အယ်ဒီတာ့အာဘော်
သန်းခေါင်စာရင်းပြဿ နာ ဘယ်လိုဖြေရှင်းမည်လဲ
မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၃၀ ကျော်အတွင်း ပထမဆုံးအဖြစ် သန်းခေါင်စာရင်းကောက်ယူမှုကို မတ်လ ၃၁ ရက် သန်းခေါင်ချိန်မှ စတင်ကောက်ယူလျက် ရှိသည်။ နှစ်ပေါင်း ၃၀ ကျော် သန်းခေါင်စာရင်းကောက်ယူမှု အတွေ့အကြုံမရှိခဲ့သည့် မြန်မာနိုင်ငံသည် သန်းခေါင်စာရင်းကောက်ယူမှုတွင် အခက်အခဲများ၊ ပြဿ နာများနှင့် ကြုံတွေ့နေရပြီဖြစ်သည်။
သန်းခေါင်စာရင်းကောက်ခံမှုတွင် ၀န်ထမ်းများ၏ လုပ်ငန်းမကျွမ်းကျင်မှု၊ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်နေသည့် အခြေအနေများ၊ ကချင်ပြည်နယ်အတွင်း ဒေသအချို့တွင် သန်းခေါင်စာရင်းကောက်ခံမှုကို ကချင်လွတ်လပ်ရေးအဖွဲ့က လက်မခံမှု စသည့် အခြေအနေများပင်ဖြစ်သည်။
ထောက်ပြပြောဆိုလိုသည်မှာ သန်းခေါင်စာရင်းကောက်ယူမှုအတွက် တာဝန်ယူထားသူများ၊ ဦးစီးလုပ်ဆောင်သူများ၊ စီမံကိန်းများ ချမှတ်လုပ်ကိုင်သူများသည် ကြုံတွေ့လာနိုင်သည့် အခက်အခဲများ၊ ပြဿ နာများအတွက် ကြိုတင်ပြင်ဆင်မှုအားနည်းခြင်း၊ ဖြေရှင်းရန်နည်းလမ်း ကြိုတင်တွေးဆထားခြင်း မရှိသည်ကို တွေ့ရခြင်းဖြစ်သည်။
ကချင်ပြည်နယ်အတွင်းဒေသအချို့၌ ကချင်လွတ်လပ်ရေးအဖွဲ့က သန်းခေါင်စာရင်းကောက်ခံမှုကို လက်မခံဟု အစိုးရသတင်းစာများကို ထုတ်ပြန်သော်လည်း သန်းခေါင်စာရင်း မကောက်နိုင်ခြင်းအတွက် မည်သို့စီစဉ်ထားသည်၊ မည်သို့ ဆက်လက်ဆောင်ရွက်မည်ကိုမူ ထည့်သွင်းဖော်ပြထားခြင်းမရှိပေ။ တစ်နည်းအားဖြင့် ခက်ခဲသည့် ပုစ္ဆာတစ်ပုဒ်အတွက် အဖြေမရှာနိုင်သေးခြင်း၊ ဖြေရှင်းမည့်နည်းလည်း မရှိသေးခြင်း ဖြစ်သည်။
အလားတူပင် ရခိုင်ပြည်နယ်အတွင်း အခြေအနေများမှာလည်း စိုးရိမ်ဖွယ်အခြေအနေများဖြစ်သည်။ ဒေသနေသူတို့က ရိုဟင်ဂျာဟုဆိုကြပြီး အစိုးရက ရိုဟင်ဂျာဟူသည့် အသုံးအနှုန်းကို လက်မခံခြင်းကြောင့် သန်းခေါင်စာရင်း ကောက်ယူနိုင်ခြင်းမရှိပေ။ ဤနေရာတွင် အသုံးအနှုန်း ဝေါဟာရတစ်ခုကို လက်ခံရန် သို့မဟုတ် သုံးနှုန်းခြင်းမပြုရန် ပြောလိုခြင်းမဟုတ်ပါ။
