By ဒီဗွီဘီ
1 December 2017
ရခိုင်ဒေသရှိ လူနည်းစုတိုင်းရင်းသားတွေ လူမျိုးသုဉ်း သတ်ဖြတ်မှု မခံရအောင် အပြည့်အဝ ကာကွယ်ပေးသွားမယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကတိပြုပြောကြားလိုက်ပါတယ်။
ပြင်ဦးလွင်မြို့၊ စစ်တက္ကသိုလ် စစ်ရေးပြကွင်းမှာ ဒီကနေ့မနက် ကျင်းပတဲ့ စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၅၉) သင်တန်းဆင်း ဂုဏ်ပြု စစ်ရေးပြအခမ်းအနား မိန့်ခွန်းမှာ ပြောကြားခဲ့တာပါ။
“ARSA အစွန်းရောက် အကြမ်းဖက်သမားတွေကို နိုင်ငံတော်အနေနဲ့ အကြမ်းဖက်သမားများဟု ကြေညာထားပြီးဖြစ်ပေမယ့် နိုင်ငံတကာ အဖွဲ့အစည်းတချို့နဲ့ ပြည်ပသတင်းဌာနအချို့က ဖြစ်စဉ်မှန်တွေကို ဖုံးကွယ်ပြီး မှန်ကန်မှုမရှိတဲ့ သတင်းတွေကို အခြေခံထားတဲ့ သတင်းထုတ်ပြန်ဖော်ပြမှု၊ လှုံ့ဆော်ဝါဒဖြန့်မှုတွေကြောင့် နိုင်ငံတကာက ဖြစ်စဉ်အခြေအနေမှန်အား မသိရှိတာကို တွေ့မြင်ရမှာဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရနဲ့ တပ်မတော်အနေနဲ့ တရားဥပဒေနဲ့အညီ မှန်ကန်စွာ လုပ်ဆောင်နေပေမယ့် နိုင်ငံတကာမှ သိရှိမှုတွေ မှားယွင်းနေကြောင်း၊ တပ်မတော်အနေနဲ့ တိုင်းရင်းသားတွေနဲ့ တစည်းတလုံးတည်း စိတ်ချမ်းမြေ့စွာ နေထိုင်နိုင်ဖို့ ထာဝစဉ် စောင့်ထိန်း ဆောင်ရွက်သွားမယ်၊ ရခိုင်ဒေသရှိ လူနည်းစု တိုင်းရင်းသားတွေ လူမျိုးသုဉ်းသတ်ဖြတ်မှု မခံရအောင် အပြည့်အဝ ကာကွယ်ပေးသွားမယ်” လို့ ပြောပါတယ်။
ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှုနဲ့ ပတ်သက်ပြီးလည်း ကာကွယ်ရေးဦးစီးချုပ်က “အန်စီအေဟာ အမည်နာမအားဖြင့်သာ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် ဖြစ်သော်လည်း အနှစ်သာရအားဖြင့် ပိုမိုနက်ရှိုင်းပါကြောင်း၊ စာချုပ်တွင် ပါဝင်သည့် အချက်များသည် တိုင်းရင်းသားပြည်သူလူထု၏ အခွင့်အရေးကို ကန့်သတ်ထားခြင်း၊ ချုပ်ချယ်ထားခြင်း၊ ပိတ်ပင်ထားခြင်း တခုမှ မပါဝင်ဘဲ အခွင့်အရေးများကို တတ်နိုင်သမျှ ပေးထားကြောင်း၊ အန်စီအေ စာချုပ်တွင် ပါဝင်သည့် လုပ်သင့်လုပ်ထိုက်သည့်ကိစ္စများကို မြန်မြန်ဆန်ဆန် အကောင်အထည်ဖော် လုပ်ဆောင်ခြင်းအားဖြင့် ငြိမ်းချမ်းမှု၏ ရလဒ်များ၊ အသီးအပွင့်များကို အမြန်ဆုံးရယူ ခံစားနိုင်မည်ဖြစ်ကြောင်း” ပြောပါတယ်။
ဒါ့အပြင် တပ်မတော်ရဲ့ ငြိမ်းချမ်းရေးမူဝါဒ ၆ ရပ်ဟာ အတိတ်သမိုင်းကြောင်း အခြေအနေတွေနဲ့ လက်ရှိအခြေအနေတွေကို နှိုင်းယှဉ်ပြီး နှစ်ဖက်စလုံး လိုက်နာပူးပေါင်း ဆောင်ရွက်သင့်တဲ့ အခြေခံအချက်တွေကို ဖော်ထုတ်ထားခြင်း ဖြစ်တယ်၊ တပ်မတော်အနေနဲ့ အမျိုးသားရေးတာဝန်ဖြစ်တဲ့ တို့တာဝန် အရေးသုံးပါးကို မည်သည့်အခါမှ ပွန်းပဲ့ခံမှာ မဟုတ်ဘဲ အမြဲဦးထိပ်ပန်ဆင်ပြီး ကာကွယ်စောင့်ရှောက်သွားမယ်လို့လည်း ပြောပါတယ်။
ဓာတ်ပုံ-တပ်မတော်
http://burmese.dvb.no/archives/240942
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.