•••••••••••••••••••••••
အပြစ်တင်နေလျှင်တော့
အချစ်ဝင်လာစရာ အကြောင်းမရှိ။
အပြစ်ဆိုနေလျှင်လည်း
အချစ်သည် တိုတတ်စမြဲ။
ချစ်စရှည်စေ၊ မုန်းစတိုစေ
ဆိုစကားက ရှိ၍နေ။
ချစ်လျှင်အကျိုး၊ မြတ်နိုးမှ သဒ္ဓါ
ကောင်းကျိုးတို့ စည်ဝေဖြာ။
ချစ်လျှင် အပြစ်မမြင်
ပေါ်နေသည့် သွားကိုပင်
ပြုံးနေသည်ဟု သူထင်။
အချစ်၏ ထိုတန်ခိုး
ပြောလို့ကွယ် ကုန်နိုင်ရိုး။
အပြစ်မြင်နေလျှင် အပြစ်မတင်နှင့်
အပြစ်ကို အချစ်နှင့် အစားထိုး
အားလုံး၏ ကောင်းကျိုး။
“မဲ၊ ဖြူ၊ ဆူ၊ ကြုံ၊ နိမ့်၊ မြင့်တုံ၊ မှတ်ကုန်
အပြစ်ခြောက်ပါး”ဟု ဆိုသည်။
ခြောက်ပြစ်ကင်း သဲလဲစင်ဟူသောစကားက
အပြစ်ခြောက်ပါး ဖြစ်သည်။
လူတစ်ယောက်မှာ အသားမဲလွန်းလျှင်
အပြစ်တစ်ပါးဖြစ်သလို ဖြူလွန်းလျှင်လည်း
အပြစ်တစ်ပါး ဖြစ်သည်။
ဝလွန်းလျှင် အပြစ်တစ်ပါးဖြစ်သလို၊
ပိန်လွန်းလျှင်လည်း အပြစ်တစ်ပါးဖြစ်သည်။
အရပ်အမောင်းက နိမ့်လွန်းလျှင်၊ ပုနေလျှင်
အပြစ်တစ်ပါးဖြစ်သလို အရပ်ရှည်လွန်းလျှင်လည်း
အပြစ်တစ်ပါးဖြစ်သည်။
မမဲလွန်း၊ မဖြူလွန်း၊ မ၀လွန်း၊ မပိန်လွန်း၊ မနိမ့်လွန်း၊
မမြင့်လွန်းမှ ခြောက်ပြစ်ကင်းသည်။ဒါက ရုပ်ပိုင်းဆိုင်ရာ
အပြစ် များနှင့်စပ်၍ ဖြစ်သည်။လူဆိုတာ ခြောက်ပြစ်
ကင်းဖို့ လွယ်ကူပါ့မလား။
အကုသလံ သာဝဇ္ဇဒုက္ခ၀ိပါကလက္ခဏံ-
အကုသိုလ်ဟူသည် အပြစ်ရှိခြင်း၊မကောင်းကျိုး၊
ဆိုးကျိုးပေးခြင်းသဘော လက္ခဏာရှိသည်။
အပြစ်ရှိသော သဘော၊ ဆိုးကျိုးပေးတတ်သော
သဘောကို အကုသိုလ်ဟု ခေါ်သည်။
သို့ဆိုလျှင် အပြစ်ဟူသည် အကုသိုလ်ဖြစ်သည်။
အကုသိုလ်ဖြစ်လျှင် အပြစ်ဖြစ်သည်။
အကုသိုလ်ရှိလျှင် အပြစ်ရှိသည်။
အကုသိုလ်ကို ကျူးလွန်လျှင် အပြစ်ရှိသည်။
အကုသိုလ်သည် ဒုက္ခပေးတတ်သည်ဟု ဆိုသောကြောင့်
ဒုက္ခပေးသော လုပ်ရပ်မှန်သမျှ အပြစ်ဖြစ်သည်။
အပြစ်ရှိသည်။
လောကမှာ “ဒုက္ခမပေးနဲ့၊ ငရဲမပေးနဲ့” ဟု
ပြောလေ့ပြောထရှိကြသည်။လူတိုင်းက ဒုက္ခကို
မလိုချင်ကြ။သုခကိုသာ လိုချင်ကြသည်။
ထို့ကြောင့် ဒုက္ခမပေးနှင့်ဟု တားမြစ်ခြင်းဖြစ်သည်။
