0


ကုန်ခဲ့သည့် စက်တင်ဘာ ၁၀ ရက်လောက်က တောကကျောင်း ဆရာသူငယ်ချင်းတစ်ယောက် ညနေမိုးချုပ်ခါနီးကြီး ကျွန်တော့် အိမ်ရောက်လာသည်။ ရွာမော် တော်မမီလိုက်လို့ မင်းအိမ်မှာတစ် ညအိပ်မလို့ဟုလည်းပြောသည်။ ကျွန်တော်က ကျောင်းဖွင့်ရက် ကြီး ဘာလာလုပ်တာလဲဟုမေး တော့ သူက ကျွန်တော့်ကိုပြန်၍ ‘‘မင်းတို့ အဲဒါခက်တာပဲ။ မြို့မှာနေပြီး တို့တောသားတွေလောက်မှ ဗဟု သုတမရှိ’’ဟု ဆိုလေ၏။ သို့နှင့် ကျွန်တော်က ‘‘ဘာလဲကွ မင်းက ဘလိုင်းကြီး၊ ဘာဗဟုသုတမရှိရ မှာလဲ’’ဟု ပြန်ပြောတော့ ‘‘ရွေး ကောက်ပွဲလာတော့မယ်လေ။ တို့ ကျောင်းဆရာတွေက ရွာတွေမှာ မဲရုံမှူးတို့၊ မဲရုံစာရေးတို့ လုပ်ရ မယ်။ လာမယ့် စက်တင်ဘာ ၁၉ ရက်နေ့ သတင်းပို့၊ ၂၀ ရက်ကနေ စပြီး ငါးရက်တိတိ မဲရုံသင်တန်း တက်ရမယ်။ ရုံးက အခုအဲဒီကိစ္စ သိရှိကြောင်း ခေါ်ပြီးလက်မှတ် ထိုးခိုင်းတာ’’ဟု ကျောင်းဆရာ သူငယ်ချင်းက ပြောပါသည်။
ကျွန်တော်က ‘‘သင်တန်း တက်တဲ့ရက်တွေမှာ မင်းတို့ ကျောင်းတွေပိတ်ထားရမှာပေါ့’’ ဟုဆိုတော့ ‘‘တစ်ကျောင်းကိုနှစ် ယောက်တက်ရမှာကွာ။ ကျန်တဲ့ ဆရာတွေ ကျောင်းဖွင့်မှာပေါ့’’ဟု သူငယ်ချင်းက ပြန်ပြောသည်။ ကျွန်တော် စဉ်းစားကြည့်မိသည်။ တောက မူလတန်းကျောင်းတွေ မှာက အများအားဖြင့် ဆရာမလုံ လောက်ကြ။ နေ့စားလပေးတွေ ခန့်ထားပေးနေသော်လည်း လို အပ်နေဆဲဖြစ်၏။ ထိုသို့သော ကျောင်းများတွင် ဆရာတစ် ယောက်ယောက် နေထိုင်မ ကောင်း၍ ကျောင်းမတက်နိုင် လျှင်ပင် ကျန်ဆရာများမှာ အ တော် ကသီလင်တဖြစ်ရသည်။ ယခုသင်တန်းကာလငါးရက်ဆို တော့ အချို့အရေးမကြီးဟုယူဆ သည့် အတန်းများ (သူငယ်တန်း၊ ပထမတန်းလိုအတန်းများ)ပိတ် ပင်ပိတ်ထားရလောက်၏။
ကျွန်တော်တို့နိုင်ငံမှာ အစိုး ရက တစ်ခုခုလုပ်လျှင် ပညာရေး ဌာနက ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများကို ခေါ်ယူအသုံးချတာ အကျင့်ပါနေ ပြီဖြစ်သည်။ ဆီးဂိမ်းလိုပြိုင်ပွဲက စပြီး မြို့နယ်အတွင်း ကျင်းပသည့် အားကစားပွဲများ၊ ယုတ်စွအဆုံး အာဏာရပါတီ၏ ဆိုင်းဘုတ်ဖွင့် ပွဲလိုဟာမျိုးမှာပါ ကျောင်းဆရာတွေကို ခေါ်ယူအသုံးချသည်။ တစ်ခုတော်သွားသေးသည်။ ယခင်စစ် အစိုးရ လက်ထက်ကဆိုလျှင် တိုင်းမှူးလာတာကအစ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ထွက်ကြိုရသည်။ ကိုယ့်ကျောင်းရှေ့က ကိုယ်ကြိုရ တာမဟုတ်။ မြို့ပြင်လမ်းမကြီး ဘေးကနေ သွားကြိုရသည်။ တိုင်းမှူးက ဘယ်တော့လာမည်မသိ။ ကိုယ့်မြို့က အာဏာပိုင်ဆိုသူတွေ က သူတို့မျက်နှာရအောင် မနက် ၇ နာရီလောက်ကတည်းက ကျောင်းသားတွေကို လမ်းဘေးသွားတန်း စီခိုင်းထားသည်။ ၉ နာရီလည်း မလာ၊ ၁၀ နာရီလည်းမလာ။ တချို့ကျောင်းသူတွေ မူးလဲတာ တွေတောင်ဖြစ်ကြသည်။ လူကြီး လာတော့ လက်ကလေးပြပြီး ကျန်းမာပါစေ၊ ချမ်းသာပါစေဆို တာနှင့် ပြီးသွားသည်။ ဘာမှ မဟုတ်ဘဲ ကလေးတွေမှာ တစ် ရက်တာစာသင်ပျက်ကုန်တော့ သည်။
ပြောလက်စနှင့် ပြောရဦး ပါမည်။
တစ်ချိန်က (၁၉၉၆ လောက်က)ဆိုလျှင် ကျောင်းဆရာတွေမှာ စပါးတောင်ဝယ် ပေးရသည်။ တကယ့်ကို စာမေးပွဲ ကြီးနီးချိန် ဇန်နဝါရီ၊ ဖေဖော်ဝါရီလများမှာ ကျောင်းပစ်ထားခဲ့ပြီး တောတွေ ဆင်း စပါးဝယ်ခဲ့ရ၏။ အဲဒီကာလက ကျောင်းတွေမှာ  ယခုထက်ပိုပြီးဆရာအင်အား နည်းပါးသည်။ ကျွန်တော်တာဝန်ကျခဲ့သည့်ရွာ တွင် သူငယ်တန်းမှ လေးတန်း အထိ ကျောင်းသား ၁၉၃ ယောက်ရှိသည်။
ဆရာက ကျောင်းအုပ်ဖြစ် သည့် ကျွန်တော်နှင့် လက် ထောက်ဆရာတစ်ယောက် စုစု ပေါင်းမှ နှစ်ယောက်တည်း။ နေ ထိုင်မကောင်း ဖြစ်လို့တောင် ကျောင်းမပျက်ရဲသည့်အဖြစ်။ ဤ အခြေအနေကို ကျွန်တော်က စပါးဆင်းဝယ်ရမည်ဆိုတော့ စာ မေးပွဲနီးပြီဖြစ်၍ စပါးဆင်းမ ဝယ်နိုင်ပါကြောင်း စာတင်လိုက် သည်။  အဲဒီခေတ် မယကဥက္ကဋ္ဌက သူ့ရုံးခန်းထဲခေါ်ပြီး ကျွန်တော့်ကို ဆူပူကြိမ်းမောင်းလိုက်တာ ရစရာ မရှိ။ ခင်ဗျားစာသင်တာထက် စပါးမရှိလို့ လူတွေ ထမင်းငတ် ကုန်ရင် ဘယ့်နှယ်လုပ်မလဲတဲ့။ ပြောတတ်လိုက်တာ။ ကုန်သွယ် ရေးဝန်ထမ်းတွေ ဘာဖြစ်လို့ ခန့် ထားသလဲမေးလိုက်ချင်၏။ သို့ သော် မမေးရဲခဲ့ပါ။
