ACM Re-Post 26-5-2014
ဗိုလ်မှူးကြီးဗထူး ကျဆုံးခြင်း (၆၉) နှစ်ပြည့် အောက်မေ့ဖွယ် အခမ်းအနားပွဲကို ၎င်း၏ဇာတိ ထားဝယ်ဒေသ၊ လောင်းလုံးမြို့နယ် လေးသွန်းခံကျေးရွာ၌ ထားဝယ် တိုင်းရင်းသားများပါတီက ဦးဆောင်၍ လာမည့် ဇွန်လ ၂ ရက်နေ့တွင် ကျင်းပပြုလုပ်မည် ဖြစ်ကြောင်း စီစဉ်သူများထံမှ သိရသည်။
ယင်းအခမ်းအနားအတွက် ဗိုလ်မှူးကြီးဗထူး၏ မွေးရပ်မြေဖြစ်သော လေးသွန်းခံကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် အနီးဝန်းကျင်ရှိ ကျေးရွာသားများကို ဖိတ်ကြားကာ အခမ်းအနား အစီအစဉ်ကို မကြာမီ ရက်ပိုင်းအတွင်း အသေးစိတ် ဆွေးနွေးမည် ဖြစ်ကြောင်း အထက်ပါ ပါတီထံမှ သိရသည်။
“အခု ထားဝယ်နယ်မှာ မသိတဲ့သူက များသွားပြီ။ ဒါကြောင့် သူ့ (ဗိုလ်ဗထူး) ကိုပြန်လည် အမှတ်ရစေချင်တယ်” ဟု ထားဝယ် တိုင်းရင်းသားများပါတီမှ အထွေထွေ အတွင်းရေးမှူး ဒေါ်နွယ်နီသိန်းက ပြောသည်။
ဇွန်လ ၂ ရက်နေ့ နံနက်ပိုင်းတွင် ဗိုလ်မှူးကြီးဗထူးအား ရည်စူး၍ သံဃာတော် ၁၀ ပါးကို ဆွမ်းဆက်ကပ် လှူဒါန်းပြုလုပ်ပြီး အောက်မေ့ဖွယ် အခမ်းအနားကိုပါ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
ယင်း အောက်မေ့ဖွယ် အခမ်းအနားကို ပထမဦးဆုံးအကြိမ် ပြုလုပ်ခြင်း ဖြစ်ပြီး ဗိုလ်မှူးကြီးဗထူးကို ထားဝယ်ဒေသရှိ လူငယ်များက ပြန်လည် အမှတ်ရ၍ အားကျလာစေရန်နှင့် ဒေသအတွင်းရှိ တိုင်းရင်းသားနှင့် ဒီမိုကရေစီ အင်အားစု လူငယ်များ အချင်းချင်း ချစ်ကြည် ရင်းနှီးလာစေရန် ရည်ရွယ်၍ အခမ်းအနားကို ပြုလုပ်ခြင်း ဖြစ်ကြောင်း ထားဝယ် တိုင်းရင်းသားများပါတီက ရှင်းပြသည်။
ဗိုလ်မှူးကြီးဗထူးကို ၁၉၁၆ ခုနစ် (မြန်မာသက္ကရာဇ် ၁၂၇၈ ခုနစ်) တွင် လေးသွန်းခံ ကျေးရွာ၌ အဘဦးဘကွန်း အမိဒေါ်စိန်မြတို့က မွေးဖွားခဲ့ပြီး ၁၉၄၅ ခုနစ် ဇွန်လ ၂ ရက်နေ့တွင် ဖက်ဆစ်ဂျပန်များကို တော်လှန်ရင်း ရှမ်းပြည်နယ် တောင်ပိုင်း အောင်ပန်းမြို့အနီး တယ်လူစခန်း (ယခုဗထူးတပ်မြို့နေရာ) တွင် ငှက်ဖျားရောဂါဖြင့် ကွယ်လွန်ခဲ့သည်။
(Dawei Watch)
Aye Chan Mon Credit To:The Voice Weekly
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/
Post a Comment