0


စိတ်ကူးယဉ် သိပ္ပံရုပ်ရှင်ဇာတ်ကား X-Men စီးရီးများတွင် သံနှင့် သတ္တုများကို စိတ်တိုင်းကျ ဆွဲယူ ထိန်းချုပ်နိုင်သည့် Magneto ဆိုသော ဗီလိန်ဇာတ်ကောင်ကို လူအများ ရင်းနှီးပြီး ဖြစ်သည်။ သို့သော်လည်း ဂျာမန်သား စိတ်တန်ခိုးရှင် တစ်ဦးကမူ စိတ်ကူးယဉ် မဟုတ်သည့် လက်တွေ့ Magnetoအဖြစ် သက်သေထူ လက်တွေ့ပြသခဲ့သည်။ အသက်(၅၅)နှစ်ရှိ မီရိုဆလော မန်ဂိုလာသည် ၎င်း၏ ခန္ဓာကိုယ် အစိတ်အပိုင်းများကို သတ္တုများအား ဆွဲဆောင်သည့် သံလိုက်သဖွယ် အသုံးချနိုင်သူ ဖြစ်သည်။ ၎င်းသည် သံလိုက်လူသား Magnetoနှင့် နှိုင်းယှဉ် ခိုင်းနှိုင်း ခံနေရပြီး ယင်းဖြစ်စဉ်တွင် အဓိကကျသည့် စွမ်းဆောင်မှုမှာ မိမိ၏ စိတ်စွမ်းအင်ပင်ဖြစ်ကြောင်း မီရိုဆလောက ပြောကြားခဲ့သည်။

၎င်းလေ့ကျင့်ထားသည့် စိတ်စွမ်းအင်သည် အလွန်အားကောင်း သန်မာသဖြင့် သတ္တုပစ္စည်းများကို ကပ်ငြိနေအောင် ဆွဲဆောင်နိုင်စွမ်းရှိကြောင်း ရှင်းပြခဲ့သည်။ မီရိုဆလောသည် လက်တွင်ဖြစ်စေ၊ ရင်ဘတ်တွင်ဖြစ်စေ ဘီယာဘူးများ၊ သတ္တုအိုးများ၊ အကြော်ဒယ်ပြားများကို ကပ်နေအောင် ဆွဲထားနိုင်သည်။ နဖူးပေါ်တွင်လည်း သတ္တုပစ္စည်းများကို ကပ်ငြိနေအောင် အေးအေးလူလူ လုပ်ဆောင်ပြနိုင်သူ ဖြစ်သည်။ "(၁၉၉၀)ပြည့်လွန် နှစ်တွေလောက်မှာ ကျွန်တော့်အနေနဲ့ သက်မဲ့ပစ္စည်းတွေကို စိတ်နဲ့ ဘယ်လို စေစားကိုင်တွယ် နိုင်မလဲဆိုတဲ့ လမ်းစတစ်ခုကို စတွေ့လာတယ်။ အဲဒီနောက် ကျွန်တော် ပိုပြီး အသေးစိတ် လေ့ကျင့်ခဲ့ပါတယ်။ ကမ္ဘာ့ဆွဲအားကို ကျွန်တော် ဆန့်ကျင်ဖီဆန်လာနိုင်တယ်။ အရာဝတ္ထုတွေကို ဆွဲဆောင်ဖို့ ကျွန်တော့် ခြေလက်တွေကို သက်ရှိ သံလိုက်ချောင်း တစ်ခုလို အသုံးပြုလာနိုင်တယ်။ ဒီဖြစ်ရပ်မှာ အရေးအကြီးဆုံးက အားကောင်းတဲ့ စိတ်တန်ခိုးပဲ ဖြစ်ပါတယ်"ဟု ၎င်းက ရှင်းပြခဲ့သည်။

