0


နာရေးကူညီမှုအသင်း (ရန်ကုန်)၏ ဥက္ကဋ္ဌ သရုပ်ဆောင်ဦးကျော်သူ၏ ဘ၀ဖြတ်သန်းမှုကို ပုံဖော်ထားသည့် “ Walking  A Fine Line” မှတ်တမ်းဇာတ်ကားရှည်ကို ဆွီဒင်နှင့် ၀ါရှင်တန်ဒီစီတို့တွင် ရုံတင်ပြသသွားရန် စီစဉ်ထားသည်ဟု သတင်းရရှိသည်။
 
“Walking  A Fine Line”မှတ်တမ်း ဇာတ်ကားရှည်ကို World Movement for Democracy  မှ စီစဉ်ရိုက်ကူးခြင်းဖြစ်ပြီး သရုပ်ဆောင် မင်းသားတစ်ဦးအဖြစ်မှသည် ပရဟိတခေါင်းဆောင်တစ်ဦးအဖြစ် ကူးပြောင်းရောက်ရှိခဲ့ပုံနှင့် နိုင်ငံ၏ နိုင်ငံရေးအပြောင်းအလဲများတွင် တတ်စွမ်းသရွေ့ ပါဝင်ခဲ့မှုများအား ရိုက်ကူးပုံဖော်ထားခြင်းဖြစ်သည်။ 
 
ဦးကျော်သူ၏ ဘ၀ဖြတ်သန်းမှုကို တစ်စိတ်တစ်ပိုင်းကို တွေ့မြင်ခံစားရမည့် “ Walking A Fine Line” မှတ်တမ်းဇာတ်ကားကို စက်တင်ဘာ ၂၄ ရက်နှင့် ၂၅ ရက်တို့တွင် ဆွီဒင်နိုင်ငံ၌ လည်းကောင်း၊ စက်တင်ဘာ ၂၉ ရက်နှင့် ၃၀ ရက်များတွင် ၀ါရှင်တန်ဒီစီ ၌ လည်းကောင်း ရုံတင်ပြသမည်ဖြစ်ကာ အခမဲ့ဝင်ရောက်ကြည့်ရှုနိုင်မည်ဖြစ်ကြောင်း သိရသည်။ “ Walking A Fine Line” မှတ်တမ်းဇာတ်ကား ရုံတင်ပြသရာတွင် နာရေးကူညီမှုအသင်း (ရန်ကုန်) ၏ ဥက္ကဋ္ဌဦးကျော်သူလည်း တက်ရောက်မည်ဖြစ်ကာ မေးမြန်းသည်များ ကို ပြန်လည်ဖြေကြားသွားမည်ဟု သိရသည်။ ဦးကျော်သူသည် စက်တင်ဘာ ၂၁ ရက် ညပိုင်းတွင် အဆိုပါရုပ်ရှင်ပြသမှုများသို့ တက်ရောက်ရန် ဆွီဒင်နိုင်ငံသို့ ထွက်ခွာသွားကြောင်း သိရသည်။ 
 
“ကျွန်တော့်ဘ၀ရဲ့အလှည့်အပြောင်း၊ ဖြတ်သန်းခဲ့မှု တစ်စိတ်တစ်ဒေသကို ဒီဇာတ်ကားမှာ ပုံဖော်ထားပါတယ်။ ကျွန်တော်ငယ်စဉ်ဘ၀၊ ကျွန်တော့်ယုံကြည်ချက်၊ ကျွန်တော့် အနုပညာကနေ ပရဟိတသမားတစ်ယောက်အဖြစ် ပြောင်းလဲရောက်ရှိခဲ့မှု၊ ကျွန်တော်စွဲကိုင်ထားခဲ့တဲ့ ယုံကြည်ချက်တွေကို ဒီဇာတ်ကားမှာ တွေ့မြင်နိုင်မှာပါ။ ဒါကြောင့်လည်း ကျွန်တော် ဒီဇာတ်ကားကို လက်ခံရိုက်ကူးပေးခဲ့တာပါ”ဟု နာရေးကူညီမှုအသင်း (ရန်ကုန်) ၏ဥက္ကဋ္ဌ ဦးကျော်သူက ဆိုသည်။
 
ဦးကျော်သူ၏ ဘ၀ဖြတ်သန်းမှု ဇာတ်ကားဖြစ်သည့် “Walking A Fine Line ”  မှတ်တမ်းဇာတ်ကားတွင် ဦးကျော်သူကိုယ်တိုင် ပြောပြသည့် ၎င်း၏ ဘ၀ဖြတ်သန်းမှုအပြင် မိဘနှစ်ပါး၏ ပြောပြချက်၊ ဇနီးဖြစ်သူ၏ ခံစားချက်၊ ရင်းနှီးသည့်မိတ်ဆွေများ၏ ထင်မြင်ယူဆချက်၊ အနုပညာအသိုင်းအ၀န်းမှ အနုပညာရှင်များ၏ သုံးသပ်ချက်နှင့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးနယ်ပယ်မှ ထင်ရှားသူအချို့၏  ဦးကျော်သူအပေါ် အမြင်များကိုပါ ရိုက်ကူးတင်ဆက်ထားခြင်း ဖြစ်သည်။ 
 
နာရေးကူညီမှုအသင်း (ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူသည် အောက်တိုဘာ ၇ ရက်မှသာ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာမည်ဖြစ်ကြောင်း သိရသည်။ ဦးကျော်သူသည် သြဂုတ် ၃၁ ရက်တွင် ဖိလစ်ပိုင်နိုင်ငံမှ ချီးမြှင့်သည့် ရေမွန်မက်ဆေးဆေးဆုကို လက်ခံရယူနိုင်ခဲ့သည်။ ရေမွန်မက်ဆေးဆေးဆုမှာ အာရှဒေသတွင်းတွင် ဂုဏ်သိက္ခာမြင့်မားသည့် ဆုတစ်ဆုဖြစ်သည်။          
Writer: 
လင်းလင်းခိုင်

http://news-eleven.com/

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top