0


အမရပူရမြို့နယ်တရားရုံးတွင် မြေအမှုကိစ္စနှင့်ပတ်သက်၍ ဦးကျော်ထူး(ခ) ဆရာကျော်လပြည့်ဆိုသူမှ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အပါအ၀င် နိုင်ငံတော်အကြီးအကဲများအားထားရသော VIP ဆရာတဦးဟုဆိုကာ အမှုတွဲကိုင်တရားရုံးစာရေးမနှင့် နစ်နာသူများအား ခြိမ်းခြောက်မှုဖြစ်ပွားခဲ့သည့်အပေါ် အမည်အလွဲသုံးစားပြုသူကို ဥပဒေနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ထံမှ သိရသည်။

''ဒီအမှုနဲ့ပတ်သက်ပြီးတော့ ခြိမ်းခြောက်ခံရလို့ နစ်နာနေတဲ့သူက ကျွန်တော်တို့ဆီကိုစာတင်ပြီး အကူအညီတောင်းတယ်။ တောင်းတဲ့အတွက် ကျွန်တော်တို့က လက်ခံတွေ့ဆုံပြီးတော့ ကျွန်တော်တို့ရဲ့ ဥပဒေအထောက်အကူပြု တာဝန်ရှိတဲ့သူတဦးကနေ ပြီးတော့ ဒီအမှုကိုအကြံပေးတယ်။ သူ့ဘက်က တရားဝင်လိုက်ပါပေးနေတဲ့ ရှေ့နေကိုလည်း ဥပဒေကြောင်းအရ ဘယ်လိုဖြစ်သင့်တယ်။ လုပ်သင့်တယ်ဆိုတာတော့ အသေးစိတ်ညှိနှိုင်းအကြံပေးတာရှိတယ်။ ဥပဒေကြောင်းအရ ရင်ဆိုင်ပြီးတော့ ဘယ်လိုလုပ်လာမလဲ။ အမှန်တရားမပေါ်ပေါက်ဘဲနဲ့ ဒီအတိုင်းပဲ နစ်နာမှုဆက်ရှိနေမယ်ဆိုရင် အဖွဲ့ချုပ်အနေနဲ့ အဖွဲ့ချုပ်ခေါင်းဆောင်အမည် နာမကို အလွဲသုံးပြီး ခြိမ်းခြောက်ထားတာဖြစ်တဲ့အတွက် အဖွဲ့ချုပ်အနေနဲ့ အမှန်အတိုင်းဖြစ်အောင် ကြိုးစားမယ်။ လိုအပ်ရင်အဖွဲ့ချုပ်အနေနဲ့ တရားစွဲအရေးယူသင့်ရင်ယူမယ်။ ဒီအဆင့် ထိရောက်ဖို့ဆိုတာက ဥပဒေကြောင်းအရ သွားရမယ့်လမ်းကြောင်းတွေကတော့ ဆက်ပြီးရင်ဆိုင်ကြမယ်။ အဓိကကတော့ အမှန်ပေါ်ဖို့လိုတယ်။ မပေါ်ရင် နောက်တမျိုး ဆက်ပြီးဆောင်ရွက်သွားမယ်''ဟု မန္တလေး တိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ တာဝန်ရှိသူတဦးက ပြောကြားခဲ့သည်။

