ရန်ကုန် ၊ ဒီဇင်ဘာ ၁ ။ ။ ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့ကို ဒီဇင်ဘာ ၁ ရက်မှ စတင်ပြီး ဖျက်သိမ်းလိုက်ပြီ ဖြစ်ပြီး သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆောင်ကာ အောင်ဆန်းရုပ်ရှင် ရိုက်ကူး ထုတ်လုပ်ရန် လုပ်ငန်းကော်မတီဖွဲ့စည်းပြီး ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဖြစ်မြောက်ရေး အဖွဲ့မှ ထုတ်ပြန်ကြေညာလိုက်သော ထုတ်ပြန်ချက်တွင် ရုပ်ရှင်လောကသားအများစု ပါဝင်သော ဗိုလ်ချုပ်အောင်ဆန်း ဖြစ်မြောက်ရေး အဖွဲ့သည် လက်ဝယ်ရှိသော ရန်ပုံငွေဖြင့် အောင်ဆန်းရုပ်ရှင်ကို ရိုက်ကူး ထုတ်လုပ်တော့မည်ဟု အဖွဲ့မှ ဆုံးဖြတ်ခဲ့သည်ဟု ပါရှိသည်။
အောင်ဆန်း ရုပ်ရှင်အား ဇန်န၀ါရီ ၂၀၁၈ တွင် စတင် ရိုက်ကူး၍ ဒီဇင်ဘာ ၂၀၁၉တွင် ဒါရိုက်တာ မင်းထင်ကိုကိုကြီး နှင့် အပြီးသတ် ရိုက်ကူးရန် စီစဉ်ထားသော်လည်း ယခု ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဖြစ်မြောက်ရေး အဖွဲ့ကို ဖျက်သိမ်းပြီး သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးအား ငွေကြေးအပါအ၀င် သမိုင်းဆိုင်ရာ အထောက်အကူ ပစ္စည်းများ ၊ ရုံးသုံး ပစ္စည်းများကို လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
ရုပ်ရှင်လောကသားအများစု ပါဝင်သော ဗိုလ်ချုပ်ဆောင်ဆန်း ဖြစ်မြောက်ရေး အဖွဲ့သည် ဒေါ်အောင်ဆန်း စုကြည်၏ ဦးဆောင်မှုဖြင့် ဖွဲ့စည်းခဲ့သည့် အဖွဲ့ဖြစ်ပြီး ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၂၀၁၂တွင် ဖွဲ့စည်းခဲ့ပြီး ကမာရွတ်မြို့နယ်၌ ရုံးခန်းဖွင့်လှစ်ခဲ့သည်။
ဖြစ်မြောက်ရေးအဖွဲ့မှ ၅ နှစ်ကျော်သက်တမ်းအတွင်း ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်တွင် အဓိက ပါဝင်မည့် ဗိုလ်ချုပ်အောင်ဆန်း နှင့် ဒေါ်ခင်ကြည် ဇာတ်ရုပ်နေရာ အတွက် သင့်တော်သူများအား ရှာဖွေခြင်းနှင့် ရုပ်ရှင်ဇာတ်ကား ကုန်ကျစရိတ်ကို နိုင်ငံတကာ စံနှုန်းဖြင့် ခန့်မှန်းတွက်ချက်ခဲ့ခြင်းများ အပါအ၀င် ခေတ်ပြိုင် သရုပ်ဆောင် များ ဖြစ်သည့် ဦးနု ၊ ဗိုလ်လင်္ကျာ ၊ သခင်စိုး ၊ သခင်သန်းထွန်း ၊ သခင်သိန်းဖေ ၊ ဦးကျော်ငြိမ်း ၊ ဂဠုန်ဦးစော ၊ စသည့် ဇာတ်ရုပ်များ အတွက် သင့်တော်သူများကို ရှာဖွေခြင်း၊ သမိုင်းပညာရှင်များ ၊ ဇာတ်ညွှန်းပညာရှင်များ၏ အကူအညီကို ရယူ၍ အဆင့်ဆင့် ရေးသားပြုစုခဲ့ခြင်း ၊ ရိုက်ကူးရန် ငွေကြေး အလှူခံခြင်းနှင့် နှင်းဆီအငြိမ့် ကပြဖျော်ဖြေ၍ ရန်ပုံငွေ ရှာခြင်းတို့ပါဝင်ပြီး လက်ရှိတွင် သိန်း ၈၃၀၀ ကျော် ရှိနေကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။
သို့ရာတွင် ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်မှာ အချိန်ကာလ ကြာမြင့်နေသည့်အတွက် လူထုအကြား ဝေဖန်မှုများ ထွက်ပေါ်ခဲ့ပြီးနောက် ပြန်လည် ရိုက်ကူးမည်ဟု သတင်းကြားနေရာမှ ယခုကဲ့သို့ ဖျက်သိမ်းလိုက်ခြင်း ဖြစ်သည်။
အောင်ဆန်း ရုပ်ရှင် ပေါ်ပေါက်လာရေး အတွက် ငွေကြေးထည့်ဝင် လှူဒါန်းကြသည့် နိုင်ငံသားများ ၊ ကုမ္ပဏီများ ၊ မိမိ၏ အချိန်ကိုဖဲ့၍ ရုပ်ရှင်ဇာတ်ကား ဖြစ်မြောက်ရေးအတွက် ပူးပေါင်းပါဝင်ခဲ့သည့် အနုပညာရှင် ၊ အတတ်ပညာရှင် များ ပါဝင် သရုပ်ဆောင်ရန် ဘ၀ကို မြှပ်နှံထားသည့် ရွေးချယ်ခံ သရုပ်ဆောင်များ ၊ ကမ္ဘောဇဘဏ် ၊ ယူနိုက်တက်အမရာဘဏ် ၊ နှင်းဆီအငြိမ့်အဖွဲ့ ၊ အမှတ် ၁၀၁ ဘီ ၊ ဓမ္မစေတီလမ်း ကမာရွတ် မြို့နယ် နေအိမ်အား ရုံးခန်းအဖြစ် အသုံးပြုခွင့် ပေးခဲ့သည့် အလှူရှင် မိသားစု နှင့် အဘက်ဘက်မှ ပါဝင် ဆောက်ရွက်ခဲ့ကြသူများကို ကျေးဇူးတင်ကြောင်း အသိပေးထုတ်ပြန်ပေးလိုက်သည် ဟု အဆိုပါအဖွဲ့၏ ထုတ်ပြန်ချက်တွင် ပါရှိသည်
http://www.mizzimaburmese.com/article/34830
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.