နောက်ရှိသေးသည်။ အဲဒီ ခေတ်က ရွာတွေမှာ စစ်သားစု ဆောင်းရေးတွေ ခဏခဏလုပ် သည်။ လုပ်တိုင်းလည်း ကျောင်း ပိတ်ပေးရသည်။ နောက်တစ်နေ့ ကျောင်းပြန်ဖွင့်လျှင် ကွမ်းတံတွေး တွေ၊ ဆေးလိပ်တိုတွေ၊ အမှိုက် တွေကို ကလေးတွေက ရှင်းရ သည်။
 သည်လိုနှင့် ကျောင်းပိတ် တာ တစ်ရက်၊ အမှိုက်ရှင်းတာ တစ်မနက်။ ကလေးတွေမှာ မိဘ တွေကခိုင်းလို့ ကျောင်းပျက်ရတာ ကတစ်မျိုး။ အနှောင့်အယှက်တွေ ကြောင့် ကျောင်းပျက်ရတာက တစ်မျိုးနှင့် စာကိုကောင်းကောင်း သင်ရသည်မရှိပေ။
ယခုလည်း ရွေးကောက်ပွဲ မှာ ဆရာ၊ ဆရာမတွေကိုသုံးဦး မည်။ သင်တန်းတက်ရမှာက ငါး ရက်။ ရွာကနေ မြို့ကို အသွား အပြန်နှင့် တွက်လိုက်တော့ စုစု ပေါင်း တစ်ပတ်။ ရွေးကောက်ပွဲ နေ့တွေကျလျှင်လည်း စာသင် ကျောင်းတွေကို မဲရုံလုပ်ဦးမည်။ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ တုန်းကတော့ ကျောင်းပိတ်ချိန်မို့ ကိစ္စမရှိ။ ယခုက ကျောင်းဖွင့်ရာ သီဖြစ်သည့်အတွက် ကလေးများ ၏ သင်ကြားရေးထိခိုက်နိုင်သည်။ မဲရုံများကို စောင့်ကြပ်ရန် အထူး ရဲများခေါ်ယူခန့်ထားသကဲ့သို့ မဲရုံ မှူး၊ မဲရုံစာရေးများကို ပြင်ပမှ ခေါ်ယူခန့်ထားလျှင် ကလေးများ အတွက် သင်ကြားရေးမထိခိုက် နိုင်ဟု ထင်ပါသည်။
ထို့အပြင် နိုဝင်ဘာတွင် ရွေး ကောက်ပွဲရှိ၍ သင်ခန်းစာများကို အောက်တိုဘာလကုန်တွင် အပြီး သင်ကြားကြရန် ဆိုင်ရာတို့က ဆရာ၊ ဆရာမများအား ညွှန်ကြား ထားသည်ဟုလည်း သိရသည်။ နှစ်နပ်စာချက်ထားသော ထမင်း ကို တစ်နပ်တည်းအကုန်စားခိုင်း သကဲ့သို့ဖြစ်နေသည်။ သင်ခန်း စာဟူသည် အတန်းတိုင်း၊ ဘာ သာရပ်တိုင်းကို အလွယ်ပြဋ္ဌာန်း ထားခြင်းမဟုတ်ပါ။ သူ့အတန်း နှင့် သူ့ဉာဏ်ရည်ဖွံ့ဖြိုးမှုအလိုက် စနစ်တကျပြဋ္ဌာန်းထားခြင်းဖြစ်ပါ သည်။ သင်ကြားပို့ချရာတွင် လည်း ဆိုင်ရာပညာရှင်များက သတ်မှတ်ပေးထားသည့် လပိုင်း မာတိကာအလိုက် ဘယ်လဆို လျှင် ဘယ်သင်ခန်းစာအထိ ပြီးရ မည်ဟု သတ်မှတ်ကာ သင်ကြား ပို့ချရပါသည်။ ဖေဖော်ဝါရီလ ကုန်အထိ သင်ကြားပို့ချရမည့် သင်ခန်းစာများကို အောက်တို ဘာလကုန်တွင် အပြီးသင်ကြား ပို့ချ၍မရပါ။ သင်လျှင်ရပါသည်။ သို့သော် ကလေးတွေ ဘာမျှတတ် မည်မဟုတ်ပါ။
