ယမန်နှစ် ၁၃၇၄ ခုနှစ် သီတင်းကျွတ် လပြည့်နေ့က ရွှေတိဂုံစေတီတွင် ဘုရားဖူး လာရောက်သူများအား တွေ့ရစဉ် (ဓာတ်ပုံ) အောင်ဇော်ထွန်း
Written by အရှင်ပညာသီဟာဘိဝံသ (တရားဦးဓမ္မစကြာ)
ဗုဒ္ဓဘာသာဝင်တို့သည် သီတင်းကျွတ် လပြည့်နေ့ကို 'အဘိဓမ္မာ အခါတော်နေ့' ဟု နေ့ထူးနေ့မြတ် သတ်မှတ်ကြလျက် ကုသိုလ်ကောင်းမှုများ ပြုလေ့ရှိကြပါသည်။
ဘုရားရှင်သည် မဟာသက္ကရာဇ် ၁၀၉ ခုနှစ် ၀ါဆိုလပြည့်နေ့တွင် သာဝတ္ထိမြို့ သရက်ဖြူကုန်းတွင် ရေမီးအစုံစုံသော တန်ခိုးပြာဋိဟာကို ပြတော်မူရာ လူပရိသတ် သုံးဆယ့်ခြောက် ယူဇနာတိုင် လာရောက်ဖူးမြော် ကြကုန်၏။ လူတို့သည် တန်ခိုးပြာဋိဟာကို အံ့သြကြည်ညိုစွာ ကြည့်နေစဉ် လအထောင်၊ နေအထောင်တို့ ကွယ်ပျောက် သကဲ့သို့ ဘုရားရှင်သည် မြင်ကွင်းမှ ရုတ်တရက် ကွယ်ပျောက်တော် မူသွား၏။
မြင်ကွင်းမှ ပျောက်ကွယ်သဖြင့် လူတို့က ''အရှင်ဘုရား အခု မြတ်စွာဘုရား ဘယ်ကြွသွားတာပါလဲ ဘုရား'' ဟု အရှင်မောဂ္ဂလာန်ကို မေးလျှောက်ကြရာ အရှင်မြတ်သည် ကိုယ်တိုင်သိပါ သော်လည်း အရှင်အနုရုဒ္ဓါ၏ ဂုဏ်ကို ပရိသတ်အလယ် ဖော်ထုတ်လို၍ ''အရှင်အနုရုဒ္ဓါကို မေးလျှောက်ကြ'' ဟု မိန့်တော်မူသဖြင့် အရှင်အနုရုဒ္ဓါကို မေးလျှောက်ကြရာ ''အခုအခါ ဘုရားမြတ်စွာသည် တာဝတိံသာ နတ်ပြည်ရှိ ပင်လယ်က သစ်ပင်အောက် ပဏ္ဍုကမ္ဗလာ မြကျောက်ဖြာထက်၌ သီတင်းသုံးတော်မူပြီး မယ်တော်မိနတ်သား အမှူးထား၍ နတ်ဗြဟ္မာတို့အား တစ်ဝါတွင်းလုံး အဘိဓမ္မာ တရားတော်ကို ဟောကြားတော် မူပါမည်။ ဘုရားရှင်တိုင်း ရေမီးအစုံစုံသော တန်ခိုးပြာဋိဟာကို ပြတော်မူပြီးလျှင် တာဝတိံသာ နတ်ပြည်၌ ၀ါကပ်တော်မူမြဲ ဓမ္မတာဖြစ်၍ ရှေးဘုရားရှင်တို့ နည်းတူ ခုနစ်ဝါမြောက်ကို ထိုတာဝတိံသာ နတ်ပြည်၌ ၀ါကပ်တော် မူပါမည်'' ဟု မိန့်တော်မူပါသည်။
''လူ့ပြည်သို့ ဘယ်တော့ပြန်ကြွ လာမှာတုံး ဘုရား'' ဟု ထပ်၍ မေးလျှောက်ကြသဖြင့် ''၀ါလကင်းလွတ် သီတင်းကျွတ် လပြည့်နေ့တွင် ပြန်ကြွမည် ဖြစ်ကြောင်း'' မိန့်ကြား တော်မူသဖြင့် -
