0

မိထ္ထီလာ၊ စက်တင်ဘာ ၁၉
မဲပေးပိုင်ခွင့်သည် ပြည်သူလူထုအတွက် အကြီးမားဆုံး အခွင့်အရေး ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က စက်တင်ဘာလ ၁၉ ရက် ညနေ ၄ နာရီ အချိန်က ရမည်းသင်းမြို့ ကျောင်းဖြူကွင်း၌ ဒေသခံ လူထုတစ်သောင်းကျော် တက်ရောက်သော ရွေးကောက်ပွဲအောင်နိုင်ရေး စည်းရုံးဟောပြောပွဲတွင် သတိပေး ပြောကြားလိုက်သည်။
“ပြည်သူတွေအနေနဲ့ နိုဝင်ဘာလ ၈ ရက်နေ့မှာ ပြုလုပ်မယ့် ရွေးကောက်ပွဲမှာ ပါဝင်နိုင်ဖို့ နည်းနည်းတော့ ဒုက္ခခံပြီး မဲပေးဖို့ ကျွန်မ တောင်းခံပါတယ်။ ကျွန်မတို့က မက်လုံးပေးပြီးတော့ ပြည်သူရဲ့ ထောက်ခံမှုကို မတောင်းခံနိုင်ပါဘူး။ ပြည်သူတွေဆီက ဘာမှယူမထားတော့ ပေးစရာလည်း ဘာမှမရှိပါဘူး။ ကျွန်မတို့ ပြည်သူတွေဟာ သူများပေးမှရတဲ့ အခြေအနေမျိုး မဖြစ်စေချင်ဘူး။ ကိုယ့်ရဲ့ အစွမ်းအစနဲ့ ဥပဒေဘောင် အတွင်းက မှန်မှန်ကန်ကန် ကိုယ့်ဘဝကိုယ် အပြည့်အဝ ဆောက်တည်နိုင်မယ့် ပြည်သူတွေ ဖြစ်စေချင်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
လက်ရှိ အနေအထားအရ ပြည်သူလူထုသည် လုံခြုံမှုနှင့် လွတ်လပ်မှု ပြည့်စုံစွာ မရှိသည်ကို တွေ့ရကြောင်း၊ သဘာဝ သယံဇာတများသည်လည်း ကုန်ခန်းလုနီးပါး ရှိနေပြီဖြစ်၍ ကုန်ခန်းစရာ မရှိသော လူ့စွမ်းအား အရင်းအမြစ်ကိုသာ အဓိကအားကိုးကြောင်း၊ မှန်မှန်ကန်ကန် လေ့ကျင့်သင်ကြားပေးပါက လူ့စွမ်းအားအရင်းအမြစ် တိုးတက်လာမည် ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။
အစိုးရတစ်ရပ် အနေဖြင့် မတည်နိုင်သော ကတိများပေး စည်းရုံးခြင်းသည် ပြည်သူကို မလေးစားရာ ရောက်ကြောင်း၊ မိမိတို့အနေဖြင့် အစိုးရဖြစ်ခွင့်ရမည် ဆိုပါက အဂတိကင်းစင်သော အစိုးရ ဖြစ်ရမည်ဟုသာ ကတိပေးနိုင်ကြောင်း၊ ကိုယ်စားလှယ်လောင်းများ မှန်မှန်ကန်ကန်ဖြစ်ရေးသည် ပါတီတာဝန် ဖြစ်ကြောင်း၊ လာမည့်ရွေးကောက်ပွဲတွင် ပါတီပေါင်း ၉၀ ကျော် ယှဉ်ပြိုင်မည့်ဖြစ်ရာ မဲမပြန့်မဲမကွဲရန် လိုကြောင်း၊ အပြောင်းအလဲတစ်ရပ် လိုလားပါက အစိုးရပြောင်းလဲရန် လိုအပ်၍ ပြည်သူလူထု၏ မဲသည် ပြောင်းလဲပေးမည့် ပါတီကို ထောက်ခံပေးဖို့လိုကြောင်း NLD ဥက္ကဋ္ဌက မှတ်ချက်ပြုသည်။
၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ထပ်မံအနိုင်ရရှိပါက ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲကဲ့သို့ အစိုးရမှ အာဏာသိမ်းခံရမည့် အကြောင်းမရှိကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
“ခိုင်ခိုင်မာမာနဲ့ အဖွဲ့ချုပ် (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ) ကို ပုံအောပြီးတော့ ထောက်ခံမဲပေးရင် ဖြစ်စရာ အကြောင်းမရှိဘူး” ဟု ၎င်းက ပြောသည်။
ထို့ကြောင့် လာမည့်ရွေးကောက်ပွဲတွင် NLD ပါတီကို တိကျရေရာစွာ မဲပေးရန် လိုအပ်ပြီး မဲပေးရန် မရေမရာ ဖြစ်နေပါက ယင်းကဲ့သို့ အာဏာသိမ်းသည့် အကြောင်းအရင်းများ ဖြစ်လာနိုင်ကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။
၁၉၉၀ ရွေးကောက်ပွဲတွင် ပြည်သူမှ ပေးခဲ့သောမဲသည် အဟောသိခံဖြစ်ခဲ့ခြင်း မဟုတ်ဘဲ ယင်းထောက်ခံမဲကြောင့် ယနေ့အချိန်အထိ ဒီမိုကရေစီနိုင်ငံကြီးများ၏ ထောက်ခံမှုနှင့် ပါတီ၏ လှုပ်ရှားမှုများ ရရှိနေခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။
အဆိုပါ ဟောပြောပွဲသို့ တက်ရောက်လာသူများအား မေးခွန်းများမေးရန် ဖိတ်ခေါ်ခဲ့ပြီး ပြန်လည်ဖြေကြားပေးကြောင်း၊ ဟောပြောပွဲအပြီးတွင် လွတ်တော်ကိုယ်စားလှယ်လောင်းများနှင့် အချိန်တစ်နာရီခန့် သီးသန့်တွေ့ဆုံဆွေးနွေးခဲ့ကြောင်း NLD လွှတ်တော်ကိုယ်စားလှယ်လောင်း အချို့ထံမှ သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၁၇ ရက်နေ့ကလည်း ရမည်းသင်းမြို့တွင် ကျင်းပခဲ့သော ဗိုလ်ချုပ်အောင်ဆန်း နှစ်တစ်ရာပြည့် မွေးနေအထိမ်းအမှတ်ပွဲသို့ ဒေါ်အောင်ဆန်းစုကြည် လာရောက်ကာ ဒေသခံလူထုအား ဟောပြောခဲ့ရာ ယခုအကြိမ် လာရောက်ခြင်းသည် ဒုတိယအကြိမ်မြောက် ဖြစ်ကြောင်း မြို့ခံများထံမှ သိရသည်။
The Voice Weekly

Post a Comment

 
Top