ဒုက္ခပေးခြင်းသည် အကုသိုလ်ကပေးသလို
ငရဲပေးခြင်းသည်လည်း အကုသိုလ်ကသာ ပေးသည်။
အကုသိုလ်တွေကို လုပ်နေသူသည် ဒုက္ခပေးသူလည်း
ဖြစ်သည်။ငရဲပေးသူ လည်း ဖြစ်သည်။
ပြန်လှန်တွေးလျှင် ဒုက္ခပေးသူ၊ ငရဲပေးသူသည်
အကုသိုလ်လုပ်နေသူ ဖြစ်၍ အပြစ်ရှိသည်။
အမှန်စင်စစ် လူဖြစ်လာခြင်းသည် လူကို
ဒုက္ခပေးဖို့မဟုတ်။သုခပေးဖို့သာဖြစ်သည်။
လူကို ငရဲပေးဖို့မဟုတ်။နတ်ရွာနိဗ္ဗာန်ပေးဖို့သာဖြစ်သည်။
လူကို အကုသိုလ်ပေးဖို့မဟုတ်။ကုသိုလ်ပေးဖို့သာ
ဖြစ်သည်။လူသားအချင်းချင်း သုခတစ်ခုခုပေးနိုင်မှ၊
ကုသိုလ်တစ်ခုခုပေးနိုင်မှ လူဖြစ်ရကျိုးနပ်လိမ့်မည်။
လူသားတာဝန်ကျေလိမ့်မည်။
အကုသိုလ်က
အနုသယအဆင့်၊
ပရိယုဋ္ဌာနအဆင့်၊
ဝီတိက္ကမအဆင့်ဟူ၍သုံးဆင့်ရှိသည်။
●အနုသယဟူသည် မိမိခန္ဓာအစဉ်၌ သံသရာ
အဆက်ဆက်အထုံဓာတ်သတ္တိအဖြစ်ဖြင့်
ကိန်းအောင်း၍ ပါလာသောသဘောဖြစ်သည်။
●ပရိယုဋ္ဌာနဟူသည် စိတ်ထဲ၌
ထကြွနိုးကြားလာသော သဘောဖြစ်သည်။
●၀ီတိက္ကမဟူသည် ကိုယ်နှုတ်တို့ဖြင့် လွန်ကျူးခြင်း
ဖြစ်သည်။
●အနုသယက အိပ်ပျော်နေသည်နှင့် တူသည်။
●ပရိယုဋ္ဌာနက နိုးကြားလာသည်နှင့် တူသည်။
●၀ီတိက္ကမက ထထိုင်၊ ထသွားသည်နှင့် တူသည်။
●၀ီတိက္ကမအဆင့်ကို သီလ- ကောင်းသောကိုယ်မှု၊
နှုတ်မှုကောင်းသောအလေ့အထ၊ ကောင်းသော
အပြုအမူနှင့် ပယ်ရမည်။
●ပရိယုဋ္ဌာနအဆင့်ကို သမာဓိ
- ကောင်းသောစိတ်ထားနှင့် ပယ်ရမည်။
●အနုသယအဆင့်ကို ပညာ-စူးစမ်းဆင်ခြင်နိုင်မှု၊
တွေးခေါ် မြော်မြင်နိုင်မှု၊ အသိအမြင်ကျယ်မှု ပညာနှင့်
ပယ်ရမည်ဟု ဘုရားမိန့်ခဲ့သည်။
လောက၌ ဘုရားပွင့်လာခြင်းသည် အပြစ်ရှိသူတွေ
အပြစ်ကင်းဖို့ အတွက်ဖြစ်သည်။ဘုရားရှင်က သာသနာ
ငါးထောင် ထားခဲ့ခြင်းသည် အပြစ်ကင်းလိုသူတွေ
အပြစ်ကင်းနိုင်စေရေးအတွက် ဖြစ်သည်။
ဘုရားရှင်က သီလ၊သမာဓိ၊ပညာ သိက္ခာသုံးပါး
ပညတ်ခဲ့ခြင်းသည် အပြစ်ရှိသူတွေ အပြစ်မဲ့စေရေး
အတွက် ဖြစ်သည်။အပြစ်မကင်းသူတွေ အပြစ်
ကင်းစေရေး အတွက် ဖြစ်သည်။