ကလေးတစ်ဦး၏ ဖခင်ဖြစ်သော မီရိုဆလောက မိမိကို လူလိမ်တစ်ဦးသဖွယ် စွပ်စွဲမှုများကိုလည်း ငြင်းဆန်ခဲ့သည်။ ထို့အပြင် ယခုနည်းလမ်းမျိုးကို သံလိုက်ဓာတ် အခံရှိသည့် လူအတော်များများ လေ့ကျင့်နိုင်စွမ်းရှိကြောင်းလည်း မှတ်ချက်ပြုခဲ့သည်။ "စိတ်တန်ခိုးကို အလေ့အကျင့် များများပြုလုပ်နိုင်ရင် လူတွေဟာ ကိုယ့်ရဲ့ သံလိုက်စွမ်းအင်ကို အသုံးချနိုင်ပါလိမ့်မယ်။ အရာဝတ္ထုတွေကို လက်နဲ့ ကိုင်ထားစရာ မလိုဘဲ ဒေါင်လိုက်၊ အလျားလိုက်၊ ဒါမှမဟုတ် စက်ဝန်းပတ် ရွေ့လျားနိုင်ပါတယ်။ တချို့ သံလိုက်ဓာတ် အခံရှိတဲ့သူတွေက အရေပြားအောက်က ထွက်ပေါ်လာတဲ့ အရှိန်အဟုန် တစ်ရပ်နဲ့ ပစ္စည်းတွေကို ထိန်းချုပ်စေခိုင်းနိုင်ပါတယ်"ဟုလည်း ၎င်းက ရှင်းပြခဲ့သည်။

မီရိုဆလောသည် သတ္တုများအပြင် ပလပ်စတစ် ပစ္စည်းများကိုပါ ခန္ဓာကိုယ်နှင့် ကပ်နေအောင် လုပ်ပြနိုင်ခဲ့သည်။ မီရိုဆလော၏ ရည်မှန်းချက်မှာ ဆယ်စုနှစ် (၅)ခုကြာသည်အထိ မည်သူမျှ မရယူနိုင်ဘဲ ရှိနေသည့် One Million Dollar Paranormal Challenge ပြိုင်ပွဲမှ ဒေါ်လာ(၁)သန်းတန်ဆုကို ရယူရန် ဖြစ်သည်။ အဆိုပါ ပြိုင်ပွဲတွင် လူတစ်ဦး၌ သဘာဝလွန် ဖြစ်ရပ်ထူးများ ဖြစ်ပေါ်နေကြောင်း ခိုင်မာစွာ သက်သေပြနိုင်ပါက ဆုကြေးငွေကို ပေးအပ်မည် ဖြစ်သည်။ ယခင်က အဆိုပါ စိန်ခေါ်မှုကို လက်ခံယှဉ်ပြိုင်သူများ ရှိသော်လည်း လိမ်ညာမှုများ ပါဝင်ကြောင်း စစ်ဆေးတွေ့ရှိလာသည့်နောက် ဆုပေးအပ်ခဲ့ခြင်း မရှိချေ။

မီရိုဆလောက "ကျွန်တော် နှစ်ပေါင်းများစွာ စောင့်ခဲ့ပြီးပါပြီ။ လေ့ကျင့်တယ်၊ သုတေသနပြုတယ်။ ဒီဒေါ်လာ(၁)သန်းတန် စိန်ခေါ်မှုကို ကျွန်တော် လက်တွေ့ အနိုင်ယူလိုပါတယ်။ ကျွန်တော့်ကို လူလိမ်လို့ သမုတ်နေသူတွေကို ရုပ်မြင်သံကြားကနေ ကျွန်တော့်စွမ်းရည်ကို လက်တွေ့ပြပြီး သူတို့ရဲ့ တုံ့ပြန်လာမှုကို နားထောင်နိုင်ဖို့ မစောင့်နိုင်အောင် ဖြစ်နေမိပါပြီ"ဟုလည်း ဖွင့်ဟသွားသည်။

အေးချမ်းမွန် Credit To >Planet Myanmar Network https://www.facebook.com/excellencemedia

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top