မန္တလေးမြို့တော် ရွှေဘဲစားသောက်ဆိုင် အတွင်းမှ တွေ့ရှိရသည့် ဗုံး (လက်လုပ်မိုင်း) ပိုင်ရှင်ဟု ယူဆခံရသူ မြန်မာနိုင်ငံသား တစ်ဦးနှင့် မလေးရှားနိုင်ငံသူ တစ်ဦးတို့ကို သက်ဆိုင်ရာက ခေါ်ယူ စစ်မေး နေသော်လည်း ထူးခြားမှု တစ်စုံတစ်ရာ မတွေ့ရသဖြင့် အောက်တိုဘာ ၁၆ ရက်နေ့ ညနေပိုင်းတွင် ပြန်လွှတ်ခဲ့ပြီး သံသယရှိသူ နှစ်ဦးကို ထပ်မံ ဖမ်းဆီးမည် ဖြစ်ကြောင်း မန္တလေးခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အဆိုပါ နှစ်ဦးကို အောက်တိုဘာ ၁၅ ရက်နေ့က ခေါ်ယူ စစ်မေးခဲ့ခြင်း ဖြစ်ပြီး မြန်မာတစ်နိုင်ငံလုံးရှိ ဗုံးပေါက်ကွဲမှုနှင့် ဗုံးတွေ့ရှိရသည့် ဖြစ်စဉ်များနှင့် ဆက်စပ်၍ စုံစမ်းမေးမြန်းခဲ့ကြောင်း ၎င်းဆိုသည်။
မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ် လမ်း ၈၀ နှင့် ၁၆ လမ်းထောင့် ရွှေဘဲ စားသောက်ဆိုင်တွင် အောက်တိုဘာလ ၁၄ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၅ မိနစ်ခန့်က စားပွဲထိုး ဦးအောင်သက်ဝေက စားပွဲနံပါတ် ၁၄ အောက်တွင် ကြွပ်ကြွပ်အိတ် အမည်းဖြင့် အထုပ်တစ်ထုပ် တွေ့ရှိခဲ့ပြီး ဖြေကြည့်ရာမှ ဗုံးတွေ့ရှိခဲ့သဖြင့် အမှတ် (၅) ရဲစခန်းသို့ အကြောင်းကြားခဲ့ကြောင်း ယင်းဖြစ်စဉ်များအရ သိရသည်။
အဆိုပါ စားပွဲတွင် အထုပ်တွေ့ရှိစဉ် စားသောက်နေသူ မြန်မာနိုင်ငံသား တစ်ဦးနှင့် အမေရိကန်-မလေး-တရုတ်လူမျိုး မလေးရှားနိုင်ငံသူ တို့ကို ခေါ်ယူစစ်မေးခဲ့ခြင်း ဖြစ်ကြောင်း မန္တလေး ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူက ထပ်မံပြောကြားသည်။
ယင်းအပြင် မန္တလေးမြို့တော် အပါအဝင် မြို့ကြီး အချို့တွင် ဗုံးပေါက်ကွဲမှုနှင့် ဗုံးလန့်မှုများ ဖြစ်ပွားလျက် ရှိသော်လည်း မန္တလေးခရိုင်အတွင်း ကျင်းပမည့် ဘုရားပွဲတော် စသည့် ပွဲမိန့်များကို ပိတ်မည် မဟုတ်ကြောင်း မန္တလေးခရိုင် အုပ်ချုပ်ရေးမှူး ဦးဇော်တင်မိုးက ပြောကြားသည်။
မန္တလေး အဆင့်မြင့် ဈေးချိုတော်တွင် အောက်တိုဘာလ ၁၆ ရက်နေ့ နံနက်ပိုင်းက ဗုံးလန့်မှု ဖြစ်ပွားပြီးနောက် မီဒီယာများနှင့် တွေ့ဆုံစဉ် ၎င်းက အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။
“ပွဲမိန့်တွေ မပိတ်ပါဘူး။ ခွင့်ပြုပေးပါတယ်” ဟု ၎င်းက ဆိုသည်။
မန္တလေးမြို့တော်တွင် ပွင့်လင်းရာသီ သီတင်းကျွတ်ကာလ ရောက်သည်နှင့် ဘုရားပွဲတော် ကျင်းပမှု များပြားပြီး ယခုရက်ပိုင်းတွင် ကျောက်တော်ကြီး ဘုရားပွဲတော်၊ ကုသိုလ်တော် ဘုရားပွဲတော်များ ကျင်းပလျက်ရှိရာ ပြည်သူများ အနေနှင့် သတိရှိသင့်ကြောင်း မန္တလေးမြို့ခံများက ပြောကြားသည်။
အေးချမ်းမွန် Credit To >The Voice Weekly
Post a Comment