အခြားသော ရုံးဌာနအလုပ် များသည် တစ်လစာအလုပ်ကို တစ်ပတ်နှင့်လည်းပြီးအောင်လုပ် ၍ရသည်။ နှစ်ပတ်နှင့်လည်းပြီး အောင်လုပ်၍ရသည်။ မလုပ်ချင် သေးလျှင် ဗီရိုထဲထိုးထည့်ပြီး သော့ခတ်ထားလိုက်၍လည်းရ သည်။ ပညာသင်ကြားသော အ လုပ်သည် ကလေးများကို ဒီနေ့ တော့ မင်းတို့ ဗီရိုထဲပဲနေကြကွာ ဆိုပြီး ထိုးထည့်သော့ခတ်ထား၍ မရပါ။ သို့အတွက် ပညာသင် ကြားရေးကိစ္စကို အခြားသောစစ် ရေးကိစ္စ၊ စီးပွားရေးကိစ္စများနှင့် သွားနှိုင်းယှဉ်၍မဖြစ်ပါ။ ပညာ သင်ကြားရေးသည် သက်ရှိများ နှင့် ထိတွေ့ဆက်ဆံရသောကိစ္စ ဖြစ်၍ လွယ်လွယ်တွေးပြီး လွယ် လွယ်ဆုံးဖြတ်လုပ်ကိုင်လျှင် အနာ ဂတ်တွင် ဆိုးကျိုးများနှင့်သာ ကြုံ တွေ့နိုင်ပါသည်။
နိုင်ငံရေးဟူသည့်အဓိပ္ပာယ် ကို နိုင်ငံနှင့် စပ်ဆိုင်သော အရေး ကိစ္စများဟု မြန်မာအဘိဓာန်က အနက်ဖွင့်ဆိုသည်။ သို့ဆိုပါလျှင် နိုင်ငံနှင့် စပ်ဆိုင်သော စီးပွားရေး၊ ပညာရေး၊ တိုင်းရေး၊ ပြည်ရေး၊ ဘာသာရေး၊ လူမျိုးရေး စသည့် အရေးကိစ္စအားလုံးသည် နိုင်ငံ ရေးဖြစ်သည်ဟု ဆိုရမည်ဖြစ် ပါသည်။ တံတားဖွင့်ပွဲလည်း ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ဆရာမများလိုက်ရလို့ ကျောင်း ပိတ်ရ။ အားကစားပြိုင်ပွဲအတွက် လေ့ကျင့်နေရလို့ ကျောင်းတွေ ပျက်ရ၊ ရွေးကောက်ပွဲရှိလို့ ကျောင်းတွေပျက်ရဆိုလျှင် နိုင်ငံ့ အရေးအရာများအားလုံးတွင် ပညာရေးသည် အလိုလိုဘိတ်ဆုံး ရောက်သွားပေရော့မည်။
ကမ္ဘာပေါ်ရှိ ဖွံ့ဖြိုးတိုးတက် သည့် နိုင်ငံများကိုကြည့်လျှင် ပညာရေးသည် ထိပ်ဆုံး၌ရှိနေ သည်ကို တွေ့ရမည်ဖြစ်သည်။ ပညာရေးထိပ်ဆုံး၌ ရှိသဖြင့် အခြားသော အရေးကိစ္စများထိပ် ဆုံးသို့ရောက်ရခြင်းဖြစ်လေသည်။ ကျွန်တော်တို့နိုင်ငံကိုလည်း ဖွံ့ဖြိုး တိုးတက်သော နိုင်ငံများကဲ့သို့ ထိပ်ဆုံးသို့ရောက်လိုလျှင် ပညာ ရေးကို ဘိတ်ဆုံးမှာထားသော အကျင့်ဆိုးများကို ပြင်ဆင်ဖို့လိုပြီ ဖြစ်ပါကြောင်း တင်ပြလိုက်ရပါ သည်။။
http://www.7daydaily.com/story/46961

Post a Comment

 
Top