0

ရန်ကုန်၊ စက်တင်ဘာ ၁၉
မဲစာရင်းပြုစုရာတွင် ကွန်ပျူတာ နည်းပညာ (ဆော့ဝဲလ်) အသစ် အသုံးပြုခြင်းကြောင့် မဲစာရင်းထုတ်ပြန်ရာတွင် မူလအခြေခံမဲစာရင်းနှင့် မတူဘဲ အက္ခရာစဉ်အလိုက် ထုတ်ပြန်ခြင်းကို ပြောင်းလဲထားခြင်း ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ညွှန်ကြားရေးမှူး ဦးသိန်းဦးက ပြောကြားသည်။
စက်တင်ဘာလ ၁၄ ရက်နေ့မှ စတင်ကာ တစ်နိုင်ငံလုံး မဲစာရင်းထုတ်ပြန်ရာတွင် မူလထုတ်ပြန်ခဲ့သော အခြေခံမဲစာရင်းများနှင့်မတူ ကွဲပြားနေသောကြောင့် မဲစာရင်းကြည့်ရှုရာတွင် အခက်အခဲ ဖြစ်နေခြင်းနှင့် ပတ်သက်ပြီး ၎င်းက ယင်းသို့ ပြောဆိုခြင်း ဖြစ်သည်။
“ကွန်ပျူတာ နည်းပညာ ဆော့ဝဲလ်အသစ်ကို အသုံးပြုတဲ့အတွက် မဲစာရင်းကပ်တဲ့ပုံစံ ပြောင်းသွားတာပါ။ အဲဒီအတွက်လည်း မဲစာရင်းကြည့်တဲ့ နေရာမှာ အခက်အခဲတွေ ဖြစ်နေတယ် ဆိုတာကိုလည်း ကြားရပါတယ်။ ကျွန်တော်တို့ဘက်က ဘယ်လိုကြည့်ရမယ်ဆိုတဲ့ လမ်းညွှန်ကိုလည်း ထုတ်ပြန်ပေးထားပါတယ်” ဟု ၎င်းက ဆိုသည်။
အလားတူ မူလမဲစာရင်း ထုတ်ပြန်ချိန်တွင် မိသားစုအလိုက် အမည်စာရင်း ပါဝင်ခဲ့သော်လည်း ယခုထုတ်ပြန်သော မဲစာရင်းတွင် အက္ခရာစဉ်အလိုက် ကွဲပြားမှုရှိနေပြီး ကြည့်ရှုရာတွင် လွယ်ကူမှု မရှိသည့်အပြင် မဲစာရင်း အမည်မပါသောကြောင့် လျှောက်ထားသော်လည်း ယခု နောက်ဆုံးအကြိမ် ထုတ်ပြန်ချိန်အထိ ပါဝင်ခြင်း မရှိကြောင်း မဲဆန္ဒရှင်အချို့က ပြောဆိုသည်။
“ပထမတစ်ကြိမ် မပါလို့ လျှောက်တယ် ပါမလာဘူး။ ဒုတိယတစ်ကြိမ် မပါလို့ ထပ်လျှောက်တယ်။ အဲဒါလည်း အခုပါမလာဘူး။ မပါတာ များလာတော့ ထပ်လျှောက်ဖို့ အတွက်ကို အလုပ်တစ်ခုလို လုပ်နေရတယ်၊ မဲပေးဖို့ စိတ်မဝင်စားတဲ့ လူတွေဆို ဒါမျိုးတွေ ဘယ်လောက်တောင် ဖြစ်နေမလဲ” ဟု မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်တွင် နေထိုင်သူ ဦးမြင့်ထွေးက ဆိုသည်။
သို့သော်လည်း မဲစာရင်းတွင် အမည်စာရင်း ပါဝင်မှု မရှိခြင်းကို အပြစ်ရှာ ပြောဆိုနေခြင်းထက် မိမိအမည်စာရင်း ပါဝင်မှု ရှိစေရန် သက်ဆိုင်ရာ ကော်မရှင်အဖွဲ့ခွဲ ရုံးများတွင် လျှောက်ထားရမည်ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ညွှန်ကြားရေးမှူး ဦးသောင်းလှိုင်က ဆိုသည်။
“ကျွန်တော်တို့ သတင်းတွေ ကြားပါတယ်။ ဒီလို အက္ခရာစဉ်အလိုက် ထုတ်ပြန်ရာမှာ မဲဆန္ဒရှင်တွေအတွက် အခက်အခဲတချို့ ရှိနေတယ်ဆိုတာ၊ တချို့ဆိုရင် ပထမအကြိမ်က ပါတယ်၊ အခုထုတ်ပြန်တော့ မပါဘူး ဆိုတာလည်း ရှိနေတယ်။ ကျွန်တော်တို့လည်း ကွင်းဆင်းပြီး ကြည့်ထားပါတယ်။ အချက်အလက်တွေကိုလည်း ဥက္ကဋ္ဌဆီကို တင်ပြထားပါတယ်” ဟု ၎င်းက ရှင်းပြသည်။
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သည် အခြေခံ မဲဆန္ဒရှင်စာရင်းများကို မတ်လမှ စတင်ကာ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် အဆင့်လေးဆင့်ခွဲ ထုတ်ပြန်ကြေညာခဲ့သည်။
သို့သော်လည်း အဆိုပါ မဲဆန္ဒရှင်စာရင်းများတွင် သေဆုံးသူများ ပါဝင်နေခြင်း၊ အမည်စာရင်း မပါဝင်ခြင်းနှင့် အချက်အလက်များ အစုလိုက်အပြုံအလိုက် မှားယွင်းမှုများ ဖြစ်ပေါ်ခဲ့ကြောင်း မဲဆန္ဒရှင်များနှင့် ရွေးကောက်ပွဲ အသိပညာပေးရေးအဖွဲ့များက ထောက်ပြပြောဆိုခဲ့သော်လည်း မဲစာရင်းတွင် မိမိအမည်စာရင်း ပါဝင်ရေးသည်သာ အရေးကြီးသောကြောင့် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများတွင် လျှောက်ထားရမည်ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က တုံ့ပြန်ပြောဆိုခဲ့သည်။
ထို့အပြင် စက်တင်ဘာ ၁၄ ရက်နေ့မှ ၂၇ ရက်နေ့အထိ တစ်နိုင်ငံလုံး မဲဆန္ဒရှင်စာရင်းကို ၁၄ ရက်ကြာ ကြေညာလျက်ရှိပြီး မူလထုတ်ပြန်သော မဲစာရင်းများနှင့်မတူဘဲ မဲဆန္ဒရှင်များ ကြည့်ရှုမှု အဆင်ပြေရန်ဟု ဆိုကာ အမည်များကို အက္ခရာစဉ်လိုက်၊ အိမ်၊ လမ်း၊ ရပ်ကွက် နံပါတ်များကို ငယ်စဉ်ကြီးလိုက် ထုတ်ပြန်လျက်ရှိသည်။
The Voice Weekly

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top