0


Written by ဒေါက်တာအောင်ကိုကို (စီးပွားရေးပညာ၊ စီးပွားရေးပေါ်လစီ)

မည်သည့်အရာမဆို ယင်းတွင်တန်ဖိုး (Value) တစ်ခုရှိသလို၊ လူသားတို့ နေ့စဉ် ကျင်လည်သော လူမှုစီးပွား ၀န်းကျင်တွင်မူ ယင်းတန်ဖိုး (Value) ကို ဈေးနှုန်း (Price) တစ်ခုအဖြစ် သတ်မှတ်လေ့ရှိသည် ဆိုသည်ကို တွေ့နိုင်သည်။

သို့သော် ယင်း၏တန်ဖိုး (Value) သည် နေရာဒေသ (Place) နှင့် အချိန်ကာလ (Time) ပေါ် မူတည်သည်ကို ကွဲပြားခြားနားလေ့ရှိသည် ဆိုသည်ကိုလည်း တွေ့မြင်နိုင်သည်။ ဥပမာ- စီးပွားရေး ပညာရှင်တစ်ဦး၏ တန်ဖိုးသည် လည်းကောင်း၊ သံပရာသီး တစ်လုံး၏ တန်ဖိုးသည် လည်းကောင်း၊ ဓာတ်ဆား တစ်ထုပ်၏ တန်ဖိုးသည် လည်းကောင်း အားလုံးသော တန်ဖိုးတို့သည် နေရာဒေသနှင့် အချိန်ကာလတို့ပေါ်တွင် မူတည်ကာ ကွဲပြားခြားနားသလို ယင်းနှင့်တစ်ပြိုင်တည်း ယင်းတို့၏ ဈေးနှုန်းတို့သည်လည်း ကွဲပြားသွားတတ်သည် ဆိုသည်ကို လေ့လာတွေ့ရှိနိုင်သည်။

ရှိသင့်ရှိထိုက်သော ဈေးနှုန်းထက် အဆမတန် မြင့်မားနေလျှင် ယင်းနှင့်အတူ နောက်ဆက်တွဲ ဘေးထွက်ဆိုးကျိုးများ ဖြစ်ပေါ်လာတတ်သည်။ သို့သော် မည်သည့်ပစ္စည်းမဆို (၁) အသုံးဝင်မှု (Utility) ၊ (၂) ရှားပါးမှု (Scarcity) ၊ (၃) အမြတ်အစွန်း ရရှိနိုင်မှု (Profitability) တို့ အပေါ်တွင် ယေဘုယျ မူတည်ကာ တန်ဖိုးနှင့် ဈေးနှုန်းက ဖြစ်ပေါ်လာလေ့ရှိသည်။