''ငါတို့သည် မြတ်စွာဘုရား ပြန်ကြွ မလာမချင်း မပြန်ကြတော့ကုန်'' ဟု ကြံ၍ ထိုသရက်ဖြူကုန်းတွင် သစ်ရွက်တဲများထိုး၍ နေကြကုန်၏။ မြေကြီးသည် လူတို့၏ အညစ်အကြေးတို့ကို မျိုပစ်သဖြင့် ထိုနေရာသည် အမြဲစင်ကြယ်နေသတဲ့။
မြတ်စွာဘုရားသည် အရှင်မောဂ္ဂလာန်ကို ''သင်က တစ်ဝါတွင်းလုံး လူတို့အား တရားဟော။ စူဠအနာထပိဏ် သူဌေးက လူတို့ကို ကျွေးမွေးလှူဒါန်း'' ဟု မိန့်တော်မူခဲ့သဖြင့် တရားဟောခြင်း၊ အ၀တ်ဆေးဝါး၊ အစားအစာ ကျွေးမွေးခြင်းကို တစ်ဝါတွင်းလုံး သရက်ဖြူ ကုန်းတွင် ကုသိုလ်ယူ ဆောင်ရွက်နေကြ၏။
ဝါဆိုလပြည့်နေ့ နေညိုချိန်မှစ၍ မယ်တော် တော်စပ်ခဲ့ဖူးသော သန္တုသိတ နတ်သားနှင့် စကြ၀ဠာ တိုက်တစ်သောင်းမှ ရောက်လာကြကုန်သော နတ်ဗြဟ္မာ အပေါင်းတို့အား အဘိဓမ္မတရားကို စတင်ဟောကြားတော် မူပါသည်။
တာဝတိံသာ နတ်ပြည်တွင် အဘိဓမ္မာ တရားကို နေ့ညအသံမစဲ ဟောကြားတော်မူပြီး လူ့ရွာသို့ ဆွမ်းခံဝင်ချိန်၌ နိမ္မိတ ရုပ်ပွားတော်ကို ဖန်ဆင်းတော်မူပြီး ''နိမ္မိတ ရုပ်ပွားတော်၏ သင်္ကန်းရုံဟန်၊ ကိုယ်နေသဏ္ဌာန်၊ အသံတော်၊ အသွင်အပြင်၊ အမူအရာ အားလုံးတို့သည် ငါးဘုရားနှင့် ထပ်မျှတူသူ ဖြစ်ပါစေ။ ဤမျှသော တရားတော်ကို ငါ၏ကိုယ်စား ဟောကြားတော် မူရစ်ပါစေ'' ဟူ၍ အဓိဋ္ဌာန် ထားခဲ့ပါသည်။ တန်ခိုးကြီးသော နတ်ဗြဟ္မာတို့သာ ဗုဒ္ဓအစစ်နှင့် နိမ္မိတဘုရားကို ခွဲခြားသိနိုင်ကြသည် ဟူ၏။
ဘုရားမြတ်စွာသည် အနောတတ်အိုင်သို့ ဦးစွာကြွချီတော်မူပြီး နတ်များက ကွမ်းရိုးဒန်ပူကို ဆက်ကပ်ကြသဖြင့် ဒန်ပူဝါးကာ အနောတတ်အိုင်၌ပင် ရေချိုးသန့်စင်တော် မူပါသည်။ ထို့နောက် ဆေးဒါန်းမြင်းသီလာ ကျောက်ဖြာထက်တွင် နှစ်ထပ်သင်္ကန်းကြီးကိုရုံ၍ နတ်မင်းကြီး လေးပါးတို့ ကပ်လှူထားသော ကျောက်ညို အဆင်းရှိ သပိတ်တော်ကို ပွေ့ပိုက်တော်မူလျက် မြောက်ကျွန်းသို့ ဆွမ်းခံဝင်တော်မူ၏။ အနောတတ် အိုင်အနီးသာ ယာပြန့်ပြူးကမ်းဦးတွင် သပ္ပာယ်စွာ ထိုင်တော်မူလျက် နေ့ဆွမ်း ဘုဉ်းပေးတော်မူ၏။ ထို့နောက် နေ့သန့်တော်မူ (နားနေ) ရန် စန္ဒကူးတောသို့ ကြွတော်မူပါသည်။
