0

မန္တလေး၊ စက်တင်ဘာ ၁၉
မကြာခဏ ငါးသေဆုံးမှုများကြောင့် အငြင်းပွားဖွယ်ရာများ ရှိနေသော မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်ရှိ တောင်သမန်အင်းတွင် စက်တင်ဘာလ ၁၉ ရက်နေ့ နံနက်ပိုင်းကလည်း ငါးကောင်ရေသိန်းချီ သေဆုံးမှုရှိခဲ့ရာ လက်ရှိတစ်ပတ်အတွင်း ငါးကောင်ရေသိန်းချီ သေဆုံးမှု နှစ်ကြိမ်ခန့် ရှိပြီဖြစ်ကြောင်း အဆိုပါ အင်းလေလံ လုပ်ကိုင်နေသူများထံမှ စုံစမ်းသိရှိရသည်။
“ဒီမနက် တစ်နာရီလောက်ကစပြီး သေဆုံးတာလို့ သိရတယ်။ ၁၇ ရက်နေ့က သေတာထက် ပိုပြီးတော့ များတယ်။ ဒီအကောင်တွေကတော့ ပိုပြီးလတ်တယ်။ တချို့က မူးနေတဲ့ ငါးတွေ ရှိသေးတယ်။ ကမ်းစပ်တင်နေတဲ့ ငါးတွေကို ကောက်နေကြတာလည်း တွေ့ရတယ်” ဟု ယင်းအင်းတာဝန်ခံ ဦးဝင်းဇော်ဦးက ဆိုသည်။
တောင်သမန်အင်းကို ပိတ်ဆို့၍ ငါးမွေးမြူခြင်း လုပ်ငန်းကို ၁၉၉၆-၁၉၉၇ ခုနှစ်တွင် စတင်လုပ်ဆောင်ခဲ့ပြီး ယခင် အင်းသူကြီးလက်ထက် နှစ်ပေါင်း နှစ်ဆယ်ကျော်အတွင်း ငါးသေဆုံးမှုများ မဖြစ်ပေါ်ခဲ့ဘဲ ယခုအင်းသူကြီး ဦးချစ်ခိုင် လက်ထက်တွင် ငါးသေဆုံးမှုမှာ မကြာခဏ ဖြစ်ပွားပြီး ကောင်ရေသိန်းချီ သေဆုံးမှုမှာ ငါးကြိမ်ထက်မနည်း ရှိပြီဖြစ်ကြောင်း တောင်သမန် ဒေသခံများထံမှ သိရသည်။
“ကျွန်တော်တို့ လက်ထက်မှာ အင်းထဲစက်ရုံတွေက ရေဆိုးစွန့်ပစ်တာက ပိုပြီးများလာတယ်။ ဒါကြောင့် သေဆုံးမှုတွေ ပိုများလာတာ ဖြစ်တယ်။ ဒီအတိုင်းဆို အင်းထဲက ငါးတွေအတွက် အန္တရာယ်များလာပြီ” ဟု ဦးဝင်းဇော်ဦးက ပြောဆိုသည်။
ရာသီဥတုပူပြင်းပြီး ပျော်ဝင်အောက်ဆီဂျင်များ ကျဆင်းလာခြင်းအပြင် စက်မှုဇုန်များက စွန့်ပစ်သော ရေဆိုးများကြောင့် ငါးသေဆုံးမှုများ ဖြစ်ပေါ်လာသည်ဟု ယူဆရပြီး ယင်းကဲ့သို့ မကြာခဏ ဖြစ်ပွားနေပါက တောင်သမန်သို့ လာရောက်လည်ပတ်သည့် ခရီးသွားဧည့်သည်များအတွက် စိတ်အနှောက်အယှက် ဖြစ်နိုင်ကြောင်း တောင်သမန် ဒေသခံ ဦးရဲလင်းက သုံးသပ်ပြောကြားသည်။
“တောင်သမန်ရေက ညစ်ညမ်းနေပြီ။ အထိမခံ အနေအထား ရောက်နေပြီပေါ့။ ရာသီဥတု နည်းနည်းလေး ပြောင်းတာနဲ့ ဒီလို ငါးသေတာတွေ ဖြစ်မှာပဲ။ တောင်သမန်တစ်ခုတည်း မဟုတ်ဘဲ တခြားနေရာတွေမှာလည်း သေနိုင်တာပဲ” ဟု မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ ရေနှင့်သန့်ရှင်းမှုဌာန ဌာနခွဲမှူး ဦးခင်မောင်သင်းက ဆိုသည်။
အောက်ဆီဂျင် ရုတ်တရက် ပြတ်တောက်မှုကြောင့် ငါးများသေဆုံးခြင်း ဖြစ်ပြီး ရေပေါ်တွင် အကောင်ရေ တစ်သောင်းခွဲခန့် ပေါလောပေါ်နေကာ ယင်းငါးများကို ခွဲစိပ်စစ်ဆေးရာတွင် အူလမ်းကြောင်းအတွင်း ရွှံ့နွံများကိုသာ တွေ့ရပြီး တောင်သမန်အင်းအတွင်း ရေထုညစ်ညမ်းမှု၊ နွံထုမြင့်တက်မှုများ ဖြစ်ပေါ်နေကာ ယင်းနွံများနှင့် ရေများကို အသစ်သန့်စင် လဲလှယ်ပြီးမှသာလျှင် ငါးများသေဆုံးမှု လျော့နည်းသွားမည်ဖြစ်ကြောင်း ခရိုင်ငါးလုပ်ငန်းဦးစီးဌာန ဦးစီးအရာရှိ ဦးခင်မောင်ထွန်းက ပြောကြားသည်။
တောင်သမန်အင်းအတွင်း ငါးမွေးမြူခွင့် လေလံကို လာမည့်ဘဏ္ဍာနှစ်မှစ၍ ပေးတော့မည် မဟုတ်ဘဲ အင်းရေရှည် တည်တံ့ရန်အတွက် ပညာရှင်များဖြင့် ထိန်းသိမ်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးဝန်ကြီး ဦးအောင်မောင်းက သြဂုတ်လအတွင်းက ကျင်းပသည့် တိုင်းဒေသကြီးလွှတ်တော်တွင် ပြောဆိုထားသည်။
The Voice Weekly

Post a Comment

 
Top