0

Published on: January 1, 2014
Written by: နေထွန်းနိုင်

၂၀၁၂ ခုနှစ်တွင် ပြည်သူများ၏ မျှော်လင့်ချက်များ ရှင်သန်ခဲ့သည်။ ၂၀၁၃ ခုနှစ်၌ မျှော်လင့်ချက်ေ၀၀ါးခြင်းများကို ရင်ဆိုင်ခဲ့ကြရသည်။ အကောင်းများ ရှိခဲ့သော်လည်း အကောင်းထက် အဆိုးပိုများခဲ့သည်။ သမ္မတဦးသိန်းစိန်က ၎င်းကိုယ်တိုင် သိရှိထားပြီး ဖော်ဆောင်ပေးမည်ဆိုသော ပြည်သူ့ဆန္ဒနှစ်ရပ်ကို ဖော်ဆောင်ပေးနိုင်စွမ်း မရှိခဲ့ချေ။ တရားဥပဒေ စိုးမိုးရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် အခြေခံ လူမှုစီးပွားဘ၀ တိုးတက်မြင့်မားရေးမှာ ပြည်သူလူထု၏ အဓိကဆန္ဒနှစ်ရပ် ဖြစ်သည်။

ယခု ၂၀၁၃ ခုနှစ် ကုန်ဆုံး၍ ၂၀၁၄ ခုနှစ်သို့ ရောက်ရှိခဲ့ပြီဖြစ်သည်။ ၂၀၁၄ ခုနှစ်တွင် မြန်မာနိုင်ငံ၌ ဖြစ်ပေါ်နေသော ရှိရင်းစွဲ စိန်ခေါ်မှုများထက် ပို၍ပမာဏကြီးသော စိန်ခေါ်မှုများ ရှိလာမည်ဖြစ်သည်။ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌတာဝန်၊ တိုင်းရင်းသား လက်နက်ကိုင်များနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ ကိစ္စများကို မည်မျှအထိ အောင်မြင်စွာ ဆောင်ရွက်နိုင်မည်နည်း။

တစ်နိုင်ငံလုံး အတိုင်းအတာအရ ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူရေး အခြေအနေ ရလဒ်မှန် ထွက်ပေါ်နိုင်မည်လား။ စစ်ပြေးဒုက္ခသည်များ နေရပ်ပြန်နိုင်မည်လား။ လယ်မြေသိမ်းယူမှု ပြဿနာများကို ဖြေရှင်းနိုင်မည်လား။ အရှိန်ကောင်းနေဆဲဖြစ်သော ဆန္ဒထုတ်ဖော်မှုများနှင့် ပုံစံတူဖြစ်ပေါ်လေ့ရှိသော ဘာသာရေး လူမျိုးရေး အသွင်ဆောင် ပဋိပက္ခများ ဆက်ဖြစ်နေမှာလား။ မေးခွန်းများက စောင့်ကြိုနေသည်။

အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌတာဝန်

မြန်မာနိုင်ငံအနေဖြင့် အာဆီယံနိုင်ငံ အဖွဲ့ဝင်ဖြစ်ပြီး ၁၇ နှစ်ကြာမှ အလှည့်ကျ ဥက္ကဋ္ဌတာဝန်ကို ရရှိခဲ့သည်။ ၂၀၀၆ ခုနှစ်၌ အလှည့်ကျ ဥက္ကဋ္ဌတာဝန်ရရန် အခွင့်အရေး ပေါ်ခဲ့သည်။ သို့သော် လူ့အခွင့်အရေး ချိုးဖောက်မှုများ အပါအ၀င် အခြားသော အခြေအနေများကြောင့် ဥက္ကဋ္ဌတာဝန်ကို လက်လွှတ်ခဲ့ရသည်။

၂၀၁၄ ခုနှစ်တွင် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန်ကို မြန်မာနိုင်ငံက ရရှိခဲ့သည်။ ဒီမိုကရေစီ အသွင်ကူးပြောင်းဆဲ မြန်မာနိုင်ငံအတွက် အာဆီယံ၏ ဆုလာဘ်ဖြစ်သည်။ ဖြစ်စဉ်များ တိုးတက်မှု ရှိ၊ မရှိ ဆိုသည်ကို နိုင်ငံတကာက စောင့်ကြည့်နေဆဲဖြစ်သည်။

အလှည့်ကျ ဥက္ကဋ္ဌတာဝန်ကြောင့် အာဆီယံအစည်းအဝေးပေါင်း ၁၀၀၀ ကျော်ကို မြန်မာနိုင်ငံက ဦးဆောင်ကျင်းပရမည် ဖြစ်သည်။ မြန်မာနိုင်ငံ တစ်ခုတည်း၌ ကျင်းပရမည့် ထိပ်တန်းအစည်းအဝေးပေါင်း ၂၀၀ ကျော်ရှိသည်။ ဇန်န၀ါရီလလယ်ပိုင်း၌ ပြုလုပ်မည့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးက မြန်မာနိုင်ငံ၏ အလှည့်ကျ ဥက္ကဋ္ဌတာဝန်ကို အသက်သွင်းမည်ဖြစ်သည်။

ထို့နောက် မေလတွင် အာဆီယံ ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေး၊ (၂၄) ကြိမ်မြောက် အာဆီယံ ထိပ်သီးဆွေးနွေးပွဲနှင့် ဆက်စပ်အစည်းအဝေးများ၊ ဇွန်လတွင် အာဆီယံ-အမေရိကန် အကြီးတန်း အရာရှိများ စကားဝိုင်း၊ ဇူလိုင်လတွင် (၄၇) ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၊ သြဂုတ်လတွင် အာဆီယံဒေသဆိုင်ရာ ဖိုရမ်၊ အရှေ့အာရှ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၊ စက်တင်ဘာတွင် အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့၌ ပြုလုပ်မည့် အာဆီယံ-အမေရိကန် အစည်းအဝေး၊ အောက်တိုဘာတွင် အာဆီယံ နိုင်ငံခြားရေး ၀န်ကြီးများ အစည်းအဝေး၊ (၂၅) ကြိမ်မြောက် အာဆီယံထိပ်သီး ဆွေးနွေးပွဲနှင့် ဆက်စပ်အစည်းအဝေးများ၊ အာဆီယံ + ၃ ထိပ်သီးဆွေးနွေးပွဲ၊ အရှေ့အာရှ ထိပ်သီးဆွေးနွေးပွဲ အစရှိသည်တို့ကို ဆက်လက်ပြုလုပ်မည် ဖြစ်သည်။

ပြည်တွင်း၊ ပြည်ပ ဖိအား

အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန် ယူထားချိန်တွင် ပြည်တွင်း၊ ပြည်ပ ဖိအားများက မြန်မာနိုင်ငံအပေါ် ရိုက်ခတ်နေမည် ဖြစ်သည်။ လက်ရှိဖြစ်ပေါ်နေသော ဆန္ဒထုတ်ဖော်မှုများ၊ ဘာသာရေး လူမျိုးရေး အသွင်ဆောင် ပဋိပက္ခများ၊ တိုင်းရင်းသား ဒေသများ၌ ဖြစ်ပွားနေမည့် တိုက်ပွဲများနှင့် အခြားသော လူ့အခွင့်အရေး ချိုးဖောက်မှုများ ဆက်လက်ဖြစ်ပေါ်နေမည် ဆိုပါက မျက်နှာပျက်စရာများ ရှိလာနိုင်သည်။

ထို့အတူ ပထ၀ီနိုင်ငံရေး မဟာဗျူဟာအရ အမေရိကန်နိုင်ငံ၏ အာရှ-ပစိဖိတ်ဒေသ အာရုံစိုက်မှု ချိန်ခွင်လျှာသည် ၂၀၁၄ ခုနှစ်တွင် မြန်မာနိုင်ငံသို့ ရောက်လာမည်ဖြစ်သည်။ အမေရိကန်သည် မြန်မာက ဦးဆောင်တက်ရောက်ရမည့် အာဆီယံ-အမေရိကန် အစည်းအဝေးကို နယူးယောက်မြို့၌ စက်တင်ဘာလအတွင်း ပြုလုပ်ရန် ရည်မှန်းထားသည်။

၂၀၁၂ ခုနှစ်က ရန်ကုန်မြို့သို့ လာခဲ့သည့် အမေရိကန်သမ္မတ ဘားရတ်အိုဘားမားသည် ၂၀၁၄ ခုနှစ် အောက်တိုဘာ (သို့မဟုတ်) နိုဝင်ဘာလတွင် နေပြည်တော်သို့ ရောက်ရှိလာမည်ဖြစ်သည်။ ကနဦး သိရှိရသော သတင်းများအရ သမ္မတအိုဘားမားသည် နေပြည်တော်၌ ပြုလုပ်ရန်ရှိသော အရှေ့အာရှ ထိပ်သီးဆွေးနွေးပွဲတက်ရန် ဆန္ဒရှိနေသည်။

