0

ပေကျင်း၊ ဒီဇင်ဘာ ၁
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေကျင်းမြို့၌ အလုပ်သဘောချစ်ကြည်ရေးခရီးရောက် ရှိနေသည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် ယနေ့ ဒေသစံ တော်ချိန် ၁၁ နာရီ မိနစ် ၂၀ တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံရုံးသို့ ရောက်ရှိပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသစ်လင်းအုန်း၊ စစ်သံမှူး ဗိုလ်မှူးချုပ် တင့်ဆန်း၊ မြန်မာသံရုံးနှင့် စစ်သံရုံးဝန်ထမ်းများ၊ မိသားစုဝင်များနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးက မြန်မာသံရုံး ၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကိုရှင်းလင်းတင်ပြရာ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်က သိရှိလိုသည်များကို မေးမြန်းသည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့ဝင်များ သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးက တည်ခင်းဧည့်ခံသည့် နေ့လယ်စာစားပွဲသို့ တက်ရောက်သည်။
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် သံအမတ်ကြီး၊ စစ်သံမှူး၊ မြန်မာ သံရုံးနှင့် စစ်သံရုံးမိသားစုဝင်များနှင့် မှတ်တမ်းတင်ဓာတ်ပုံရိုက်သည်။
ထို့နောက် ဒေသစံတော်ချိန် မွန်းလွဲ ၃ နာရီ ၁၅ မိနစ်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အဖွဲ့သည် နှစ်နိုင်ငံထိပ်သီးဆွေးနွေးပွဲသို့ တက်ရောက်ရန် (Great Hall of the People ) ပြည်သူ့ ခန်းမဆောင်ကြီးသို့ ရောက်ရှိသည်။
ရှေးဦးစွာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတရှီကျင့်ဖျင်က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အား ကြိုဆိုနှုတ်ဆက်ပြီး မှတ်တမ်းတင်ဓာတ်ပုံ ရိုက်သည်။
ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင် တို့သည် ဒေသစံတော်ချိန် မွန်းလွဲ ၃ နာရီခွဲတွင် ပြည်သူ့ ခန်းမဆောင်ကြီး ပထမထပ် ၌ တွေ့ဆုံကြသည်။
တွေ့ဆုံစဉ် နှစ်နိုင်ငံအကြား ဖြစ်ထွန်းပြီးဖြစ်သော ဆွေမျိုးပေါက်ဖော် ဆက်ဆံရေး ကို အခြေခံ၍ ဘက်စုံမဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှုများ အရှိန်အဟုန်မြှင့် တင်ရေး၊ အပြည်ပြည်ဆိုင်ရာ မျက်နှာစာတွင် ဆက်လက်ပူးပေါင်းဆောင်ရွက်ရေး၊ နှစ်ဖက် အဆင့်မြင့် ခေါင်းဆောင်များအကြား ချစ်ကြည်ရေးခရီးစဉ်များ အပြန်အလှန်သွားလာရေး၊ နှစ်နိုင်ငံပြည်သူအချင်းချင်း ချစ်ကြည်ရင်းနှီးမှု တိုးမြင့်ဖော်ဆောင်ရေးနှင့် ကဏ္ဍစုံပူးပေါင်း ဆောင်ရွက်ရေးတို့အပြင် နှစ်နိုင်ငံအကြား အကောင်အထည်ဖော်မည့် စီမံကိန်းကြီးများနှင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အား တရုတ်နိုင်ငံမှ ဆက်လက်အကူအညီပေးမည့် ကိစ္စရပ်များနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲသို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အတူ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ၀န်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်၊ ဒုတိယ၀န်ကြီး ဦးမင်းသူနှင့် တာဝန်ရှိသူ များ တက်ရောက်ကြသည်။
ဆက်လက်၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အဖွဲ့သည် ပြည်သူ့ ခန်းမဆောင်ကြီး ဒုတိယထပ်၌ကျင်းပသည့် တရုတ်ကွန်မြူနစ်ပါတီနှင့် ပြည်ပနိုင်ငံရေးပါတီများ၏ အဆင့်မြင့်ခေါင်းဆောင်များ ဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်သည်။
အခမ်းအနားသို့ ကမ္ဘာ့နိုင်ငံများမှ ခေါင်းဆောင်များနှင့် အစိုးရအဖွဲ့အကြီးအကဲများ၊ ကမ္ဘာ့နိုင်ငံအသီးသီးမှ နိုင်ငံရေးပါတီများ၏ အကြီးအကဲများ တက်ရောက်ကြသည်။
ဆက်လက်၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အဖွဲ့ဝင်များသည် တရုတ် ကွန်မြူနစ်ပါတီနှင့် ပြည်ပနိုင်ငံရေးပါတီများ၏ အဆင့်မြင့်ခေါင်းဆောင်များ မျက်နှာစုံညီ အစည်းအဝေး(ပထမပိုင်း)သို့ တက်ရောက်သည်။
အစည်းအဝေးတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် က တရုတ်ပြည်သူ့သမ္မတနိုင်ငံ အစိုးရ၏အထူးဧည့်သည်တော်အဖြစ် တက်ရောက်မိန့်ခွန်းပြောကြားသည်။
ယင်းနောက် ဒေသစံတော်ချိန် ညနေ ၆ နာရီ ၄၅ မိနစ်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်ကွန်မြူနစ်ပါတီ ပေါ်လစ်ဗြူရို (Polit Buro Standing Committee ) အဖွဲ့ဝင် Mr. Wang Huning ကတည်ခင်းဧည့်ခံသည့် ညစာစားပွဲသို့တက်ရောက်သည်။
Myanmar State Counsellor Office

Post a Comment

 
Top