အရှင်သာရိပုတ္တရာသည် ထိုစန္ဒကူးတောသို့ လာရောက်၍ ဘုရားရှင်အား ၀တ်ကြီးဝတ်ငယ် ပြုသဖြင့် ''ချစ်သားသာရိပုတ္တ ဒီကနေ့ အဘိဓမ္မာ တရားကို ဤမျှ ဟောကြားတော်မူခဲ့ပြီ'' ဟု အကျဉ်းနည်း ဟောပြတော်မူ၏။ ပညာဧတဒဂ် အရှင်သည် ထိုအကျဉ်း နည်းမျှဖြင့်ပင် အဘိဓမ္မာကို နည်းပေါင်း ထောင်သောင်းမက အကျယ်ချဲ့၍ သိနိုင်၏။ ကမ်းနား၌ ရပ်လျက် သမုဒ္ဒရာကြီးကို ပြသကဲ့သို့ ထင်းလင်းတော့၏။ အရှင်သာရိ ပုတ္တရာကို ဟောကြားပြီးမှ တာဝတိံသာ နတ်ပြည်သို့ ပြန်ကြွတော်မူကာ ကိုယ်တော်တိုင် ဆက်လျက် ဟောကြားတော် မူပါသည်။
နေ့စဉ်နေ့စဉ် အကျဉ်းနည်းဖြင့် ဟောကြားတော် မူခဲ့သော အဘိဓမ္မာ တရားတော်ကို အရှင်သာရိပုတ္တရာသည် ကဿပဘုရား မြတ်စွာလက်ထက် လင်းနို့သား ဖြစ်ဖူးသော တပည့်ရဟန်း ငါးရာတို့အား မကျဉ်းမကျယ် နည်းဖြင့် တစ်ဆင့်ပြန်၍ ဟောကြားတော် မူပါသည်။ ဘုရားရှင် တာဝတိံသာ နတ်ပြည် အဘိဓမ္မာတရား အပြီးအဆုံး ဟောကြားပြီးသည်နှင့် ထိုရဟန်းငါးရာ တို့သည်လည်း အဘိဓမ္မာ ခုနစ်ကျမ်းကို နာယူသင်ကြားမှု ပြီးဆုံး၏။ အဘိဓမ္မာဆောင် ရဟန်းများ ဖြစ်လာကြ၏။ နောင်တွင် ရဟန္တာများ ဖြစ်ကြပါသည်။
သီတင်းကျွတ် လဆန်း ၉ ရက်တွင် ''ဘုရားရှင်သည် သီတင်းကျွတ် လပြည့်နေ့ ဘယ်မြို့မှာ သက်ဆင်းပြန်ကြွ လာမှာပါလဲ ဘုရား။ မဖူးရဘဲ တပည့်တော်တို့ မပြန်ဘူး ဘုရား'' ဟု အရှင်မောဂ္ဂလာန်အား လျှောက်ထားကြသဖြင့် ''ကောင်းပြီ ဒကာတို့'' ဟုဆိုကာ မြင်းမိုရ်တောင်ခြေ အရောက် မြေလျိုးပြီး တောင်ခြေမှ ပေါ်ထွက်လျက် ''မြင်မိုရ်တောင် အတွင်းမှ တာဝတိံသာ နတ်ပြည်သို့ ကြွနေသောငါ့ကို လူအများ မြင်ကြစေ'' ဟု အဓိဋ္ဌာန်တော်မူလျက် လူအများ မြင်ကွင်းမှ မပျောက်စေဘဲ ကြွတော်မူပါသည်။
တာဝတိံသာ နတ်ပြည် ဘုရားမြတ်စွာ၏ ခြေဖမိုးတော်ကို ဦးတိုက်၍ လူများစွာတို့ ဖူးမြော်ရန် စောင့်ဆိုင်း နေပါကြောင်း၊ မည်သည့် နေရာသို့ ပြန်လည်သက်ဆင်း ကြွချီတော်မူမည်ကို မိန့်ကြားတော်မူပါရန် လျှောက်ထားရာ-
''သင့်နောင်တော်ကြီး သာရိပုတ္တရာ အခု အဘယ်အရပ်မှာ သီတင်းသုံး နေထိုင်ပါလဲ''
''သင်္ကဿမြို့မှာ ၀ါကပ်ပါတယ် ဘုရား''