''ကျွန်မတို့ညီမလေးက သူ့အမျိုးသမီးနဲ့သားဖြစ်သူတို့ မြေလာရောင်းလို့ဝယ် ဖြစ်ခဲ့တယ်။ ရောင်းစဉ်အခါက ဒေါ်နန်းဖြူဖြူသိန်းက သူ့အမျိုးသားနဲ့ တရားဝင်ကွာရှင်းပြီးဖြစ်တဲ့အတွက် ရောင်းချချင်တယ်ဆိုပြီး ပိုင်ဆိုင်မှုနဲ့ ရောင်းချခဲ့တယ်။ သူတို့ အိမ်ဝိုင်းမှာ အိမ်ငှားရှိနေတဲ့အတွက် အိမ်ငှားစာချုပ်ပါပေးခဲ့တယ်။ ၂၀၁၇ ခုနှစ် ဖေဖော် ၀ါရီမှာ အိမ်ကိုသွားကြည့်တော့ ဦးကျော်ထူးနဲ့ ဒေါ်နန်းဖြူဖြူသိန်းတို့မိသားစုက အတူနေထိုင်ကြတာတွေ့တယ်။ ဒါကြောင့် သူတို့ကို အမရပူရရဲစခန်းမှာ ပုဒ်မ ၄၂၀ နဲ့ အမှုဖွင့် တရားစွဲတာ။ သူတို့မိသားစုကို တရားစွဲရ မလားဆိုပြီး ဖေဖော်ဝါရီ ၉ ရက်မှာ ဦးကျော်ထူးက နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်အပါအ၀င် နိုင်ငံတော်အကြီးအကဲတွေအားထားရတဲ့ VIP ဆရာတဦးဖြစ်ပါတယ်ဆိုပြီး သက်ဆိုင်ရာဌာနတွေကို အလွဲသုံးစားပြု ခြိမ်းခြောက်သောသဘောပါတဲ့စာတွေကို ပို့ခဲ့တယ်။ ဒါအပြင် ကျွန်မနဲ့ ညီမလေးကိုလည်း ဖုန်းနဲ့ခြိမ်းခြောက်တဲ့ စကားမျိုးပြောခဲ့တယ်။ ပိုဆိုးတာက ကျွန်မ ညီမလေးဝယ်ခဲ့တဲ့မြေကို သူနဲ့ သူ့ခင်ပွန်းသွားကြည့်တာကို သူတို့က ကြိမ်းမောင်းလွှတ်တဲ့အပြင် အမရပူရမြို့နယ်ရဲစခန်းမှာ အာမခံပေးလို့မရ တဲ့ ပုဒ်မ ၆၁၂ နဲ့ အမှုဖွင့်ခဲ့လို့ ညီမလေးရဲ့ အမျိုးသားဟာ အချုပ်ထဲမှာ ချုပ်နှောင်ခံနေရတယ်။ ညီမလေးလည်း ၀ရမ်းပြေးအဖြစ် ထွက်ပြေးနေရတယ်။ ညီမလေးခင်ပွန်းကို ရုံးချိန်းမှာ သွားရောက်တွေ့ဆုံတဲ့အချိန် ရုံး ချိန်းရက်မေးမြန်းရာမှာ တရားရုံးစာရေးမက ကျွန်မဖုန်းကိုငှားပြီး ဦးကျော်ထူးကို ဆက် သွယ်မေးမြန်းပြောဆိုပြီးနောက်မှာ ကျွန်မ ဖုန်းမှန်းသိလို့ ပြန်ဆက်ပြီး အခုလိုခြိမ်းခြောက် ပြောဆိုခဲ့တာပါ''ဟု ခြိမ်းခြောက်ပြောဆိုခံရသူ ဒေါ်တင်ဝင်းမာက ပြောကြားခဲ့သည်။

မြေအမှုကိစ္စဆိုသည်မှာ ၂၀၁၆ ခုနှစ် သြဂုတ်လဆန်းက ဦးကျော်ထူး၏ ဇနီးဖြစ်သူ ဒေါ်နန်းဖြူဖြူသိန်းနှင့် သား ဖြစ်သူ မောင်ဟိန်းဆက်တို့နှစ်ဦးမှ ပိုင်ဆိုင်ခွင့်ရှိသော အမရပူရမြို့နယ်၊ တောင်သမန်ကျေးရွာအုပ်စု၊ အိုးဘိုကျေးရွာရှိ ပေ ၉၀ ထ ပေ ၁၀၀ ရှိ မြေကွက်နှင့် အဆောက်အအုံအား ငွေကျပ်သိန်း ၁၀၀၀ ဖြင့် နစ်နာ သူများဖြစ်သည့် ဒေါ်တင်ဝင်းမာနှင့်ညီမဖြစ်သူ ဒေါ်ချောစုလှိုင်တို့ထံရောင်းချရန် ကမ်းလှမ်းခဲ့သည့်သဖြင့် ၀ယ်ယူခဲ့ရာမှ ဦးကျော်ထူးက မိမိ၏သဘောဆန္ဒမပါသဖြင့် ကန့်ကွက်မှုများပြုလုပ်ခဲ့ရာ နစ်နာသူများက အမရပူရမြို့နယ်ရဲစခန်းတွင် ပုဒ်မ ၄၂၀ ဖြင့် အမှုဖွင့်တိုင်ကြားခဲ့ပြီး အမှုရင်ဆိုင်နေစဉ် အမှုတွဲကိုင်စာရေးမနှင့် နစ်နာသူများအား ယခုလို ခြိမ်းခြောက်ပြောဆိုခဲ့ခြင်းဖြစ်သည်။