မြန်မာနိုင်ငံ၏ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန်နှင့်အတူ မြန်မာ-အမေရိကန် ဆက်ဆံရေးမှာ ပို၍တိုးတက်လာနိုင်ဖွယ်ရှိပြီး ထိုတိုးတက်မှုသည် မြန်မာ့နိုင်ငံရေးအတွက် မည်မျှအကျိုးဖြစ်ထွန်းမည် ဆိုခြင်းမှာ မရေရာသော အခြေအနေ၌ ရှိနေသည်။

အခြားတစ်ဖက်တွင် မြန်မာ-တရုတ် ဆက်ဆံရေးက အားကောင်းနေဆဲဖြစ်သည်။ ထို့ကြောင့် အာဆီယံနိုင်ငံများနှင့် တရုတ်နိုင်ငံအကြား တောင်တရုတ်ပင်လယ် ရေပိုင်နက် အငြင်းပွားမှုမှာ မြန်မာနိုင်ငံက အာဆီယံဥက္ကဋ္ဌ ဖြစ်ချိန်တွင် ယတိပြတ် ပြီးပြတ်နိုင်ခြင်း မရှိချေ။ သို့ရာတွင် အမေရိကန်နှင့် ဆက်ဆံရေး အပါအ၀င် တောင်တရုတ်ပင်လယ် အရေးနှင့် ပတ်သက်ပြီး တရုတ်နိုင်ငံက မြန်မာနိုင်ငံအပေါ် ဖိအားပေးလာနိုင်မည့် အခြေအနေ ရှိလာနိုင်သည်။

အစိုးရနှင့် ယုံကြည်မှု တည်ဆောက်ရာ၌ သံသယများ ရှိနေသည်။ ထို့အပြင် အဖွဲ့တွင်း သဘောထားကွဲမှုများ ရှိနေသည်။ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးသည် နှစ်ဖက်အလိုကျ အဖြေထွက်ပေါ်ရန် ခဲယဉ်းနေသည်။ သို့သော် ၂၀၁၄ ခုနှစ်တွင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ဆက်ရှိနေမည်ဖြစ်ပြီး

အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန် ယူစဉ်အတွင်း အောက်တိုဘာ(သို့မဟုတ်)နိုဝင်ဘာလသည် မြန်မာနိုင်ငံသို့ နိုင်ငံတကာ ခေါင်းဆောင်အများအပြား လာရောက်မည့် အချိန်ဖြစ်သည်။

အမေရိကန်၊ အီးယူအပါအ၀င် ဂျပန်၊ တရုတ်၊ တောင်ကိုရီးယား၊ ရုရှ၊ အိန္ဒိယ၊ သြစတြေးလျ၊ နယူးဇီလန်နိုင်ငံများမှ ခေါင်းဆောင်များနှင့် အာဆီယံ ခေါင်းဆောင်များမှာ ထိုကာလအတွင်း နေပြည်တော်၌ ပြုလုပ်မည့် ထိပ်သီးဆွေးနွေးပွဲများသို့ လာရောက်မည်ဖြစ်သည်။

အဆိုပါ ခေါင်းဆောင်များနှင့်အတူ နိုင်ငံတကာ မီဒီယာများ၊ ဂျာနယ်လစ်များကလည်း ၂၀၁၄ ခုနှစ်အတွင်း မြန်မာနိုင်ငံသို့ အဆက်မပြတ် ၀င်ရောက်နေမည် ဖြစ်သောကြောင့် ၂၀၁၄ ခုနှစ် ကမ္ဘာ့သတင်း စာမျက်နှာများတွင် မြန်မာနိုင်ငံ၏ အခြေအနေများက ယခုနှစ်ထက်ပို၍ နေရာယူလာမည် ဖြစ်သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး

အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန်သည် ဒေသတွင်းနှင့် နိုင်ငံတကာ၌ မြန်မာအစိုးရ၏ ပြည်ပဆက်ဆံမှု ပုံရိပ်ကို ဖော်ကျူးမည်ဖြစ်သည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ ကိစ္စရပ်ကို မည်မျှအထိ လုပ်ဆောင်နိုင်မည် ဆိုခြင်းမှာ မြန်မာနိုင်ငံ၏ ပြည်တွင်းပုံရိပ်ကို ဖော်ကျူးခြင်းဖြစ်သည်။