''ဒါဆို သီတင်းကျွတ် လပြည့်နေ့တွင် ထိုသင်္ကဿမြို့ တံခါးကို သက်ဆင်းမယ်။ ဖူးမြော်လိုသူများ သင်္ကဿမြို့သို့လာကြ။ လမ်းခရီးမှာ စားသောက်စရာ ဘာရိက္ခာမှ ယူစရာမလို'' ဟု မိန့်တော်မူပါသည်။
အဘိဓမ္မာ တရားတော်ကို ၀ါတွင်းသုံးလ နာကြားကြရသဖြင့် ကုဋေပေါင်း ရှစ်သောင်း လေးထောင်သော နတ်ဗြဟ္မာတို့သည် သစ္စာလေးပါး တရားသိမြင် ကျွတ်တမ်းဝင်ကြ၏။ မယ်တော် မိနတ်သားလည်း သောတာပတ္တိဖိုလ်၌ တည်၏။
သီတင်းကျွတ် လပြည့်နေ့တွင် မြို့သူမြို့သားတို့သည် နံနက်စာ စားသောက်ပြီးကြသည်နှင့် သာဝတ္ထိမြို့နှင့် ယူဇနာ ၃၀ ကွာ ဝေးသော သင်္ကဿမြို့ တံခါးသို့ ''ယနေ့တော့ ဘုရားဖူးရတော့အံ့'' ဟု ထွက်ခဲ့ကြရာ ရွာဦးကျောင်းသို့ သွားကြသည့်အလား မပင်ပန်းကြဘဲလျက် သင်္ကဿမြို့ တံခါးသို့ ရောက်လာကြကုန်၏။
ဘုရားရှင်က သိကြားမင်းအား ''ယနေ့ လူ့ပြည်သို့ ဆင်းသက်တော်မူမည်'' ဟု မိန့်တော်မူသဖြင့် သိကြားမင်းသည် နတ်တို့အတွက် လက်ယာဘက် ရွှေစောင်းတန်း၊ ဗြဟ္မာကြီးများအတွက် လက်ဝဲဘက် ငွေစောင်းတန်း၊ မြတ်စွာဘုရား အတွက် အလယ်မှ ပတ္တမြား စောင်းတန်းဟူသော စောင်းတန်းသုံးသွယ်ကို ဖန်ဆင်းပြီး စောင်းတန်းဦးတို့သည် မြင်းမိုရ်တောင်ထိပ်၌ တည်ပြီး စောင်းတန်း အခြေတို့သည် သင်္ကဿမြို့ တံခါး၌ တည်၏။
ဘုရားမြတ်စွာသည် လူ့ပြည်သို့ သက်ဆင်းအံ့သောငှာ မြင်းမိုရ်တောင်ထိပ်၌ တည်လျက် အထက် ကောင်းကင်သို့ မော့ကြည့်လိုက်ရာ အကနိဋ္ဌဗြဟ္မာပြည်သို့တိုင်၊ အောက်ခြေသို့ ငုံ့ကြည့်လိုက်စဉ် အ၀ီစိ ငရဲသို့တိုင် အပိတ်အပင် အတားအဆီးမရှိ ထုတ်ချင်းပေါက် ဟင်းလင်းပွင့် ဖြစ်တော့သည်။ တူရူအရပ်၊ အထောင့်အရပ်တို့ကို အလားတူ ကြည့်ရာတွင်လည်း စကြ၀ဠာ တိုက်အပေါင်း ထောင်သောင်းများစွာ ဟင်းလင်းပွင့်၍ တစ်ပြင်တည်း ဖြစ်လေ၏။ ထိုအခါ နတ်ဗြဟ္မာတို့ကလည်း လူတို့ကို၊ လူတို့ကလည်း နတ်ဗြဟ္မာတို့ကို မြင်ကြရလေကုန်၏။
ဘုရားမြတ်စွာသည် ၀ဲယာနတ်ဗြဟ္မာများ ခြံရံလျက် ရောင်ခြည်တော် ခြောက်သွယ် မြူးကွန့်တော်မူပြီး ဆင်းသက်တော်မူရာ အလွန်မှတင့်တယ်၊ အလွန်မှ ကျက်သရေရှိ အလွန်မှ ကြည်ညိုဖွယ် ရှိလှ၍ ၃၆ ယူဇနာ အ၀န်းရှိ ဖူးမြင်ရသူ လူအပေါင်းတို့က ဘုရားအဖြစ်ကိုပင် အားကျတောင့်တ ကြကုန်၏။
