(ဆောင်းပါးရှင် - နီမင်းဆွေ)
ခုတလော ကိုယ်ရေးဖြစ်ခဲ့တဲ့ ဆောင်းပါးတွေကို စိမ်ပြေနပြေ ပြန်ဖတ်ကြည့်မိပါတယ်။ တချို့လည်း စာအုပ်အဖြစ် စုစည်းထုတ်ဝေ ပြီးပါပြီ။ စာအုပ်အဖြစ် မထုတ်ဝေရသေးတဲ့ ဆောင်းပါး အပုဒ်နှစ်ဆယ်ကျော်လောက် ကျန်နေသေးတယ် ဆိုတာကို တွေ့ရပါတယ်။ ဒါနဲ့ ဆောင်းပါးပေါင်းချုပ် တစ်အုပ်လောက်တော့ ထပ်ထုတ်ဦးမှဆိုပြီး အဲဒီဆောင်းပါးတွေကို ပြန်ဖတ်ကြည့်မိပါတယ်။ အဲဒီအခါ ကျတော့မှ သြော်... ဒီဆောင်းပါးတွေကို တော်တော်လေး ခက်ခက်ခဲခဲ ရေးခဲ့ရပါလား၊ အရှောင်အတိမ်း ဂျက်စီဂျိမ်း လုပ်ခဲ့ရတာတွေ များလှပါလားလို့ ပြန်သတိရပြီး ကိုယ့်ကိုယ်ကိုယ် တော်တော်လေး သနားမိပါတယ်။
အခုတော့ လွတ်လွတ်လပ်လပ် ရေးခွင့်ရပါပြီ။ ဒါကြောင့် ပြောစရာတွေ အများကြီးထဲက ဒီကနေ့ အခြေအနေမှာ ဖြစ်ပျက်နေတဲ့ အကြောင်းအရာ တချို့အကြောင်း ပြောချင်မိပါတယ်။ ပထမ တစ်ချက်ကတော့ နေပြည်တော် အသုံးစရိတ်တွေက ကျန်တဲ့ တိုင်းနဲ့ပြည်နယ်တွေထက် ဘယ်လောက်ပိုများတယ် ဘယ်နှဆလောက် ရှိနေပြီဆိုပြီး ပြောနေကြတဲ့ အကြောင်းနဲ့ ပတ်သက်လို့ပါပဲ။ ကိုယ့်တစ်ယောက်တည်းရဲ့ အမြင်အရတော့ ဆီးဂိမ်းစ်အတွက်ရော အာဆီယံဥက္ကဋ္ဌ ရာထူးတာဝန် ထမ်းဆောင်ရမယ့် အရေးတွေ အတွက်ရော ရည်ရွယ်ပြီး နေပြည်တော်ကိုပဲဖြစ်ဖြစ်၊ ရန်ကုန်ကိုပဲဖြစ်ဖြစ်၊ မန္တလေးကိုပဲဖြစ်ဖြစ် လိုအပ်တာထက် ပိုမပြင်စေချင်ပါဘူး။ မလိုအပ်တဲ့ နေရာတွေမှာ အထင်ကြီး ခံရအောင်လို့ဆိုတဲ့ မျှော်မှန်းချက်ထားပြီး မလုပ်စေချင်ပါဘူး။ သင်္ကြန်မဏ္ဍပ် ဆောက်သလို ပွဲပြီးရင် ဖျက်ပစ်ရမယ့် ဟာမျိုးတွေကို ပိုပြီး မလုပ်စေချင်သေးတာပါ။
ဒီနေရာမှာ ကိုယ်လွန်ခဲ့တဲ့ နှစ်တော်တော်ကြာက ကမ္ဘောဒီးယားကို ရောက်သွားခဲ့စဉ်တုန်းက အတွေ့အကြုံလေးကို ပြန်ပြောပြချင်ပါတယ်။ အဲဒီတုန်းက မြို့တော်ဖနွမ်းပင်က ပြင်သစ်စတိုင် ဟိုတယ်တစ်ခုမှာ တည်းခိုခဲ့ရပါတယ်။ ဟိုတယ်ဧည့်ကြို ၀န်ထမ်းလေးတွေက မြန်မာရုပ် ပေါက်နေကြပြီး အားလုံးပုပု သေးသေးလေးတွေ ချည်းပါပဲ။ သူတို့ဟာ မယုံကြည်နိုင်စရာ ကောင်းလောက်အောင်ကို ဖော်ရွေပြီး သူတို့ပြောတဲ့ အင်္ဂလိပ်စကားတွေဟာလည်း ရိုးရိုးရှင်းရှင်းလေးနဲ့ နားလည်လွယ်နေတာကို တွေ့ရပါတယ်။ ဒါနဲ့ ကိုယ်လည်းမနေနိုင်တော့ဘဲ အဲဒီလူငယ်လေးတွေကို မင်းတို့က အင်္ဂလိပ်စာကို ဘယ်ကျောင်းမှာ သင်ခဲ့ကြတာလဲကွလို့မေးတော့ ကျွန်တော်တို့က ကျောင်းမတက်ခဲ့ ရပါဘူးတဲ့။ ပြည်တွင်းစစ်ကြောင့် တောထဲမှာ ပုန်းအောင်းနေရရင်း ဘုန်းတော်ကြီးတွေက သင်ပေးလို့ အခုလို အင်္ဂလိပ်လို ပြောတတ်တာပါလို့ ဖြေကြပါတယ်။ ကိုယ်လည်း ရုတ်တရက်တော့ ကြောင်သွားတယ်။ သူတို့ပြောတာ မှန်မမှန် အတိအကျ မသိနိုင်ပေမယ့် ဟိုတယ်ကို လာတည်းခိုတဲ့ ဧည့်သည်တစ်ယောက် အနေနဲ့ သူတို့အပေါ် သနားကရုဏာ သက်သွားမိတာကတော့ အမှန်ပါပဲ။ ထူးခြားတဲ့ အချက်က သူတို့လေးတွေဟာ လာတည်းတဲ့ ဧည့်သည်တွေကို သူတို့ရဲ့ မိဘဆွေမျိုးသားချင်းတွေနဲ့မခြား ဂရုတစိုက် ပြုစုကြခြင်းပါပဲ။ ဟိုတယ်က သိပ်အဆင့်မြင့်ကြီး မဟုတ်ပေမယ့် ဒီဟိုတယ်ကို နှစ်ပေါင်းများစွာ ဘာကြောင့်ကိုယ်သတိရနေရသလဲ ဆိုတာကတော့ အတော့်ကို စဉ်းစားစရာပါ။ ပြန်ခါနီး ကားပေါ်အတက်မှာ ကားဘေးထိ လိုက်ပို့ကြရင်း ပြုံးပြတဲ့ သူတို့အပြုံးလေးတွေကို ခုချိန်ထိ မျက်ဝန်းမှာ မြင်ယောင်နေဆဲပါပဲ။
ကိုယ့်တစ်ယောက်တည်းရဲ့ သဘောကို ပြောရရင်တော့ ဆီးဂိမ်းစ်မှာလာတဲ့ ဧည့်သည်တွေကို ဒီသဘောနဲ့ပဲ ကြိုဆိုဧည့်ခံ စေချင်ပါတယ်။ ရေကန်ကြီးတွေဆောက် ရေပန်းကြီးတွေလုပ် မီးတွေနင်းကန် ထွန်းပြထားမယ် ဆိုရင်လည်း နိုင်ငံတကာ ဧည့်သည်တွေက အံ့သြကြမှာ မဟုတ်ပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ သူတို့ဆီမှာ ဒီလိုမီးတွေ ရေကန်တွေ ရေပန်းတွေဟာ အဆန်းမဟုတ်တော့လို့ပါပဲ။ ကိုယ်တို့တစ်တွေ အဲဒါတွေကို လိုက်လုပ်ပြရင်လည်း သူတို့ကို မီအောင်လိုက်လုပ်ပြနိုင် လိမ့်မယ်မထင်ဘူး။ မိတ်ကပ်လိမ်း နှုတ်ခမ်းနီဆိုးပြီး ကြိုတာထက် သနပ်ခါး ဘဲကျားနဲ့ ပြုံးပြတဲ့ အပြုံးကပဲ သူတို့ဘ၀င်ကို အေးမြသွားစေနိုင်မှာပါ။
