ပြီးခဲ့တဲ့ မေလ ၅ ရက်က အမျိုးသမီး အခွင့်အရေး လှုပ်ရှားသူတွေ၊ အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်း စုစုပေါင်း ၉၀ ကျော် အမျိုးစောင့် ဥပဒေနဲ့ ပတ်သက်ပြီး အချက် (၁၁) ချက်ပါ အကြံပြုချက်နဲ့ ကြေညာချက် ထုတ်ပြန်ပါတယ်။ (ခုဆို အဖွဲ့ ၁၁၀ ရှိပါပြီ)။ လိုရင်းကတော့ “နိုင်ငံတော်သမ္မတရဲ့ မျိုးစောင့်ဥပဒေ ရေးဆွဲဖို့ ကြိုးပမ်းချက်နဲ့ ကော်မရှင် ဖွဲ့စည်းတာဝန်ပေးအပ်မှုအပေါ် အပြင်းအထန် ကန့်ကွက်သည်” ဆိုပြီး ဖြစ်ပါတယ်။ အချိန်သိပ်မကြာပါဘူး။ ပုဂ်္ဂလိကသတင်းစာတွေက သတင်းဖော်ပြတဲ့ မေလ ၉ ရက်မှာပဲ မန္တလေးတိုင်း အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့ (မဘသ) ဦးဆောင် ဆရာတော် အရှင်ဣန္ဒာစက္ကာဘိဝံသနဲ့ တွဲဖက်အတွင်းရေးမှူး အရှင်ယဿ နှစ်ပါး လက်မှတ်ရေးထိုးပြီး၊ အဲဒီအဖွဲ့တွေအားလုံးကို “အမျိုးသား သစ္စာဖောက်”များအဖြစ် သတ်မှတ်ကြေညာ ထုတ်ပြန်ပါတယ်။ မေ လ ၁၁ ရက်ထုတ် မက်ဆင်ဂျာ သတင်းဂျာနယ် အရှင်ဣန္ဒာစက္ကာဘိဝံသ တွေ့ဆုံမေးမြန်းခန်းမှာတော့ ဆရာတော်က “သူတို့က ဘာကို တောင်းဆိုနေသလဲဆိုတာ မသိရသေးဘူး၊ သတင်းစာမှာပါလို့ ဒီလို ကန့်ကွက်တယ်ဆိုတာ သိရတာ”ဆိုပြီး ဖြေထားပါတယ်။ တကယ့်ကြေညာချက် အကြံပြု တင်ပြချက် ၁၁ ချက်ကို မတွေ့ရသေးဘဲနဲ့ အလွန်ပြင်းထန်လှတဲ့ “အမျိုးသား သစ္စာဖောက်”ဆိုတဲ့ စကားလုံးသုံးပြီး ကြေညာချက် ထုတ်လိုက်တာပါ။ အရပ်ဘက် အဖွဲ့အစည်းတွေက ဘာတွေ အကြံပြုသလဲ၊ ဆရာတော်နှစ်ပါး ကြေညာချက် ထုတ်လိုက်တော့ ဘယ်လို အဓိပ္ပာယ် သက်ရောက်သွားစေသလဲ၊ နောက်ဆက်တွဲ ဘာဆက်ဖြစ်လာနိုင်သလဲဆိုတာ ဒီကနေ့ ဆွေးနွေးတင်ပြသွားပါ့မယ်။
အရပ်ဘက် အဖွဲ့အစည်း ၁၁၀ က လက်မှတ်ရေးထိုးထုတ်ပြန်တဲ့ ကြေညာချက်မှာ ပါတာတွေက ဒီမျိုးစောင့်ဥပဒေ ရေးဆွဲရေး အပါအ၀င် ဘာသာရေးကို အခြေခံတဲ့ နိုင်ငံရေးလှုပ်ရှားမှုဟာ ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင် ပြည်သူလူထုကို အာရုံလွှဲတဲ့
ကိစ္စတစ်ခုအဖြစ် ရှုမြင်တဲ့အကြောင်း၊ ပြည်သူတွေလိုလားနေတဲ့ ဖွဲ့စည်းပုံပြင်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှု
လုပ်ငန်းတွေကို အဟန့်အတား ဖြစ်စေပြီး ဒီမိုကရေစီစနစ်ဆီ ကူးပြောင်းမှုအရှိန်နှောင့်နှေးစေတယ်လို့ ရှုမြင်တဲ့အကြောင်း