ပဉ္စသီခနတ်သားက လက်ယာဘက်မှ ဗေဠုဝစောင်းကို တီးလျက်၊ သုယာမနတ်မင်းက စာမရီသားမြီး ယပ်ခတ်လျက်၊ သန္တုသိတ နတ်မင်းက ပတ္တမြားယပ်ဝန်း တလွှဲလွှဲခပ်လျက်၊ သိကြားမင်းက ၀ိဇယတ္တရ ခရုသင်း မှုတ်လျက်၊ မဟာဗြဟ္မာကြီးက လက်ဝဲဖက် ငွေစောင်းတန်းမှ ထီးဖြူကြီးကို မိုးလျက်၊ အခြားသော နတ်ဗြဟ္မာ တို့ကလည်း အထူး အထူးကို ပူဇော်ကြကာ ဘုရားနှင့်အတူ သက်ဆင်းလိုက်ပါ လာကြကုန်၏။
သင်္ကဿမြို့ တံခါးသို့ ခြေတော်ချလိုက်သည်နှင့် အရှင်သာရိပုတ္တရာက အဦးဆုံး ရှိခိုးပူဇော်၏။ ထို့နောက် ပရိသတ်များ ပူဇော်ကြ၏။ ပထမဆုံး လက်ယာခြေတော် ချရာအရပ်ကို 'အစလစေတိယဋ္ဌာန'၊ သင်္ကဿမြို့ တံခါးနေရာကို 'အ၀ိဇဟိတဋ္ဌာန' ဟု ခေါ်ဆို၏။ ဘုရားရှင်တိုင်း နတ်ပြည်၌ အဘိဓမ္မာတရား ဟောကြားပြီးနောက် အမြဲခြေတော်ချရာအရပ်၊ သက်ဆင်းတော်မူရာ အရပ်တို့ ဖြစ်သောကြောင့်ဟူ၏။ ထိုသို့ အဘိဓမ္မာတရား ဟောကြားတော် မူပြီး၍ နတ်ပြည်မှ လူ့ပြည်သို့ သက်ဆင်းတော်မူရာ နေ့ကိုအစွဲပြုလျက် သီတင်းကျွတ် လပြည့်နေ့ကို အဘိဓမ္မာ အခါတော်နေ့ဟု ယနေ့အခါ ခေါ်ဆိုကြခြင်း ဖြစ်ပါသည်။
အဘိဓမ္မာ တရားဟူသည် 'ကုသလာ ဓမ္မာ၊ အကုသလာဓမ္မာ၊ အဗျာကတာဓမ္မာ' သုံးပါဒကို နည်းမျိုးစုံဖြင့် အကျယ်ဝေဖန်၍ ဟောကြားတော်မူခြင်း ဖြစ်ပါသည်။
'ကုသလာ-အပြစ်မရှိခြင်း၊ ကောင်းသော အကျိုးကိုပေးခြင်း လက္ခဏာ ရှိကုန်သော။ ဓမ္မာ-သတ္တလည်းမဟုတ်၊ ဇီဝလည်း မဟုတ်ကုန်သော ဓမ္မသက်သက်တို့ ဖြစ်ကြကုန်၏။
အကုသလာ-အပြစ်နှင့်တကွ ဖြစ်ခြင်း၊ မကောင်းသော အကျိုးကို ပေးခြင်း လက္ခဏာ ရှိကုန်သော။ ဓမ္မာ-သတ္တလည်း မဟုတ်၊ ဇီဝလည်း မဟုတ်ကုန်သော ဓမ္မသက်သက်တို့ ဖြစ်ကြကုန်၏။
အဗျာကတာ-ကုသိုလ်လည်း မဟုတ်၊ အကုသိုလ်လည်း မဟုတ်၊ ကုသိုလ်၊ အကုသိုလ်တို့မှ တခြားဖြစ်ကုန်သော။ ဓမ္မာ-သတ္တလည်းမဟုတ်၊ ဇီဝလည်း မဟုတ်ကုန်သော ဓမ္မသက်သက်တို့ ဖြစ်ကြကုန်၏။'
တစ်ဝါတွင်းလုံး အဘိဓမ္မာတရား ဟောကြားခြင်းဖြစ်၍ ၀ါတွင်းရက်တိုင်းကို အဘိဓမ္မာ အခါတော်နေ့ဟု ဆိုနိုင်ပါသည်။ တချို့မြို့ရွာတို့တွင် ဘုရားတန်ဆောင်းတို့၌ တစ်ဝါတွင်းလုံး အဘိဓမ္မာ ခုနစ်ကျမ်းကို နေ့ညမပြတ် အသံမစဲ အလှည့်ကျ ရွတ်ဖတ်ပူဇော်လေ့ ရှိကြ၏။ ၀ါတွင်း၌ ကျင်းပအပ်သော တရားပွဲများကိုပင် အဘိဓမ္မာ တရားပွဲဟု ခေါ်ဆိုကြ၏။
