0

ရန်ကုန်၊ စက်တင်ဘာ ၂၁
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကိုယ်စားလှယ်လောင်း ဗိုလ်ချုပ်ကြီးဟောင်း သူရသက်ဆွေ ဝင်ရောက်ယှဉ်ပြိုင်မည့် တပ်မတော်သား မိသားစုဝင်များ အများစုနေထိုင်ရာ ကိုကိုးကျွန်းမြို့နယ်သို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက မဲဆွယ်စည်းရုံးရေး သွားရောက်ခွင့် မရရှိကြောင်း အဆိုပါ ပါတီနာယက သူရဦးတင်ဦးက ပြောကြားသည်။
ကိုကိုးကျွန်းမြို့နယ်တွင် NLD ပါတီမှ မဲဆွယ်စည်းရုံးရန် တိုင်းဒေသကြီးအစိုးရက ခွင့်ပြုချက် ရရှိခဲ့သော်လည်း ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများ ကိုကိုးကျွန်းသို့ သွားရောက်မည့် သင်္ဘောကို တပ်မတော် အမှတ် (၁) ဆောက်လုပ်ရေး အင်ဂျင်နီယာတပ်ထံမှ ငှားရမ်းရကြောင်း၊ စက်တင်ဘာလ ၂၀ ရက်နေ့တွင် သင်္ဘောမထွက်ဖြစ်သောကြောင့် သွားခွင့်မရကြောင်း သူရဦးတင်ဦးက ဆိုသည်။
အဆိုပါ သင်္ဘောမထွက်ဖြစ်သည့် အကြောင်းကို ကိုကိုးကျွန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးက အကြောင်းကြားလာခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။
“ကျွန်တော်တို့မှာက တိုင်းအစိုးရက ခွင့်ပြုသော်လည်း သွားရေးလာရေးပိုင်းမှာ အခက်အခဲ ဖြစ်နေပါတယ်” ဟု ၎င်းက ဆိုသည်။
စက်တင်ဘာလ ၂၁ ရက်နေ့တွင် NLD ပါတီ ဗဟိုအောင်နိုင်ရေးရုံးတွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ၎င်းက ယင်းသို့ ပြောဆိုခြင်း ဖြစ်သည်။
အဆိုပါ ကိုကိုးကျွန်း မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းအချို့သည် တပ်မတော် အရာရှိဟောင်းများ ဖြစ်သောကြောင့် ၎င်းတို့၏ အခွင့်အာဏာကို အသုံးပြုတားမြစ်ခြင်းလည်း ဖြစ်နိုင်ကြောင်း NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းထိန်က သုံးသပ်ပြောဆိုသည်။
“သူတို့က အင်မတန် အားသာတာပေါ့၊ သူတို့ရဲ့ အခွင့်အာဏာကို သုံးပြီးတော့ လုပ်သွားမှာပေါ့၊ ဒါဟာ ဥပဒေနဲ့ မညီဘူးဆိုလည်း သူတို့ဂရုစိုက်မှာ မဟုတ်ဘူး” ဟု ၎င်းက ဆိုသည်။
ကိုကိုးကျွန်းမြို့နယ်တွင် NLD ပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းတစ်ဦး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်းတစ်ဦးနှင့် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်လောင်း နှစ်ဦး ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း အဆိုပါ ပါတီထံမှ သိရသည်။
အလားတူ အဆိုပါမြို့နယ်တွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် (ရေ) တာဝန်ထမ်းဆောင်ခဲ့သူ ဗိုလ်ချုပ်ကြီးဟောင်း သူရသက်ဆွေ အပါအဝင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကိုယ်စားလှယ်လောင်းလေးဦး ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံမှ သိရသည်။
The Voice Weekly

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top