ဘာလင်-ပဲရစ်၊ ဇွန် ၂၇
ဗြိတိန်နိုင်ငံ ဥရောပသမဂ္ဂ (အီးယူ) မှနုတ်ထွက်သွားမည့် အရေးကိစ္စတွင် ဖြစ်ပေါ်လာမည့် အကျိုးဆက်ရလဒ်များနှင့် ပတ်သက်၍ အီးယူ၏ သြဇာကြီးမားသော အဖွဲ့ဝင်နိုင်ငံ စာရင်းများတွင် ပါဝင်သည့် ပြင်သစ်နှင့် ဂျာမနီတို့ စည်းစည်းလုံးလုံးဖြင့် ကိုင်တွယ်ဖြေရှင်းသွားရန် သဘောတူညီလိုက်ကြပြီ ဖြစ်ကြောင်း Reuters သတင်းဌာနက ရေးသားဖော်ပြသည်။
ပြင်သစ်သမ္မတ ဟော်လန်နှင့် ဂျာမနီ အဓိပတိ အင်ဂလာမာကယ်လ်တို့သည် Brexit ဟု ခေါ်သော အီးယူမှ ဗြိတိန်နုတ်ထွက်မှုနှင့် ပတ်သက်၍ ဘာလင်မြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ကြပြီးနောက် ထိုသို့ ပြဿနာအရပ်ရပ်အပေါ် မည်သို့မည်ပုံ ကိုင်တွယ်ဖြေရှင်းမည် ဟူသည်ကို သဘောတူညီခဲ့ကြခြင်း ဖြစ်သည်။
မစ္စတာ ဟော်လန်က Brexit ကိစ္စကြောင့် မဟာမိတ်နိုင်ငံများ အကြား အကွဲအပြဲများ၊ အတိုက်အခံပြုမှုများနှင့် အငြင်းအခုံများ ဖြစ်လာနိုင်ကြောင်း သတိပေး ပြောကြားသည်။
ဂျာမနီ အဓိပတိ အင်ဂလာမာကယ်လ်သည် တနင်္လာနေ့ နှောင်းပိုင်းတွင် အီတလီ ဝန်ကြီးချုပ် မက်တီယိုရန်ဇီ၊ ပြင်သစ်သမ္မတ ဟော်လန်၊ ဥရောပကောင်စီ ဥက္ကဋ္ဌ ဒေါ်နယ်တပ်စ်တို့နှင့် တွေ့ဆုံပြီး ယင်းကိစ္စကို အကျေအလည် ဆွေးနွေးမည်ဟု ဂျာမန်သတင်းဌာနများက ဖော်ပြသည်။
အင်ဂလာမာကယ်လ်၏ လတ်တလော အဓိက ဦးစားပေး လုပ်ငန်းစဉ်မှာ အီးယူအတွင်းမှ ဗြိတိန်နိုင်ငံ နုတ်ထွက်ရာတွင် အစစအရာရာ ချောမွေ့ပြီး လက်တွေ့တကျ ရှိစေရေးနှင့် အီးယူအနာဂတ် လုံခြုံစိတ်ချမှု ရှိစေရေးတို့ ဖြစ်သည်။
ပြင်သစ်သမ္မတ ဟော်လန်က ဗြိတိန်၏ ဆုံးဖြတ်ချက်သည် နောက်ကြောင်းပြန်လှည့်၍ မရနိုင်တော့ကြောင်း သုံးသပ်ပြီး “တစ်ခါမှ မစဉ်းစားဖူးတဲ့ အရာက ပြန်ပြင်လို့ မရလောက်အောင် ဖြစ်လာတယ်” ဟု ပြောကြားသည်။
အီးယူကို စတင်ထူထောင်ခဲ့သည့် နိုင်ငံခေါင်းဆောင်များ ဂျာမနီတွင် တွေ့ဆုံဆွေးနွေးမှုများသည် ဗြိတိန် မရှိတော့သော်လည်း အီးယူသည် စည်းလုံးညီညွတ်မှု ရှိပြီး Brexit ကိစ္စ ဖြစ်နေသော်လည်း အီးယူ ခေါင်းဆောင်များ တည်တည်ငြိမ်ငြိမ် ရှိနေသည်ဟူသော အချက်ကို ဖော်ကျူးပြခြင်း ဖြစ်ကြောင်း BBC သတင်းဌာန၏ ဥရောပ ဒေသဆိုင်ရာ အယ်ဒီတာ ကက်တရာ အက်ဒလာက ဆိုသည်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီသည်လည်း Brexit အရေးကိစ္စနှင့် ပတ်သက်၍ ဆွေးနွေးရန် ဗြိတိန်နှင့် ဘယ်လ်ဂျီယံနိုင်ငံသို့ သွားရောက်မည် ဖြစ်သည်။
အီတလီနိုင်ငံ ရောမမြို့၌ သတင်းထောက်များနှင့် တွေ့ဆုံရာ၌ ဂျွန်ကယ်ရီက ဗြိတိန်၏ ဆုံးဖြတ်ချက်ကြောင့် နောင်တရ စိတ်မကောင်းဖြစ်မိကြောင်း၊ သို့သော် အမေရိကန်ပြည်ထောင်စု အနေနှင့် အီးယူနှင့် အနီးကပ် ဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းသွားမည်သာ ဖြစ်ကြောင်း ပြောကြားသည်။
ဥရောပကော်မရှင် ဥက္ကဋ္ဌ ဂျန်းကလော့ဂန်ကာကမူ အီးယူမှ ဗြိတိန်နုတ်ထွက်မည့် ကိစ္စကို အမြန်ဆုံး အကောင်အထည် ဖော်ဆောင်သင့်သည်ဟု ဆိုထားသည်။
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.