ခြိမ်းခြောက်ပြောဆိုမှုများတွင်''နင်တို့ ဘယ်လိုနည်းသုံးမှာလဲ၊ ဟိုဘက်ကပေးတာမယူနဲ့ ယူရင်ဒုက္ခရောက်သွားမယ်။ အပြုတ်စော်မှာနော်၊ နင်တို့ဒုက္ခရောက်မှာကြောက်လို့၊ ငါ့ အကြောင်းသိချင်ရင်မေးကြည့် တတိုင်းပြည်လုံးသိတယ်။ ငါတိုင်မှာနော်။ ငါ့ အကြောင်းသိချင်ရင် CRO တင်မကဘူး။ ရှေ့နေကိုထွန်းထွန်းဝင်းလည်း သိတယ်။ ငါက ဒေါ်အောင်ဆန်းစုကြည် ကိုးကွယ်တဲ့ ဆရာ။ ငါ့ကို လူတွေကြောက်လွန်းလို့။ ငါ့အကြောင်း နင်တို့မသိသေးဘူး။ ငါဒေါသထွက်ရင် အကုန်ပတ်တိုင်မှာနော်။ နင်တို့ ဒုက္ခရောက်ကုန်မယ် အကုန်လုံး''ဟု ပြောကြားခဲ့သည်ကို နိုဝင်ဘာ ၂၈ ရက် နံနက် ၁၀ နာရီတွင် မီဒီယာစင်တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် နစ်နာသူများမှ ဖွင့်လှစ်သည့်အသံဖိုင်မှ ကြားသိခဲ့ရသည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အပါအ၀င် နိုင်ငံတော်အကြီးအကဲများအားထားရသော VIP တဦးဖြစ်ကြောင်း ပြောဆိုခဲ့မှုနှင့်ပတ်သက်၍ ဦးကျော်ထူအား ဖုန်းဖြင့်ဆက်သွယ်မေးမြန်းခဲ့ရာ''ကျွန်တော်သည် ယနေ့အထိ အသက် ၆၀ နဲ့ နှစ် ၃၀ ကျော် နိုင်ငံတော်အတွက် လုပ်ပေးလာတာ။ ဦးသိန်းစိန်လက်ထက်မှာရော နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်လက်ထက်မှာပါ ဗေဒင်နဲ့ယတြာတွေလုပ်ပေးနေတဲ့အတွက် VIP တယောက်လို့ ရေးထားတာ။ ဒီအတွက်ကြောင့် ပြောဆိုခြင်းဖြစ်ပါတယ်''ဟု ပြောကြားခဲ့သည်။

ယင်းအပြင် ဦးကျော်ထူးဆို သူသည် ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီ ၉ ရက်က အိုးဘိုရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသို့ ကန့်ကွက်စာတင်ထားမှုတွင် အချက် ၅ ချက်ဖြင့် တင်ပြခဲ့ရာ အပိုဒ်(၅)တွင် နိုင်ငံတော်အကြီးအကဲများ အားထားရသော VIP ဆရာတဦးဖြစ်ကြောင်း ထည့်သွင်းရေးသားခဲ့သည်။ နစ်နာသူများအနေဖြင့် ထိုသို့ ခြိမ်းခြောက်မှုများရှိနေသော ကြောင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အပါအ၀င် သက်ဆိုင်ရာဌာနများနှင့် မန္တလေးတိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ထံသို့ တိုင်ကြားစာများပေးပို့ထားကြောင်း သိရသည်။

ဦးရာဇ



News Watch

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top