0


By ဒီဗွီဘီ
1 December 2017

ထိုင်းနိုင်ငံအနောက်ပိုင်း ပရကျုတ်ခီရီခန်ခရိုင် ပန်ဆဖန်းနွဲ့မြို့နယ်ထဲမှာ ရာဘာစေးခြစ် ထိုင်းအလုပ်သမား မိသားစုဝင် ၄ ဦး သတ်ဖြတ်ခံခဲ့ရတာနဲ့ ပတ်သက်ပြီး မြန်မာအလုပ်သမားတဦး လာရောက်အဖမ်းခံခဲ့ပါတယ်။

လူသတ်မှုနဲ့ပတ်သက်ပြီး မြန်မာအလုပ်သမား နိုင်ဒဲန် ဆိုသူကို နိုဝင်ဘာ ၂၉ ရက်နေ့က ဖမ်းဆီးမိခဲ့ပြီးနောက် မနေ့က မြန်မာအလုပ်သမား နိုင်ဆန်းဆိုသူ ရဲစခန်းမှာ လာရောက်အဖမ်းခံခဲ့တာ ဖြစ်ပါတယ်။

မွန်လူမျိုး နိုင်ဆန်းဟာ လူသတ်မှုကျူးလွန်သူ ၅ ဦးထဲက တဦးအပါအဝင် ဖြစ်တယ်လို့ နိုင်ဒဲန်က ရဲတွေကို ဖွင့်ဟဝန်ခံထားသလို နိုင်ဆန်းရဲ့ အမျိုးသမီးဘက်က ထိုင်းဆွေမျိုးတွေကပါ နိုင်ဆန်းကို အဖမ်းခံဖို့ ရဲစခန်းမှာ လာရောက်ပို့ဆောင်ပေးခဲ့ကြတယ်လို့ ပရကျုတ်ခီရီခန်ခရိုင် ရဲမှူးအပြောကို ကိုးကားပြီး မန်နေဂျာအွန်လိုင်းသတင်းမှာ ဖော်ပြပါတယ်။

ဒါပေမယ့် နိုင်ဆန်းကတော့ သူဟာ နိုင်အလွန် ခေါ်လို့ အဲဒီနေရာကို ရောက်လာတာဖြစ်ပြီး လူသတ်မှုနဲ့ ပတ်သက်မှုမရှိကြောင်း ငြင်းဆိုနေဆဲပဲလို့ ဆိုပါတယ်။

ရဲတွေကလည်း အခင်းဖြစ်တဲ့နေရာရှိ ဓားနဲ့ တံစဉ်ပေါ်က လက်ဗွေရာတွေ၊ အမှုသွားအမှုလာနဲ့ ဒီအန်အေတွေ စစ်ဆေးနေသလို နိုင်ဆန်းကိုလည်း စစ်ဆေးမေးမြန်းနေပါတယ်။

လူသတ်မိကြောင်း ဝန်ခံထားတဲ့ နိုင်ဒဲန်ကိုတော့ မနေ့က အခင်းဖြစ်ပွားတဲ့နေရာ ခေါ်ဆောင်သွားပြီး သူ လုပ်ခဲ့တဲ့ပုံအတိုင်း ပြန်ပြီး သရုပ်ပြစေခဲ့ပါတယ်။

နောက်ထပ်ကျန်တဲ့ နိုင်အာလွန်၊ နိုင်ဦးနဲ့ နိုင်စုတို့ကတော့ ဆင်းခွန်နယ်စပ်ကနေတဆင့် မြန်မာပြည်ထဲ ပြန်ဝင်သွားပြီလို့ နိုင်ဒဲန်က ပြောပေမယ့် ရဲတွေကတော့ သူတို့ကို ဖမ်းမိဖို့ ဆက်လက်ကြိုးပမ်းနေဆဲဖြစ်ပြီး နယ်ခြားစောင့်ရဲတပ်ဖွဲ့ကိုပါ အကူအညီတောင်းထားတယ်လို့ ပရကျုတ်ခီရီခန်ခရိုင် ရဲမှူးက ပြောသွားပါတယ်။

၅ နှစ်ရွယ် မိန်းကလေးတဦး အပါအဝင် ရာဘာအစေးခြစ် ထိုင်းအလုပ်သမား မိသားစုဝင် ၄ ဦးဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၆ ရက်နေ့က လည်ပင်းပြတ်ရှရာ၊ လက်ပြတ်ရာတွေနဲ့ သေဆုံးခဲ့ကာ အဖမ်းခံရသူ နိုင်ဒဲန်ကတော့ အကြွေးတောင်းတဲ့ကိစ္စကနေစပြီး စကားများရန်ဖြစ်ကာ လူသတ်မှု ဖြစ်ခဲ့တယ်လို့ ဝန်ခံထားပါတယ်။
http://burmese.dvb.no/archives/240938

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top