ဒါနဲ့ ပတ်သက်ပြီး သတိရမိတဲ့ အကြောင်းအရာလေး တစ်ခုကိုလည်း ပြောပြချင်သေးတယ်။ အဲဒါကတော့ ကိုယ်တွေ့ဖူးတဲ့ ကမ္ဘာလှည့် ခရီးသည်တချို့ ပြောသွားခဲ့ကြတဲ့ စကားလေးပါပဲ။ သူတို့ပြောတာက "ကျွန်တော်တို့က ခင်ဗျားတို့နိုင်ငံကို ဒီလိုအချိန်မျိုးမှာ လာချင်တာ၊ ဒီလိုအချိန်မျိုးမှာ လမ်းဘေးက ထမင်းဆိုင်မှာ ၀င်စားချင်တာ၊ ခင်ဗျားတို့စီးတဲ့ ဘတ်စ်ကား၊ ခင်ဗျားတို့စီးတဲ့ ရထားကို စီးချင်တာ၊ ပြုပြင်ပြောင်းလဲရေး ကာလမှာ ခင်ဗျားတို့ ဘယ်လိုနေထိုင် စားသောက်ပြီး ဘယ်လိုရုန်းကန် ကြရသလဲ ဘယ်လိုတွေးခေါ် ခံစားကြရသလဲ ဆိုတာကို ကျွန်တော်တို့ကိုယ်တိုင် သိမြင်ခံစား ကြည့်ချင်တာပါ။ နောက်ငါးနှစ် ဒါမှမဟုတ် ၁၀ နှစ်လောက်ကြာတဲ့ အချိန်ရောက်ရင်တော့ ခင်ဗျားတို့ဆီကို အလုပ်မရှိဘဲနဲ့ အလည်သက်သက် အနေနဲ့တော့ မလာတော့ဘူး။ လာကြည့်ရင်လည်း အဲဒီအချိန်မှာ ခင်ဗျားတို့နိုင်ငံလည်း ထိုင်းတို့ စင်ကာပူတို့လောက်နီးနီး ဖြစ်နေတော့မှာမို့ ဘာမှထူးမှာ မဟုတ်တော့လို့ဘဲလို့ ပြောသွားပါတယ်။ ဒါ့ကြောင့် ကိုယ့်အနေနဲ့ ပြောရရင်တော့ ငွေကုန်ခံပြီး အလွန်အကျွံ မပြင်စေချင်ပါဘူး။ လက်ရှိ အခြေအနေကိုသာ ကြည့်ချင်နေတဲ့ နိုင်ငံတကာက လူတွေကို အပြုံးနဲ့ ဖော်ဖော်ရွေရွေ ဧည့်ခံပြလိုက်ရုံနဲ့ လူရောနတ်ပါ ချမ်းသာကိန်း ဆိုက်သွားမှာပါပဲ။
နောက်ပြောချင်တဲ့ အချက်တစ်ချက်ကတော့ လျှပ်စစ်ဓာတ်အား မီတာခတက်တဲ့ အကြောင်းပါ။ ကိုယ်တို့နိုင်ငံဟာ နိုင်ငံရေးတွေ ဘယ်လောက်ပြောင်းပြောင်း စီးပွားရေးက တိုးတက်မလာဘူး။ ဘာ့ကြောင့်လဲဆိုတော့ သုံးပျော်တဲ့ အဆင့်ရှိတဲ့ လူသုံးကုန် ပစ္စည်းတွေကို ဈေးချိုချိုနဲ့ များများစားစား မထုတ်လုပ်နိုင်သေးလို့ပါဘဲ။ ဒါကို မလုပ်နိုင်ရင် ပြည်သူပြည်သားတွေ ရေရှည်ချောင်လည်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ အဲဒီလိုဖြစ်ဖို့ အလိုအပ်ဆုံး အချက်နှစ်ချက် ရှိပါတယ်။ အဲဒါကတော့ လူတွေနည်းပညာ ကျွမ်းကျင်ပြီး ပြည်သူတွေ လျှပ်စစ်မီးကို ဈေးသက်သက်သာသာနဲ့ ဖောဖောသီသီ သုံးနိုင်အောင် အစိုးရက လုပ်ဆောင်ပေးဖို့ပါပဲ။ လူတွေ နည်းပညာကြွယ်ဝဖို့ အခြေခံ ပညာကောင်းဖို့ ဆိုတာတွေကို မဆွေးနွေးတော့ဘဲ ခုချက်ချင်း လက်ငင်းလျှပ်စစ်မီတာခ မတက်ရင် ဘာဖြစ်သွားနိုင်သလဲ၊ တိုင်းပြည်ချောက်ထဲအထိ ရောက်သွားနိုင် သလားလို့သာ မေးလိုက်ချင်တာပါပဲ။
အတွေးတွေ ဒီနေရာ အရောက်မှာ ကိုယ်တက္ကသိုလ် ကျောင်းသားဘ၀တုန်းက ဖတ်ခဲ့ဖူးတဲ့ ကာတွန်းလေး တစ်ပုဒ်ကို သွားသတိရမိပါတယ်။ ခုဆို အဲဒီကာတွန်းကို ရေးဆွဲခဲ့တဲ့ ကာတွန်းဆရာတောင် ကွယ်လွန်သွားခဲ့ ပါပြီ။ ကာတွန်းထဲမှာ သျှောင်တစောင်းလေးနဲ့ တရားခွင်က တရားခံဟာ ခေါင်းငိုက်စိုက် ချထားပါတယ်။ တရားသူကြီးက တရားခံကို "မင်းခိုးသလား" လို့မေးတယ်။ တရားခံက "ကျွန်တော် ခိုးမိပါတယ်" လို့ ဖြေတယ်။ တရားသူကြီးက "မင်းဘာလို့ ခိုးသလဲ" လို့မေးတယ်။ တရားခံက "စီးပွားရေး ကျပ်တည်းလို့ ခိုးမိပါတယ်" လို့ဖြေတယ်။ အဲဒီအခါမှာ တရားသူကြီးက "မင်းဘာ့ကြောင့် စီးပွားရေး ကျပ်တည်းရတာလဲ" လို့ ဆက်မေးတယ်။ အဲဒီအခါကျတော့ တရားခံဟာ ဆတ်ခနဲ ခေါင်းကိုမော့လိုက်ပြီး တရားသူကြီးကို လက်ညှိုးငေါက်ငေါက် ထိုးရင်းနဲ့ "ခင်ဗျားရဲ့ ဒီမေးခွန်းကို ကျုပ်တစ်သက်လုံး ဘယ်တော့မှ မဖြေဘူး၊ မြဲမြဲမှတ်ထား" လို့ပြန်ပြောလိုက်တဲ့ ကာတွန်းလေး ဖြစ်ပါတယ်။ ဟုတ်တော့လည်း ဟုတ်တာပါပဲ။ ပြည်သူတွေ ဘာလို့ စီးပွားရေး ကျပ်တည်းရတာလဲဆိုတဲ့ မေးခွန်းကို ဖြေရမယ်ဆိုရင် အဲဒီတုန်းက အစိုးရ အကင်းမပါးတာတွေ မစွမ်းဆောင်နိုင်တာတွေကို ထပ်ပြောနေရဦးမှာ မဟုတ်လား။ ဒါဆိုရင် အဲဒီအမှုက ခိုးမှုထက်ပိုပြီး အပြစ်ကြီးလေး သွားပေတော့မယ်။
နိုင်ငံရေးမှာ စေတနာနဲ့ လုပ်မှားကိုင်မှား ဖြစ်သွားတာကို ပြည်သူက ခွင့်လွှတ်နိုင်ပေမယ့် မရိုးသားတာကိုတော့ ဘယ်သူမှ ခွင့်လွှတ်နိုင်ကြမှာ မဟုတ်ဘူး။ ဥပမာ သာမန်အရပ်စကားနဲ့ ပြောရင်တောင်မှ လျှပ်စစ်မီတာခ မတက်လို့ နှစ်နှစ်၊ သုံးနှစ်လောက် အတွင်းမှာ ဒေါ်လာသန်းရာထောင်ချီ အကြွေးတင်သွားတော့လည်း ဘာအရေးလဲ၊ တင်ပစေပေါ့။ အခုနှစ်နှစ်၊ သုံးနှစ်လောက် အတွင်းမှာ ဘာပြဿနာမှ မတက်ဘဲ အရေးကြီးတဲ့ လုပ်ငန်းတွေ ချောချောမောမော ပြီးစီးသွားဖို့ကသာ အဓိက မဟုတ်လား။ ကိုယ့်နိုင်ငံဟာ သွေးမြေတစ်စက် မကျဘဲ စနစ်တစ်ခုကနေ စနစ်တစ်ခုကို ကူးမှကူးပြောင်း သွားနိုင်ပါ့မလားဆိုပြီး တစ်ကမ္ဘာလုံးက ရင်တမမနဲ့ စောင့်ကြည့်နေကြတာပါ။ ကိုယ်တို့တစ်တွေ တကယ်အောင်အောင်မြင်မြင်နဲ့ စနစ်ကူးပြောင်း သွားနိုင်ပြီဆိုရင် "အောင်ပြီကွလို့" ထပြီး လက်ခမောင်းခတ်ကြမယ့် လူတွေက ကိုယ်တို့မဟုတ်ဘူး၊ ဒီမိုကရေစီ စနစ်ကို မြတ်နိုးတဲ့ နိုင်ငံတကာ လူတွေပါပဲ။
ဘာကြောင့်လဲဆိုတော့ ကမ္ဘာပေါ်မှာ ဒီမိုကရေစီ စနစ်ကို ကူးပြောင်းဖို့ ကျန်နေသေးတဲ့ အစ်ကိုကြီးအရွယ် နိုင်ငံတစ်နိုင်ငံ အပါအ၀င် နိုင်ငံတွေ အများကြီး ကျန်နေသေးလို့ ဖြစ်ပါတယ်။ အဲဒါကြောင့် ကိုယ်တို့အောင်မြင်သွားရင် "ခင်ဗျားတို့ သိပ်ပြီးဆင်ခြေတွေ ပေးမနေကြနဲ့တော့။ မြန်မာနိုင်ငံကိုသာကြည့်၊ ကဲ အချိန်ဆွဲ မနေကြနဲ့တော့။ ခုချိန်ကစပြီး အဲဒီ မြန်မာနိုင်ငံ လုပ်ခဲ့တဲ့ အတိုင်းသာ ဆက်လုပ်ကြပေတော့" လို့ ဒီမိုကရေစီစနစ်ကို ကူးပြောင်းဖို့ ဖင့်လေးနေတဲ့ နိုင်ငံတွေကို တစ်ကမ္ဘာလုံးက ၀ိုင်းပြီးတိုက်တွန်း နိုင်ကြတော့မှာ မို့ပါပဲ။
ဒါ့ကြောင့် မီတာခ တက်လိုက်ပြီလို့ ရုတ်တရက် ကြေညာလိုက်တဲ့ ပုံစံမျိုး ခံယူချက် မျိုးနဲ့တော့ ဘာမှထပ်မလုပ် ကြပါနဲ့တော့လို့ ပြောချင်မိပါတယ်။ တကယ်လို့ အဲဒီခံယူချက်မျိုးနဲ့ ဆက်လုပ်နေဦးမယ်ဆိုရင် တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ငြိမ်းချမ်းရေးရဖို့ ကြိုးစားမှု အပါအ၀င် ကိုယ်တို့နိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးမှာ ဘယ်လိုရလဒ်တွေ ရလာနိုင်သလဲလို့ ကိုယ့်ကိုလာမေး မနေကြပါနဲ့တော့။ ဘာ့ကြောင့်လဲဆိုတော့ အဲဒီမေးခွန်းကို ကိုယ်ဘယ်တော့မှ ဖြေမှာမဟုတ်လို့ပါပဲ။
(နေပြည်တော် အမျိုးသား အထိမ်းအမှတ် ဥယျာဉ်အား တွေ့ရစဉ်)
အေးချမ်းမွန် Credit To >Eleven Media Group
Post a Comment