အပြစ်ကင်းဖို့ဆိုလျှင် သီလ- ကောင်းကောင်းပြု၊
ကောင်းကောင်းပြောရမည်။
သမာဓိ-စိတ်ထားကောင်းရမည်။
စိတ်ကောင်းထား ရမည်။ပညာ- အသိအမြင်မှန်ရမည်။
အတွေးအခေါ်မှန်ရမည်။အယူအဆမှန်ရမည်။
ပုထုဇဉ်ဟူသည် ကိလေသာများသူဟု အဓိပ္ပာယ်
ထွက်သည်။ကိလေသာများလျှင် အကုသိုလ်
များတော့မည်။အကုသိုလ်များလျှင် အပြစ်များတော့မည်။
အပြစ်များခြင်းကိုက ပုထုဇဉ်၏ သဘာဝဟု
ဆိုရလေမလား။ဆိုချင်က ဆိုနိုင်သည်။
အပြစ်များခြင်းသည် ပုထုဇဉ်၏သဘာဝ ဖြစ်သည်ကို
နားလည်မှုမပေးနိုင်၊ ခွင့်မလွှတ်နိုင်ကြဘဲ
အပြစ်တွေပဲထင်၊ အပြစ်တွေပဲ မြင်၊
အပြစ်တွေပဲတင်၊ အပြစ်တွေပဲ ထိုင်ပြောနေကြလို့
သဘာဝကျပါ့မလား။အလုပ်ဖြစ်ပါ့မလား။
စဉ်းစားဖို့တော့ လိုပေမည်။
လူ၏အပြင်းပြဆုံး အာသီသက “ချီးကျူးခံလိုမှု”
ဟု ဆိုသည်။လူတိုင်းက သူတို့လုပ်ရပ်ကို
အသိအမှတ်ပြုခံလိုသည်။အချီးကျူးခံလိုသည်။
ကိုယ့်အာသီသ၊ ကိုယ့်ဆန္ဒက ဒါဆိုလျှင်
သူ့အာသီသက၊ သူ့ဆန္ဒကလည်း ဒါပဲရှိလိမ့်မည်။
ဤသဘောကို အသေအချာစဉ်းစားလျှင်
“ကိုယ်ချင်းစာတရား”ဆိုတာ ပေါ်လာလိမ့်မည်။
ကိုယ်ချင်းစာတရားပေါ်လာလျှင် အားလုံး
အဆင်ပြေသွားပါလိမ့်မည်။
လူသားသည် လူသား၏ဆန္ဒကို မျက်ကွယ်ပြု၊
မသိကျိုးကျွံပြု၍ ထိုဆန္ဒနှင့်ဆန့်ကျင်ဘက်
ကျင့်သုံးကြသည်။ပြဿနာ၏အခြေခံက
လူသားဆန္ဒကို မထီမဲ့မြင်ပြုခြင်း၊ မသိကျိုးကျွံပြုခြင်း၊
မျက်ကွယ်ပြုခြင်းဖြစ်သည်။လူသားအားလုံး လိုလားတာက
ချီးကျူးမှုဖြစ်သည်။လူသားအားလုံး ကျင့်သုံးနေတာက
ကဲ့ရဲ့ပြစ်တင်မှုဖြစ်သည်။ဆန့်ကျင်ဘက်မှ လုံးဝ
ဆန့်ကျင်ဘက်ဖြစ်သည်။ထိုအခါ မပြေလည်မှု
ဟူသောဇာတ်က မသိမ်းနိုင်တော့။
အချင်းချင်း အပြစ်တင်နေကြလျှင်ဖြင့် အချစ်
ဝင်လာစရာ၊ ချစ်ခင်လာစရာ ဘာအကြောင်းမျှမရှိ။
အချစ်မ၀င်လို့ အချစ်၏နေရာ “အမုန်း”၀င်လာလျှင်ဖြင့်
ပြေလည်မှုဟူသော လက်နှစ်ဖက် အချင်းချင်း
ချိတ်ဆက်နိုင်ကြပါ့မလား။အပြစ်ဆိုနေလျှင်လည်း
အချစ်က တိုတတ်စမြဲသာ ဖြစ်သည်။
အချင်းချင်းအပြစ်တွေဆို၊ အပြစ်တွေပြောနေကြလျှင်