လက်ရှိအချိန်တွင် အာဏာရပါတီဖြစ်သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် အဆိုပြုချက် အချက် ၇၃ ချက် အကြံပြုထားသည်။ အစိုးရအတိုက်အခံ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီက အဆိုပြုချက် အချက် ၁၆၈ ချက်ရှိကြောင်း ပြောဆိုသည်။ ထို့အတူ ကျန်အဖွဲ့ အသီးသီးက အဆိုပြုချက်များ တင်ပြကြမည်ဖြစ်သည်။

အဖွဲ့အစည်း/လူပုဂ္ဂိုလ်အသီးသီး တင်ပြလာသော အဆိုပြုချက်များကို ၂၀၁၄ ခုနှစ် ဇန်န၀ါရီလတွင် ပြည်ထောင်စုလွှတ်တော် ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီက ဆွေးနွေးဆုံးဖြတ်ပြီး လွှတ်တော်သို့ ဆက်လက်တင်သွင်းမည်ဖြစ်သည်။ တင်ပြချက်များကို အခြေခံပြီး ပူးပေါင်းကော်မတီက မည်ကဲ့သို့ သုံးသပ်မည်ဆိုခြင်းနှင့် လွှတ်တော်တွင်း ဆွေးနွေးပြီး မည်မျှအထိ ပြင်ဆင်နိုင်မည်ဆိုခြင်းမှာ ၂၀၁၄ ခုနှစ် နှစ်ဝက်မတိုင်ခင်မှာပင် အဖြေထွက်လာနိုင်ဖွယ် ရှိပါသည်။

ထို့အပြင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံဆိုင်ရာ အခြေခံဥပဒေ ပြင်ဆင်ရေး ဆုံးဖြတ်ချက်များသည် ၂၀၁၅ ရွေးကောက်ပွဲ အခြေအနေကို အခြေခံအဆုံးအဖြတ်ပေး ခြေလှမ်းများ ဖြစ်လာနိုင်သည်။

တစ်နိုင်ငံလုံး အပစ်ရပ်ရေးစာချုပ်

သမ္မတ ဦးသိန်းစိန်၏ ပြည်ထောင်စု အစိုးရအဖွဲ့အနေဖြင့် ၂၀၁၃ ခုနှစ်အတွင်း တိုင်းရင်းသားလက်နက်ကိုင် အားလုံးနှင့် ငြိမ်းချမ်းရေးရရှိကာ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ စာချုပ်ချုပ်ဆိုရန် မျှော်မှန်းခဲ့သည်။ ၂၀၁၃ နှစ်ကုန်ချိန်တွင် ထိုမျှော်မှန်းချက်မှာ ဖြစ်မလာခဲ့ချေ။

၂၀၁၃ ခုနှစ်အတွင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ လိုင်ဇာဘုံသဘောတူညီချက် ထွက်ပေါ်ခဲ့သည်။ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) ကို ဖွဲ့စည်းခဲ့သည်။ အစိုးရ၏ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ဆိုင်ရာ စာချုပ်မူကြမ်း ထွက်ပေါ်ခဲ့သည်။ လိုင်ဇာ ဘုံသဘောတူညီချက်နှင့် အစိုးရ၏ မူလအပစ်ရပ် စာချုပ်မူကြမ်းမှာ ရာခိုင်နှုန်း ၈၀ ကွဲလွဲခဲ့သည်။ ယခုရက်ပိုင်းအတွင်း တွေ့ဆုံညှိနှိုင်းမှုများအရ ရာခိုင်နှုန်း ၈၀ သဘောတူညီနိုင်ခဲ့ပြီဟု ဆိုကြပြန်သည်။ သို့သော် ကွဲလွဲမှုများက ဆက်ရှိနေသည်။

ကွဲလွဲချက်များကို ညှိနှိုင်းရန်အတွက် ၂၀၁၄ ခုနှစ် ဇန်န၀ါရီ၌ အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်များ ကရင်ပြည်နယ်တွင် ထပ်မံတွေ့ဆုံကြမည် ဖြစ်သည်။ တိကျသောအဖြေ ထွက်ပေါ်ရန် မရေရာသော အခြေအနေ ရှိနေဆဲဖြစ်သည်။

အစိုးရနှင့် ယုံကြည်မှု တည်ဆောက်ရာ၌ သံသယများ ရှိနေသည်။ ထို့အပြင် အဖွဲ့တွင်း သဘောထားကွဲမှုများ ရှိနေသည်။ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးသည် နှစ်ဖက်အလိုကျ အဖြေထွက်ပေါ်ရန် ခဲယဉ်းနေသည်။ သို့သော် ၂၀၁၄ ခုနှစ်တွင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ဆက်ရှိနေမည်ဖြစ်ပြီး နှစ်ဖက်ထိတွေ့ တိုက်ပွဲဖြစ်မှုများလည်း ဆက်ရှိနေနိုင်သည်။

