, 2016 - ဗီယက်နမ်အလှမယ် ရွှေတိဂုံစေတီတော်သို့ သွားရောက်ဖူးမြော်.
မြန်မာနိုင်ငံတွင် ရုပ်ရှင်ဇာတ်ကားရိုက်ကူးရန်စီစဉ်ထားသည်[...]
Jun 28, 2016 - ၂ဝ၁၆ ထဲမှာ အမှတ်တရ ပစ္စည်းအသစ် ထပ်ထုတ်ဖို့ ရှိတယ်ဆိုတဲ့ ဝတ်မှုံရွှေရည်
ပရိသတ်တွေအတွက် ခေါင်းအုံး၊ ပုဝါနဲ့ ရတနာပစ္စည်းလေးတွေကို အမှတ်တရအနေနဲ့ ထုတ်လုပ်ခဲ့တဲ့ ဝတ်မှုံရွှေရ[...]
Jan 05, 2016 - နေတိုး နှင့် ဗီယက်နမ်မင်းသမီးတို့ မတ်လတွင် ဇာတ်ကား ရိုက်ကူးရေး စတင်မည်
ရန်ကုန်၊ ဇန်နဝါရီ ၂ ။ ။ သရုပ်ဆောင် အကယ်ဒမီ နေတိုး၊ ဗီယက်နမ် မင်းသမီး ငုရင်ထရန်ဟုရန်မေ [...]
Jan 02, 2016 - ၎င်းနှင့်မိသားစု အသရေပျက်မည့် အရေးအသားများ ရေးသားဖြန့်ဝေပါက အရေးယူမည်ဟု အဆိုတော်စိုးသူ သတိပေး
Byဇွဲဉာဏ်On Sat, 2016-01-02 သရုပ်ဆောင် အဆိုတော်စိုးသူက လူမှုကွန်ရက်စာ မျက်နှာပေါ်၌ ၎င်းအပါအ၀င[...]
Jan 02, 2016
Subscribe to:
Post Comments (Atom)
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.