ဖော်ပြထားပါတယ်။ ဒီဥပဒေရေးဆွဲဖို့ ကြိုးစားတာဟာ အမျိုးဘာသာ၊ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေးတာဝန် အမျိုးသမီးတွေအပေါ် လုံးဝ ပုံချလိုက်ခြင်းဖြစ်တယ်၊ ဗုဒ္ဓဘာသာဝင် မြန်မာအမျိုးသမီးတွေရဲ့ ကိုယ်ပိုင် ချင့်ချိန်နိုင်စွမ်းရှိတဲ့ ဆင်ခြင်တုံတရားရှိမှုကို လေးစား အသိအမှတ်ပြုခြင်းမရှိဘူး၊ အမျိုးသမီးတွေရဲ့ မွေးရာပါ မူလအခွင့်အရေးဖြစ်တဲ့ လွတ်လပ်စွာ ရှင်သန်ခွင့်၊ ရွေးချယ်ခွင့်တွေကို တားဆီးပိတ်ပင်ရာ ရောက်တယ်လို့ ဖော်ပြထားတာပါ။ အရပ်ဘက် အဖွဲ့အစည်းတွေရဲ့ ကြေညာချက်ကိုကြည့်ရင် ငြင်းလို့ ရစရာ တစ်ချက်မှ မပါပါဘူး။
ပြဿနာက ဆရာတော်နှစ်ပါးဟာ ဒီကြေညာချက်ကို လုံးဝ မတွေ့လိုက်ပါဘဲ Voice ဂျာနယ်ပါ သတင်းတို တစ်ပုဒ်ကို ဖတ်ပြီး “အမျိုးသား သစ္စာဖောက်” အဖြစ် သုံးနှုန်းကြေငြာချက် ထုတ်လိုက်တာပါ။ ကြေညာချက်ထဲမှာ “အမျိုးသားရေး လုပ်ဆောင်ချက်ကို ဒေါ်လာစားသော ပါးစပ်၊ လူ့အခွင့်အရေး မျက်လုံး၊ ပြည်သူကို အကျိုးမပြုသောလက်၊ နိုင်ငံအပေါ် သစ္စာမစောင့်သော အသိဉဏ်တို့ဖြင့် ဝေဖန်နေသူ အဖွဲ့အသီးသီးတို့အား အပြင်းအထန် ကန့်ကွက်သည်” ဆိုပြီးတော့လည်း ဖော်ပြထားပါသေးတယ်။ ဗုဒ္ဓဘာသာ ရဟန်းနှစ်ပါးက ကိုယ့်နိုင်ငံသားအချင်းချင်း အလွန်အံ့သြစရာ ကောင်းလောက်အောင် ရန်လို တုံ့ပြန်လိုက်တဲ့ တုံ့ပြန်ချက်ဖြစ်ပါတယ်။ တကယ်ဆိုရင်တော့ လူမှုအဖွဲ့အစည်းတွေရဲ့ အကြံပြုချက်၊ ရည်ညွှန်းချက်မှာ ဘယ်သံဃာ၊ သံဃအဖွဲ့အစည်းကိုမှ ရည်ညွှန်းတာ မပါပါ။ သမ်္မတကို တိုက်ရိုက် ရည်ညွှန်းကန့်ကွက်တာပဲ ဖြစ်ပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေက ပေးထားတဲ့ နိုင်ငံသားတွေရဲ့ မူလအခွင့်အရေးအရ ကန့်ကွက်တာပဲ ဖြစ်ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် သံဃာတချို့နဲ့ ပြည်သူတချို့ စိတ်ဝမ်းကွဲပြားမှုကြီး ပေါ်ပေါက်စ ပြုလာနေပြီလို့ မှတ်ချက်ချနိုင်ပါတယ်။ တကယ်လို့ ဆရာတော်နှစ်ပါးရဲ့ ဒီကြေညာချက် ထုတ်ပြန်မှုကို သံဃာအများအပြားက ထောက်ခံတယ်ဆိုရင်တော့ စိတ်ဝမ်းကွဲပြားမှု ပိုပြီး ကျယ်ပြန့်လာနိုင်ပါတယ်။ ဒါတောင် ဥပဒေကြမ်း ထွက်မလာသေးပါဘူး။ ဥပဒေကြမ်းထွက်လာလို့ လက်မခံနိုင်စရာ သဘောမတူစရာတွေအများကြီးပါလာရင် ဒီထက်အများကြီးပိုတဲ့ စိတ်ဝမ်းကွဲပြားမှုကြီး ပေါ်ပေါက်လာဦးမှာဖြစ်ပါတယ်။ တကယ်ဆိုရင် ဒီမျိုးစောင့်ဥပဒေ ရေးဆွဲဖို့ ဖြစ်လာတဲ့အခြေအနေကို အသေအချာ ပြန်ဆန်းစစ်ဖို့ လိုပါတယ်။ ဆရာတော် အရှင်ဣန္ဒာစက္ကာဘိဝံသ ကတော့ သူ့အင်တာဗျူးမှာ ဗုဒ္ဓဘာသာဝင် မြန်မာ
မိန်းကလေးတွေ စီးပွားရေးအဆင်မပြေဘူး၊ ဆင်းရဲကြတယ်၊ ဒီအခါ ဘာသာခြားတွေဆီမှာ အလုပ်သွားလုပ်ရတယ်၊ အဲဒီအခါ
