0

ပုသိမ်၊ စက်တင်ဘာ ၂၃
ပုသိမ်မြို့နယ်အတွင်းရှိ ငွေဆောင်အပန်းဖြေ ကမ်းခြေစခန်းမှ ဆင်မကျေးရွာအုပ်စု အထိ ကမ်းခြေတစ်လျှောက်တွင် သင်္ဘောပျက်မှ မျောပါလာသည်ဟု ယူဆရသော လူသုံးကုန်ပစ္စည်း အမျိုးမျိုး စက်တင်ဘာလ ၂၂ ရက်နေ့မှစ၍ မျောပါလာကြောင်း ငွေဆောင်ဒေသခံများထံမှ သိရသည်။
မျောပါလာသော ပစ္စည်းများမှာ စားအုန်းဆီပီပါများ၊ ခေါက်ဆွဲခြောက်ထုပ်များ၊ ဘီယာဘူးများနှင့် စီးကရက်ဘူးများ အပါအဝင် လူသုံးကုန်ပစ္စည်းမျိုးစုံ ဖြစ်သောကြောင့် ဒေသခံများမှာ စီးပွားဖြစ် ဆယ်ယူမှုများပင် ရှိကြောင်း ၎င်းတို့က ဆိုသည်။
ရေစီးကြောင်း၊ လေကြောင်းသင့်၍ သင်္ဘောပျက်တစ်ခုခုမှ လူသုံးကုန်ပစ္စည်း အမျိုးမျိုး ပင်လယ်အတွင်း မျောပါကာ ကမ်းခြေတစ်လျှောက် သောင်တင်ခြင်း ဖြစ်နိုင်ကြောင်း၊ ဒေသခံအချို့မှာ လှေများ၊ ရေငုပ်ဝတ်စုံများ ငှားရမ်းကာ ရှာဖွေဆယ်သူများပင် ရှိနေသည်ဟု ဆင်မကျေးရွာအုပ်စု ကျောက်ဖျာကျေးရွာ ဒေသခံ ဦးကိုလွင်က ပြောကြားသည်။
“ပင်လယ်ထဲက မျောပါလာတဲ့ ပစ္စည်းတွေ အခုလိုပဲ ကမ်းလာကပ်လေ့ ရှိပါတယ်။ အခုလောက်တော့ မများဘူး။ တစ်ခါတလေ လူသေအလောင်းတွေတောင် ကမ်းခြေမှာ လာတင်နေတာမျိုးလည်း ရှိပါတယ်။ အခုဆိုရင် ဆီပီပါလိုဟာမျိုးတွေ ကမ်းခြေတောင် မရောက်တော့ဘူး။ ပင်လယ်ထဲအထိ ထွက်ဆယ်ကြတာ” ဟု ၎င်းက ဆိုသည်။
ကမ်းခြေတစ်လျှောက် ပစ္စည်းများ အများအပြား မျောလာသည်မှာ မှန်ကန်ကြောင်း၊ မည်သည့်ဒေသမှ မည်သို့သော သင်္ဘောမှ ဖြစ်သည်ကို မသိရှိရသေးကြောင်း၊ ပျဉ်ခရိုင်ဒေသနှင့် ငရုတ်ကောင်းဘက်မှ ရေစီးကြောင်း၊ လေတိုက်လမ်းကြောင်းသင့်၍ ရောက်ရှိလာသည်ဟု ယူဆရကြောင်း ငွေဆောင်ကမ်းခြေဒေသ နယ်မြေရဲစခန်းမှ တာဝန်ကျ ရဲအရာရှိက သုံးသပ်ပြောကြားသည်။
“ပျဉ်ခရိုင်ဘက်မှာ ပျက်တဲ့ ကုန်တင်သင်္ဘော တစ်ခုက ပစ္စည်းတွေ မျောပါလာတာလို့ ယူဆရတယ်။ ရွာသားတွေ ပစ္စည်းဘယ်လောက်များများ ရနေတယ်၊ မျောပါတဲ့ ပစ္စည်းတွေက ဘာတွေလဲ ဆိုတာတော့ မသိသေးဘူး” ဟု ငွေဆောင်မြို့နယ်ခွဲ အုပ်ချုပ်ရေးမှူး ဦးနေအောင်နိုင်က ပြောဆိုသည်။
ဘင်္ဂလားပင်လယ်အော် အတွင်း၌ အကြောင်းအမျိုးမျိုးကြောင့် ပျက်စီးနစ်မြုပ်ခဲ့သော သင်္ဘောများရှိတတ်ရာ ငွေဆောင်၊ ဆင်မ၊ ငရုတ်ကောင်းကမ်းခြေ တစ်လျှောက်သို့ သင်္ဘောပျက် အပိုင်းအစများ၊ လူသေအလောင်းများ၊ သင်္ဘောပေါ် ပါရှိသည့် ပစ္စည်းများ မျောပါလာလေ့ရှိကြောင်း ဒေသခံများထံမှ သိရသည်။
The Voice Weekly

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top