ပြည်လုံးကျွတ် သန်းခေါင်စာရင်း

ပြည်ထောင်စု အစိုးရအဖွဲ့၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာနက ပြည်လုံးကျွတ် သန်းခေါင်စာရင်းကို ၂၀၁၄ ခုနှစ် မတ်လ ၃၀ ရက်မှ ဧပြီ ၂၀ ရက် ကာလအတွင်း ကောက်ယူမည်ဖြစ်သည်။ နှစ်ပေါင်းသုံးဆယ်ကျော် ကာလအတွင်း ပထမဆုံး သန်းခေါင်စားရင်းကောက်ရန် အချိန်သုံးလခန့်သာ ကျန်တော့သည်။

တစ်နိုင်ငံလုံး အတိုင်းအတာအရ မည်သို့လုပ်ဆောင်မည် ဆိုခြင်းမှာ စောင့်ကြည့်ရမည့် အခြေအနေ ဖြစ်သည်။ ရခိုင်ပြည်နယ်တွင် ပြဿနာ ရှိနေသည်။ ကချင်ပြည်နယ်တွင် ပြဿနာ ရှိနေသည်။ ရှမ်းပြည်နယ်တွင် ပြဿနာ ရှိနေသည်။ ပြည်ပဒုက္ခသည် စခန်းများတွင် ရောက်ရှိနေသူများကို မည်ကဲ့သို့ စာရင်းကောက်ယူမည်နည်း။

‘၀’ အထူးဒေသကဲ့သို့သော တိုင်းရင်းသားဒေသများ၌ သန်းခေါင်စာရင်း ကောက်ယူခြင်းကို လက်ခံခဲ့သည်။ သို့သော် အစိုးရ၀န်ထမ်းများကို လာရောက်ကောက်ယူခွင့် မပြုခဲ့ပေ။ ၎င်းတို့ ၀န်ထမ်းများဖြင့်သာ ကောက်ယူမည်ဖြစ်သည်။ ထို့အတူ တိုင်းရင်းသား လက်နက်ကိုင်များ၏ ထိန်းချုပ်နယ်မြေများ၌ ရှိနေသူများအား အစိုးရကိုယ်တိုင် သွားရောက်ကောက်ယူရန် အခက်အခဲ ရှိနေသည်။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန အနေဖြင့် ပညာရေးဝန်ကြီးဌာန လက်အောက်ရှိ ဆရာ/ဆရာမဦးရေ ၁၂၀၀၀၀ ကျော်၏ အကူအညီဖြင့် ၁၂ ရက်အတွင်း အပြီးကောက်ယူရန် ရည်မှန်းထားသည်။ ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူရန်အတွက် အမေရိကန်ဒေါ်လာ ၅၈ သန်း ကုန်ကျမည်ဟု သိရသည်။

ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူနိုင်ရေးမှာ ပြည်တွင်းငြိမ်းချမ်းရေး အခြေအနေနှင့် တိုက်ရိုက်သက်ဆိုင်နေသည်။

ရာပြည့်များနှင့် ရက်စွဲများ

၂၀၁၄ ခုနှစ်တွင် ရာပြည့်ဖြစ်ရပ် များစွာရှိသည်။ ပထမကမ္ဘာစစ် ဖြစ်ပွားမှု နှစ်တစ်ရာပြည့်သည်။ မြန်မာ့အလင်း သတင်းစာ (သို့မဟုတ်) မြန်မာ့အလင်း စစ်ကြေးနန်းသတင်း စတင်ထုတ်ဝေခြင်း နှစ်တစ်ရာပြည့်သည်။ ရန်ကုန်မြို့တွင် အင်္ဂလိပ်သာသနာပြုအဖွဲ့ (The Society for the Propagation of the Gospel in Foreign Party) က မျက်မမြင်ကျောင်း တည်ထောင်မှု နှစ်တစ်ရာပြည့်သည်။ ယင်းမာပင်-ကလော မီးရထားလမ်း စတင်ဖွင့်လှစ်ခြင်း နှစ်တစ်ရာပြည့်သည်။ ဆမားဒူးဝါ ဆင်ဝါးနောင်၊ မောင်သုတ၊ အိုးဝေဦးညိုမြ၊ ဦးသိန်းဖေမြင့်၊ ဓမ္မိကဦးဘသန်းနှင့် စန်းသော်တာတို့ မွေးဖွားခဲ့ခြင်း နှစ်တစ်ရာပြည့်သည်။