ပြောလိုသည်မှာ ထိုဒေသများတွင် သန်းခေါင်စာရင်းကောက်ယူနိုင်ခြင်းမရှိသည်ကို မည်သို့လုပ်ဆောင် မည်နည်းဟူသည့် မေးခွန်းကို အဖြေထုတ်ပေးရန်ဖြစ်သည်။ သတင်းစာဆရာများက ထိုအခြေအနေများကို သန်းခေါင်စာရင်းကောက်ယူနေကြသည့် တာဝန်ရှိသူများကို မေးမြန်းရာတွင် တိကျသည့် အဖြေမရ ပေ။
သို့ဆိုလျှင် နှစ် ၃၀ အတွင်း ပထမဆုံးအကြိမ် ပြန်လည်ကောက်ယူမည့်၊ ငွေကြေးမြောက်မြားစွာ ကုန်ကျမည့် သန်းခေါင်စာရင်း လုပ်ငန်းစဉ်ကြီး အောင်မြင်မည့် အလားအလာကို တွက်ဆကြည့်ရန် လိုအပ်ပါလိမ့်မည်။ ထို့အတူ သန်းခေါင်စာရင်းကောက်ယူနိုင်ခြင်း မရှိသည့် ဒေသများအတွက် မည်သို့ လုပ်ဆောင်မည် ဟူသည်ကိုလည်း တိကျသည့် အဖြေထုတ်ပေးရန် လိုအပ်ပါလိမ့်မည်။
သန်းခေါင်စာရင်းကောက်ခံမှုအတွက် အဓိက ရန်ပုံငွေပံ့ပိုးပေးသည့် အဖွဲ့အစည်းဖြစ်သော ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေအဖွဲ့သည်ပင်လျှင် ဧပြီလ ၁ ရက်က “သန်းခေါင်စာရင်းကောက်ယူမှု နိုင်ငံတကာ စံနှုန်းများ၊ လူ့အခွင့်အရေး အခြေခံစည်းမျဉ်းများနှင့် သဘောတူညီထားသော လုပ်ထုံးလုပ်နည်းများမှ ရှောင်ခွာ သွားခြင်းအတွက် လေးလေးနက်နက် စိုးရိမ်မိသည်”ဟု ထုတ်ပြန်ထားသည်။
အလားတူပင် နိုင်ငံတကာပဋိပက္ခများလေ့လာရေးအဖွဲ့ကလည်း မြန်မာနိုင်ငံ၏သန်းခေါင်စာရင်းကောက် ယူမှုသည် တိုင်းရင်းသားများနှင့် စိတ်ဝမ်းကွဲနိုင်သည့် အခြေအနေရှိခြင်းကြောင့် ခေတ္တ ရပ်ဆိုင်းထားရန် ထုတ်ပြန်ထားခဲ့သေးသည်။ တိုင်းရင်းသားများ မြောက်မြားစွာရှိနေသည့် မြန်မာနိုင်ငံအတွက် သန်းခေါင် စာရင်းကောက်ယူမှုသည် များစွာခက်ခဲနေပြီး မျိုးနွယ်စု အခွဲပေါင်းများစွာ ရှိနေခြင်းကြောင့် တိုင်းရင်းသားတို့၏ ကန့်ကွက်မှုများလည်း ထွက်ပေါ်လာခဲ့သည်။
အထက်တွင်ဖော်ပြခဲ့သည့် ကချင်ပြည်နယ်အတွင်း သန်းခေါင်စာရင်းကောက်ယူရာတွင် အခက်အခဲများ၊ ရခိုင်ပြည်နယ်အတွင်း ကောက်ယူမှုကို လက်ခံသည့် အခြေအနေများအတွက် သန်းခေါင်စာရင်းကောက် ယူမှုလုပ်ငန်းစဉ်ကို ချမှတ် အကောင်အထည်ဖော်နေသည့် အစိုးရက မည်သို့ဖြေရှင်းမည်ကို ရှင်းလင်းပွင့်လင်းစွာ ချပြသင့်ပြီဖြစ်သည်။
Aye Chan Mon# Credit To : Mizzima - News in Burmese> ပြန်လည် မျဝေခြင်း ဖြစ်ပါသည်
Post a Comment