ရှိပြီးသား ချစ်စကလေးသော်မှ တိုသွားမှာ စိုးရိမ်
ရသေးတော့၏၊ ချစ်စက တို၊ မုန်းစက ရှည်သွားလျှင်
အမုန်းဇာတ်က အဆုံးမသတ်ဘဲ ရှိချေရော့မည်။
အမုန်းဇာတ်က အဆုံးမသတ်လျှင်ဖြင့် အပြုံးပါးစပ်က
တွေ့မြင်နိုင်ပါဦးမလား။
လူကြီးသူမတို့ကတော့ “ချစ်စရှည်စေ၊ မုန်းစတိုစေ”
ဟု ဆိုခဲ့ကြလေသည်။ချစ်လျှင် အကျိုး၊မြတ်နိုးမှ သဒ္ဓါတဲ့။
အချင်းချင်း ချစ်ချစ်ခင်ခင်ရှိမှသာ အချင်းချင်း၏
ကောင်းကျိုးကို သယ်ပိုးကြလိမ့်မည်။
တစ်ဦးနှင့်တစ်ဦး မြတ်မြတ်နိုးနိုးရှိမှ တစ်ဦးကိုတစ်ဦး
သဒ္ဓါကြလိမ့်မည်။စေတနာထားနိုင်ကြလိမ့်မည်။
ထို့ကြောင့် အချင်းချင်း တွေကြားမှာ အမှန်
လိုအပ်တာက ချစ်ခင်မြတ်နိုးမှုပဲ မဟုတ်ပါလား။
လူဆိုတာ ဘယ်သူမှ အပြစ်မကင်းနိုင်ပေ။
သို့ပါလျက် အပြစ်တွေပဲ မြင်၊ အပြစ်တွေပဲ တင်၊
အပြစ်တွေပဲ ပြောနေကြလျှင်ဖြင့် ပွဲကပြီးမှာမဟုတ်တော့။
အချစ်တန်ခိုးက အလွန်ကြီးမားပါသည်။
အပြစ်မြင်သော်လည်း အပြစ်မတင်ဘဲ အပြစ်နေရာမှာ
အချစ်နှင့် အစားထိုးလိုက်လျှင် အများကောင်းကျိုးက
ဧကန် ပေါ်လာလိမ့်မည်။
✤ရှေးအခါက ကာသိမင်းနှင့် ကောသလမင်းဟူ၍
မင်းနှစ်ပါးရှိခဲ့သည်။ကာသိမင်းက တိုင်းကြီးပြည်ကြီးမို့
အင်အားကြီးသည်။ကောသလမင်းက တိုင်းငယ်ပြည်ငယ်မို့
အင်အားနည်းသည်။ပဒေသရာဇ်ခေတ်၏ ထုံးစံအရ
အင်အားကြီးသူ ကာသိမင်းက အင်အားနည်းသူ
ကောသလမင်း၏ တိုင်းပြည်ကို သိမ်းယူပြီးနောက်ပိုင်းတော့
ကောသလမင်းကိုပါ အဆုံးစီရင်လိုက်သည်။
ကောသလမင်းမှာ သားတစ်ယောက်ကျန်ခဲ့သည်။
အမည်က “ဒီဃာဝု”ဟု ခေါ်သည်။
ဒီဃာဝုသည် ရာဇ၀င်ကြွေးဆပ်လိုမှုဖြင့် ကာသိမင်း၏
အနား ရောက်အောင် ကြိုးစားသည်။ရောက်သည်။
တစ်နေ့တော့ တောကစားထွက်ရင်း နောက်လိုက်
နောက်ပါတွေနှင့် ခွဲထွက်ပြီး တောနက်သည့်
တစ်နေရာကို လှည့်ပတ်ခေါ်သွားသည်။
ကာသိမင်းလည်း ပင်ပန်းပြီး ဒီဃာဝု၏ ပေါင်ပေါ်တွင်
ခေတ္တခဏအနားယူသည်၊ သို့သော် ပင်ပန်း
နေသဖြင့် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားသည်။