ယနေ့ မြန်မာနိုင်ငံ၏ မြေဈေးမှာ ရှိသင့်ရှိထိုက်သော ဈေးနှုန်းများထက် အဆမတန် မြင့်မားနေသည်ဟု ဆိုလျှင် ယင်း၏ အကျိုးဆက်များကို ဦးစွာခန့်မှန်းနိုင်ရန် လိုအပ်ပေသည်။ မြေဈေးကြီးမြင့်မှုသည် ကုန်ထုတ်လုပ်မှု စရိတ်ကို မြင့်မားစေပြီး မိမိနိုင်ငံ၏ ပြည်ပပို့ကုန် ဈေးကွက်တွင် ဈေးနှုန်းအရ ယှဉ်ပြိုင်နိုင်မှု စွမ်းရည် (Competitive Potential) ကို နိမ့်ကျစေခြင်း (တစ်နည်းအားဖြင့် ပြည်ပပို့ကုန် ဈေးကွက်များသို့ မိမိနိုင်ငံ ထုတ်ကုန်ပို့ကုန်များ တင်ပို့ရောင်းချရာတွင် ခက်ခဲပြီး) မိမိနိုင်ငံသို့ တင်သွင်းကုန်များ (Imports) နှင့် ယှဉ်ပြိုင်ထုတ်လုပ်ရာတွင် မိမိနိုင်ငံထက် ကုန်ထုတ်လုပ်မှုစရိတ် နိမ့်ကျအောင် ထုတ်လုပ်နိုင်စွမ်းရှိသော ပြည်ပနိုင်ငံများမှ သွင်းကုန်များနှင့် ယှဉ်ပြိုင်ရန် ခက်ခဲခြင်းမှတစ်ဆင့် မြန်မာနိုင်ငံ၏ ပို့ကုန်သွင်းကုန် အမျိုးအစား တည်ဆောက်ပုံကို ပြောင်းလဲနိုင်ရန် ခက်ခဲလာခြင်း၊ တန်ဖိုးမြှင့်ထုတ်ကုန်များ (Value-added Products) များ ထုတ်လုပ်နိုင်ရန် ခက်ခဲခြင်း၊ ပြည်ပနိုင်ငံများ၏ နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု များသည်လည်း ရေတိုကာလ ဆူလွယ်နပ်လွယ်သော အမြတ်အစွန်း ကျိန်းသေရရှိနိုင်မည့် စီးပွားရေးကဏ္ဍ အနည်းစုတွင်သာ ရင်းနှီးမြှုပ်နှံမှု မြင့်မားလာခြင်းနှင့်အတူ နိုင်ငံ၏ ငွေကြေးစီးဆင်းမှု ပုံသဏ္ဌာန်နှင့် ၀င်ငွေစီးဆင်းမှု ပုံသဏ္ဌာန်တို့ကို ဘေးထွက်ဆိုးကျိုးများ ပေးလာခြင်း၊ ထို့အပြင် နိုင်ငံ၏စီးပွားရေး ဖွံ့ဖြိုးမှုနှုန်း တိုးတက်မြင့်မား လာလျှင်လည်း နိုင်ငံသားအများစု ပါဝင်လုပ်ကိုင်နေသော လယ်ယာကဏ္ဍ (နိုင်ငံလူဦးရေ ရာခိုင်နှုန်း ၇၀ ခန့်ရှိသော ကျေးလက်နေပြည်သူ အများစု လုပ်ကိုင်နေသော စီးပွားရေးကဏ္ဍ) ၏ ဖွံ့ဖြိုးတိုးတက်မှုကို မချိတ်ဆက်ပေးနိုင်ခြင်း အစရှိသော ပြဿနာများကို တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်၍ ဖြစ်တည်စေနိုင်သည်။

ထို့ကြောင့် ဤမြေဈေး အဆမတန် ကြီးမြင့်နေမှု ပြဿနာ၏ ဇာစ်မြစ်များကို သရုပ်ခွဲလျင် -

(က) ၀င်ငွေခွဲဝေမှု မညီမျမှု (Income Inequality) (တစ်နည်းအားဖြင့် ၀င်ငွေခွဲဝေမှု မညီမျှမှု အဆမတန် ကြီးမြင့်လာမှုကြောင့် မြေကဲ့သို့သော ပိုင်ဆိုင်မှုပစ္စည်း (Asset) ၏ တန်ဖိုးသည် အဆမတန် ကြီးမြင့်လာပြီး အရင်းအနှီး ပိုင်ဆိုင်သူနှင့် လုပ်အား ပိုင်ဆိုင်သူတို့ အကြားတွင် ရရှိသော အမြတ်အစွန်းနှင့် လုပ်ခလစာ တိုးတက်မှုနှုန်းမှာ ကွာဟလာခြင်းနှင့်လည်း ဆက်စပ်ပါသည်။)

(ခ) စီးပွားရေး အခွင့်အလမ်းများ မညီမျှမှု (တစ်နည်းအားဖြင့် ယနေ့တိုင်အောင် စီးပွားရေး အခွင့်အလမ်းများ၊ မညီမျှမှု ပုံသဏ္ဌာန်မျိုးစုံ ကျန်ရှိနေသေးသည်ကို တွေ့မြင်ရသည်။)

(ဂ) စီးပွားရေး သတင်းအချက်အလက် ရရှိမှု မတူညီမှု (တစ်နည်းအားဖြင့် ဈေးကွက်စီးပွားရေး စနစ်တွင် ဈေးကွက်နှင့် ပတ်သက်သော သတင်းအချက်အလက်များ တစ်ပြေးညီ ရရှိရမည် ဖြစ်အောင်လည်း အကျိုးအမြတ် ကြီးမားသည့် ဈေးကွက်များ၏ သတင်းအချက်အလက် များရရှိမှု မတူညီမှုများ ရှိနေသေးသည်ကို တွေ့မြင်ရသည်။)

(ဃ) စီးပွားရေး ကဏ္ဍများအကြား အရင်းအနှီး ပြောင်းရွှေ့မှု (Capital Mobility) မတူညီမှု။

(င) ရင်းနှီးမြှုပ်နှံမှု ဈေးကွက်များ (Investment Markets) မဖွံ့ဖြိုးသေးမှု။

(စ) နိုင်ငံခြားသားများ (သို့မဟုတ်) အစုအဖွဲ့များမှ ၀င်ရောက် ဈေးကစားမှု (တစ်နည်းအားဖြင့် နိုင်ငံခြားသားများ၏ တစ်ဦးချင်း အနေဖြင့်၊ အစုအဖွဲ့ အနေဖြင့် မြန်မာမြေဈေးကို ချုပ်ကိုင်ရန် ကြိုးပမ်းခြင်းဖြင့် ခဲတစ်လုံးဖြင့် ငှက်နှစ်ကောင်မက ပစ်နိုင်သည့် အခြေအနေကို ရယူရန် ဖန်တီးခြင်း၊ တစ်နည်းအားဖြင့် မြေဈေးကြီးမြင့်မှုကို ဆွဲတင်နိုင်ခြင်းသည် ကုန်ထုတ်လုပ်မှု စရိတ်ကို ကြီးမြင့်စေခြင်းနှင့် ပြည်ပနိုင်ငံများ၏ အရင်းအနှီးများကို ထုတ်လုပ်မှု ကဏ္ဍတွင်းသို့ ရင်းနှီးမြှုပ်နှံမှု နည်းပါးစေခြင်းဟူသော သဘောဆောင်ပါသည်။)

သို့သော် မြေဈေးကြီးမြင့်မှု၊ လျှပ်စစ်ဓာတ်အား မလုံလောက်မှု၊ အခြေခံအဆောက်အအုံ (Infrastructure) မပြည့်စုံမှုများသည် မြန်မာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု (ရေရှည်ဖွံ့ဖြိုးတိုးတက်မှု) ၏ အဓိက အဟန့်အတားများ (အဓိက အခက်အခဲများ) ဖြစ်နေပါသည်။

တစ်ချိန်တည်းတွင် နိုင်ငံရေးပြုပြင် ပြောင်းလဲမှုများသည် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမတိုင်မီ တစ်ပြေးညီ ယှဉ်ပြိုင်နိုင်သော နိုင်ငံရေး အခင်းအကျင်းများ ဖြစ်ပေါ်လာလျှင်လည်း ယင်းအဆိုပါ အခက်အခဲ အများစုသည် ပြေလည်သွားနိုင်သည်ဟု ယူဆခန့်မှန်းပါသည်။ သို့မဟုတ်ပါက အဆိုပါ အခက်အခဲများသည် ပို၍ဆိုးရွားသော အခြေအနေများ အဖြစ်သို့ ပြောင်းလဲသွားနိုင် ပေသည်။

အေးချမ်းမွန် Credit To >https://www.facebook.com/excellencemedia

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top