နှစ်ကိုးဆယ်ပြည့်များမှာ ‘၀တ္ထု’ မဂ္ဂဇင်း ထွက်ရှိမှု၊ ဒုတိယကမ္ဘာစစ်အပြီး မြန်မာနိုင်ငံ၌ အကြီးအကျယ်ဆုံး နိုင်ငံရေး အစည်းအဝေး ဖြစ်ခဲ့သည့် ဂျီစီဘီအေ ပေါင်းတည်ကွန်ဖရင့်၊ ဆရာတော်ဦးဥတ္တမကို ကြိုဆိုသော သံဃာတော်နှင့် လူထုအား ပုလိပ်များက ဖြိုခွင်းခဲ့ရာမှာ ဆရာတော် ဦးစန္ဒိမာ ပျံလွန်တော်မူခဲ့ခြင်းနှင့် လူပရိသတ်များ ထိခိုက်ဒဏ်ရာ ရရှိခဲ့ခြင်း၊ ဆရာကြီး ဦးဖေမောင်တင် ရန်ကုန်တက္ကသိုလ် အရှေ့တိုင်းပညာ ပါမောက္ခ ဖြစ်ခဲ့ခြင်း အစရှိသည်တို့ ဖြစ်သည်။

နှစ်ငါးဆယ် ပြည့်ခဲ့သည်များမှာ ကင်းထောက်အဖွဲ့ချုပ်ကို ဖျက်သိမ်းခဲ့ခြင်း၊ အမျိုးသား စည်းလုံးညီညွတ်ရေးကို ကာကွယ်သည့်ဥပဒေကို ထုတ်ပြန်ကာ နိုင်ငံရေးပါတီ အဖွဲ့အစည်းများကို ဦးနေ၀င်း (ဗိုလ်ချုပ်ကြီး)က ဖျက်သိမ်းခဲ့ခြင်း၊ မြန်မာနိုင်ငံ တက္ကသိုလ်ပညာရေး ဥပဒေကို ပြဋ္ဌာန်းပြီး စနစ်သစ်ပညာရေး မူဝါဒချမှတ်ခြင်း၊ အင်းစိန်မီးရထား ဗဟိုသင်တန်းကျောင်း ဖွင့်လှစ်ခြင်း၊ ဆရာကြီး သခင်ကိုယ်တော်မှိုင်း ကွယ်လွန်ခြင်း၊ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အနေဖြင့် ဦးသန့် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ခြင်း၊ နိုင်ငံရေးစာပေများ မှတ်ပုံတင်လိုပါက ဗဟိုမှတ်ပုံတင် အဖွဲ့သို့ တင်ပြရန် ကြေညာခြင်း၊ ကြေးမုံ၊ ဗိုလ်တထောင်၊ ဂါးဒီးယန်း သတင်းစာများကို ပြည်သူပိုင် သိမ်းခဲ့ခြင်း၊ ငွေကျပ်ငါးဆယ်တန်နှင့် ရာတန်များကို ပြည်သူပိုင်သိမ်းခဲ့ခြင်း၊ တက္ကသိုလ်နှင့် ကောလိပ်များကို ပြင်ဆင်ဖွဲ့စည်းခဲ့ခြင်း၊ ရဲအဖွဲ့ကြီးကို ပြည်သူ့ရဲတပ်ဖွဲ့အဖြစ် အမည်ပြောင်းလဲခြင်း၊ တက္ကသိုလ် ပညာရပ် အားလုံးကို မြန်မာဘာသာဖြင့်သင်ရန် အခြေခံမူ ချခဲ့ခြင်း စသည်တို့ ဖြစ်ကြသည်။

သမ္မတ၏ နိုင်ငံရေးနှင့် ဆက်နွှယ်သည့် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်မည့်သူများကို အင်းစိန်ထောင်ရှေ့တွင် စောင့်ဆိုင်းနေကြသူများအား ဒီဇင်ဘာ ၃၁ ရက်က တွေ့ရစဉ် (ဓာတ်ပုံ - မင်းသိန်းနိုင်)

Aye Chan Mon# Credit To :Eleven Media Group> ပြန်လည် မျဝေခြင်း ဖြစ်ပါသည်

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top