ဒီဃာဝုက လက်စားချေဖို့ သံလျက်ဆွဲထုတ်သည်။
သို့သော် သူ့ခမည်းတော် ကောသလမင်းကြီး
နတ်ရွာစံခါနီးက မှာသွားခဲ့သော
“ငါ့သား ဒီဃာဝု...အတိုမကြည့်နဲ့၊ အရှည်ကြည့်။
ရန်ဆိုတာ ရန်တုန့်မူလို့ မငြိမ်းအေးနိုင်ဘူး။
ရန်မတုန့်မူမှသာ ငြိမ်းအေးနိုင်တယ်။
မေတ္တာနဲ့သာ အရာရာငြိမ်းအေးနိုင်တယ်။”
ဆိုသော စကားသံက နားထဲပေါ်လာသည်။
ဒုတိယအကြိမ်၊ တတိယအကြိမ် ကြိုးစားသော်လည်း
ခမည်းတော်မှာတမ်းကို မလွန်ဆန်နိုင်ဘဲ ရှိတော့သည်။
ကာသိမင်းလည်း အိပ်မက်မက်နေရာက လန့်နိုးပြီး
အကြောင်းစုံကို သိရလို့တစ်ဦးနှင့်တစ်ဦး အသက်ချင်း
အပ်နှင်းပြီး ချစ်ကြည်ရေး ယူလိုက်ကြသည်။
နောက်ပိုင်း ဒီဃာဝုမင်းသားအား အိမ်ရှေ့စံနေရာပေးပြီး
သမီးတော်နှင့် ထိမ်းမြားပေးလိုက်သည်။
ဒီဃာဝုမင်းသားသည် မုန်းစကို တိုစေခဲ့သည်။
ချစ်စကို ရှည်စေခဲ့သည်။
အပြစ်၏နေရာကို အချစ်နှင့် အစားထိုးနိုင်ခဲ့သည်။
ထို့ကြောင့် အားလုံးအဆင်ပြေသွားခဲ့သည်။
လူသည် အပြစ်မကင်းနိုင်တာ သဘာဝမို့ လူတိုင်းမှာ
အပြစ်တစ်ခုမဟုတ် တစ်ခုတော့ရှိလိမ့်မည်။
လူသည် အပြစ်ပြုတတ်သည်။အပြစ်ပြောတတ်သည်။
အပြစ်တွေးတတ်သည်။သို့သော် အပြစ်က ယူဖို့လည်း
မဟုတ်။ပေးဖို့လည်းမဟုတ်။ မြင်ဖို့လည်းမဟုတ်။
တင်ဖို့လည်းမဟုတ်။အပြစ်က စင်ဖို့သာဖြစ်သည်။
အပြစ်စင်ဖို့၊ အပြစ်ကင်းဖို့ဆိုလျှင် အပြစ်ကို
အချစ်နှင့် အစားထိုးရမည်။
အချစ်နှင့် ချေဖျက်ရမည်။
ထိုအချစ်က ပုဂ္ဂလလည်းဖြစ်နိုင်သည်။
ဓမ္မလည်းဖြစ်နိုင်သည်။
ပုဂ္ဂလကိုချစ်တာထက် ဓမ္မကိုချစ်တာကတော့
အပြစ်စင်ဖို့၊အပြစ်ကင်းဖို့ ပို၍သေချာသည်။
လူဆိုတာ ချစ်တတ်၊မုန်းတတ်တာ သဘာဝမို့
ချစ်စရာရှိက ချစ်မည်။မုန်းစရာရှိက မုန်းမည်။
သို့သော် ချစ်စကိုတော့ ရှည်စေရမည်။
မုန်းစကိုတော့ တိုစေရမည်။
ရှေးသူဟောင်း သူကောင်းတို့၏ ကျင့်စဉ်ဖြစ်သည်။ ။
-【အရှင်သံဝရာလင်္ကာရ-ဓမ္မပိယဆရာတော်】
Posted by►
www.facebook.com/youngbuddhistassociation.mm
Young Buddhist Association
Post a Comment