ထိုသို့ ဘုရားရှင်သည် မယ်တော် တော်စပ်ခဲ့ဖူးသော နတ်သားကို တရားဖြင့် ကျေးဇူးဆပ်သည်ကို နည်းမှီအတုယူလျက် ဗုဒ္ဓဘာသာတို့သည် သီတင်းကျွတ် လပြည့်နေ့တွင် ဘိုးဘွားမိဘ ဆရာသမား သက်ကြီးရွယ်အိုတို့အား ကန်တော့ကြခြင်းဖြင့် ကျေးဇူးဆပ်ခြင်းဖြစ်၏။ တာဝတိံသာ နတ်ပြည်မှ သက်ဆင်းတော် မူသည်ကို ရည်စူးပြီး ဆီမီးများ ထွန်းလျက်လည်း ကြိုဆိုပူဇော် ကြပါသည်။ သောတာပန် အရိယာ အဖြစ်သို့ ရောက်အောင် ကျေးဇူးဆပ်သဖြင့် မယ်တော်၏ ကျေးဇူး နို့တစ်လုံးဖိုးမျှမက အကုန်ကျေပါသည်။ မယ်တော်သည် အပါယ်သို့ မကျတော့ဘဲ နိဗ္ဗာန်မျက်မှောက် ပြုရမည် ဖြစ်သောကြောင့် ဟူ၏။
မဟာပ၀ါရဏာနေ့
ဒီအပြင် သီတင်းကျွတ် လပြည့်နေ့သည် တစ်သာသနာလုံးရှိ ရဟန်းတော်နေ့ ၀ါဆိုခြင်းကိစ္စ ပြီးဆုံး၍ ပ၀ါရဏာ ပြုကြရသောကြောင့် 'မဟာပ၀ါရဏာနေ့' ဟုလည်း ဆိုရပါသည်။ ကောသလတိုင်း ဇနပုဒ်ရှိ ကျောင်းတိုက်ကြီး တစ်တိုက်တွင် ''ငါတို့ ၀ါတွင်းမှာ အချင်းချင်း စကားမပြောကြလျှင် ပြဿနာ မဖြစ်နိုင်ဘူး။ ဒါဆို ညီညွတ်စွာ နေခြင်းဖြစ်မယ်'' ဟု တိုင်ပင်ကြလျက် တစ်ဝါတွင်းလုံး အချင်းချင်း စကားမပြောဘဲ နေကြသတဲ့။
ဝါကျွတ်၍ ဘုရားရှင်ထံ ရောက်လာကြပြီး ထိုအကြောင်းကို လျှောက်ထားကြတော့ ဘုရားရှင်က ''မဂ်ဖိုလ်နဲ့ဝေးမယ့် ရဟန်းတွေပဲ တစ်ဝါတွင်းလုံး သိုးတွေလို နေရတယ်လို့ ရန်သူတွေလို နေရတယ်လို့'' ဟု ပြစ်တင်တော်မူပြီး သီတင်းကျွတ် လပြည့်နေ့တွင် ပ၀ါရဏာ ပြုမည်ဟု ပညတ်တော် မူပါသည်။
''တပည့်တော်အပေါ် မြင်၍သော် လည်းကောင်း၊ ကြား၍သော် လည်းကောင်း၊ ယုံမှား သံသယကြောင့် သော်လည်းကောင်း ချို့ယွင်းမှု အပြစ်တစ်စုံတစ်ရာ ရှိခဲ့လျှင် ထောက်ပြတော် မူပါဘုရား'' ဟု မိမိ၏ ချို့ယွင်းမှု အပြစ်ကို ထောက်ပြရန် အချင်းချင်း ဖိတ်မံခြင်းကို ပ၀ါရဏာဟု ဆိုပါသည်။
အေးချမ်းမွန် Credit To >Eleven Media Group
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.