0


မန္တလေးတိုင်းဒေသကြီး မြို့ပြနှင့်အိမ်ရာဖွံဖြိုးရေးဦးစီးဌာနက ဆောက်လုပ်ထားသည့် ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာရပ်ကွက်ရှိ တန်ဖိုးသင့်အိမ်ရာ အခန်းပေါင်း ၄၃၂ ခန်းကို လုပ်သက် ၁၅ နှစ်ရှိသော အစိုးရဝန်ထမ်းများကို ရောင်းချပေးနိုင်ရန်ဆောင်ရွက်နေကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးသက်နိုင်ထွန်းက ဆိုသည်။
ထိုသို့တန်ဖိုးသင့်အိမ်ရာရောင်းချပေးရန်အတွက် ဝယ်ယူခွင့်ရရှိမည့်သတ်မှတ်စည်းကမ်းချက်များကို တိုင်းဒေသကြီးအစိုးရအဖွဲ့ထံတင်ပြထားပြီး ဝန်ထမ်းလုပ်သက်သက်တမ်းအနည်းဆုံး ၁၅နှစ်ရှိသူများကို ရောင်းချနိုင်ရေးတင်ပြထားကြောင်း ၎င်းကဆိုသည်။
အဆိုပါတန်ဖိုးသင့်အိမ်ရာတွင် အဆောက်အအုံ ၂၇ လုံး၊ လေးခန်းတွဲလေးထပ်ပါဝင်ကာ မြေညီထပ် ကျပ် ၁၆၅ သိန်း၊ ပထမထပ် ကျပ် ၁၅၅ သိန်း၊ ဒုတိယထပ် ကျပ် ၁၄၅သိန်းနှင့် တတိယထပ် ကျပ် ၁၃၅ သိန်း ဈေးသတ်မှတ်ထားကြောင်း မန္တလေးတိုင်းဒေသကြီး မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ကျော်ဦးက ပြောကြားသည်။
“ဝန်ထမ်းအနေနဲ့ ဒီလိုရောင်းချပေးတာကောင်းပါတယ်။ ဒါပေမဲ့ ရတဲ့လစာနဲ့ သုံးမယ့်စွဲမယ့်ဟာတွေနဲ့ ချင့်ချိန်တွက်ကြည့်မယ်ဆိုရင် ဝယ်နိုင်မယ်မထင်ဘူး”ဟု မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ စက်ရုံနှင့် မော်တော်ယာဉ်ဌာန စက်မောင်း(၃) တွင် လုပ်ကိုင်နေသော ဦးစိုးဝင်းက ဆိုသည်။


The Voice Weekly

Post a Comment

 
Top