အနိုင်ကျင့်ခံရ၊ အကြမ်းဖက်ခံရတယ် ဒါမျိုးကို ကာကွယ်ဖို့ မျိုးစောင့်ဥပဒေ ပြဋ္ဌာန်းဖို့ ဖြစ်လာတာလို့ မိန့်ပါတယ်။ မူလ
ဇာစ်မြစ်ဟာ အမျိုးသမီးတွေဆင်းရဲမွဲတေမှု၊ အကြမ်းဖက်ခံရမှုလို့ ဆိုထားပါတယ်။ လက်ရှိ အစိုးရ၊ နိုင်ငံရေးပါတီ၊ အရပ်ဘက်
အဖွဲ့အစည်းတွေ လုပ်နေကြတာတွေကလည်း ဆင်းရဲမွဲတေမှု လျှော့ချရေး၊ ကြွယ်ဝချမ်းသာရေး ဖြစ်သလို အကြမ်းဖက်မှုတွေ
ပပျောက်ဖို့ကိုလည်း ရည်မှန်းချက်ထားနေကြတာပါ။ မျိုးစောင့်ဥပဒေပြဋ္ဌာန်းလိုက်ရုံနဲ့ ပြဿနာရဲ့ မူလဇစ်မြစ်ဖြစ်တဲ့ ဆင်းရဲ
မွဲတေမှု လျော့ကျသွားမှာ မဟုတ်သလို၊ အကြမ်းဖက်မှုတွေလည်း ပပျောက်သွားမှာ မဟုတ်ပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ဒါတွေက
ငြိမ်းငြိမ်းချမ်းချမ်း ဆွေးနွေးငြင်းခုံရမယ့် ကိစ္စပါ။
ဒီနေရာမှာ အရပ်ဘက်အဖွဲ့အစည်းတွေကို မေတ်္တာရပ်ခံလိုတာက ဒီဥပဒေ လေးခု ပြဋ္ဌာန်းဖို့ ဘယ်လိုအကြောင်းကြောင့် ပေါ်ပေါက်လာသည်ဖြစ်စေ၊ ဥပဒေကြမ်း ထွက်မလာသေးပါဘူး။ ဥပဒေအဖြစ် အတည်ပြုပြဋ္ဌာန်းနိုင်ဖို့ ဘယ်လောက်ကြာမလဲ မမှန်းနိုင်သေးပါဘူး။ တကယ်လို့ အတည်ပြုပြဋ္ဌာန်းလိုက်မယ့် ဒီဥပဒေကြောင့် ခုလို ပြည်သူတွေအကြား စိတ်ဝမ်းကွဲမှုတွေ ဖြစ်စေမယ်၊ တိုင်းပြည် ဆိုးကျိုးတွေဖြစ်စေမယ်ဆိုရင် အဲဒီ ဥပဒေရေးဆွဲဖို့ ညွှန်ကြားသူတွေ၊ ရေးဆွဲသူတွေ၊ အတည်ပြုပေးသူတွေဟာ သမိုင်းတရားခံတွေ ဖြစ်သွားကြပါလိမ့်မယ်။ နောက်လူတွေက အမှန်ပြန်ပြင်ကြပါလိမ့်မယ်။ ဒီအတွက် အချိန်ကို စောင့်ဆိုင်းပါ၊ စိတ်ရှည်ကြပါလို့ မေတ္တာရပ်ခံလိုပါတယ်။ သံဃာနဲ့ ပြည်သူ၊ ပြည်သူအချင်းချင်း စိတ်ဝမ်းကွဲပြားအောင် လုပ်နေသူတွေရဲ့ ထောင်ချောက်ထဲ အရောက်မခံကြပါနဲ့လို့ တိုက်တွန်းချင်ပါတယ်။
ခုလို သမ္မတရဲ့ လုပ်ရပ်ကို ဆန့်ကျင် ကန့်ကွက်ရုံနဲ့ ဆရာတော်နှစ်ပါးက ကိုယ့် ဒကာ၊ ဒကာမ ပြည်သူတွေကို “အမျိုးသား သစ္စာဖောက်”လို့ လွယ်လွယ်ကူကူသတ်မှတ် လိုက်တာဟာ ရန်သူလို့ သတ်မှတ်လိုက်တဲ့ သဘောပါပဲ။ ဒီအတွက် ဆရာတော်နှစ်ပါး ပြန်လည် စဉ်းစားပေးတော် မူကြစေလိုပါတယ်။ “ဒေါသရှေ့ထား မှားတော်မူကြပါ့မယ် ဘုရား”လို့ ရိုသေလေးမြတ်စွာ ဦးတင် လျှောက်ထားအပ်ပါတယ် ဘုရား။
(မေလ ၁၂ ရက်ထုတ် မဇ္ဈိမနေ့စဉ်သတင်းစာမှ ....)
Aye Chan Mon# Credit To :Mizzima - News in Burmese
မိတ်ဆွေဒီလင့် https://www.facebook.com/excellencemediaကလစ်လေးတချက်နှိပ်လိုက်ရုံဖြင့် သတင်းအစုံကို ဖတ်ရမှာပါ နိုပ်ဘို့မမေ့နဲ့နော်
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.