0

ရန်ကုန်၊ ဇွန် ၂၂

တစ်ကမ္ဘာလုံးမှ ဗဟုသုတနှင့် အချက်အလက်ဆိုင်ရာ ကိုးကားမှုများ ပြုလုပ်ရာ Wikipedia (အင်တာနက် စွယ်စုံကျမ်း) တွင် ၂၀၁၅ ခုနှစ်၌ မြန်မာဘာသာဖြင့် ရေးသားသည့် ဆောင်းပါး တစ်သိန်းကျော်အထိ ဖတ်ရှုနိုင်ရန် ဆောင်ရွက်မည် ဖြစ်ကြောင်း Myanmar Wikipedia အဖွဲ့မှ တာဝန်ရှိသူ ဦးမေရာက ပြောကြားသည်။

“တစ်သိန်းဆိုတဲ့ အရေအတွက်က ဖြစ်သလိုလုပ်ရင် ရပေမယ့် ကျွန်တော်တို့က အရည်အသွေး ကောင်းမွန်တဲ့ Article တွေ ဖြစ်အောင်ပဲ လုပ်ချင်တယ်။ အတတ်နိုင်ဆုံး ကြိုးစားပြီး လုပ်မှာပါ” ဟု ၎င်းကဆိုသည်။

၂၀၀၆ ခုနှစ်က စတင်တည်ထောင်ခဲ့ပြီး အဖွဲ့ဝင် ၄၀ ခန့်ဖြင့် လှုပ်ရှားနေသည့် Myanmar Wikipedia အဖွဲ့သည် Wikipedia ပေါ်တွင် မြန်မာဘာသာဖြင့် ဆောင်းပါးများ ရေးသားနေသည့် အဖွဲ့အစည်းတစ်ခု ဖြစ်ကာ လက်ရှိတွင် ဆောင်းပါးပေါင်း ၃၁၀၀၀ ကျော် ရေးသား လွှင့်တင်ထားပြီး ဖြစ်သည်။

Myanmar Wikipedia သည် မြန်မာဘာသာဖြင့် Wikipedia တွင် ဆောင်းပါး ရေးသားမည့်သူများ ပိုမို များပြားလာစေရေးအတွက် တက္ကသိုလ်များနှင့် နယ်ဒေသများတွင် အလုပ်ရုံ ဆွေးနွေးပွဲများ၊ လေ့ကျင့် သင်ကြားပေးမှုများ ပြုလုပ်ရန် စီစဉ်နေပြီး ဇွန်လ ၂၁ ရက်နေ့ကလည်း တယ်လီနောမြန်မာ ရုံးချုပ်တွင် တယ်လီနောကုမ္ပဏီမှ ဝန်ထမ်းအချို့ကို Wikipedia ရေးသားခြင်းဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲတစ်ခု ပြုလုပ်၍ လေ့ကျင့်သင်ကြားခဲ့သည်။

Wikipedia တွင် မြန်မာဘာသာဖြင့် ဆောင်းပါးရေးသားခြင်းကို ၂၀၀၅ ခုနှစ်ခန့်ကတည်းက စတင်ခဲ့ပြီး ဆောင်းပါး အနည်းငယ်သာ ပြီးစီးခဲ့သော်လည်း ယခုအခါ တယ်လီနော၊ အော်ရီဒူး စသည့် ဆက်သွယ်ရေး ကုမ္ပဏီများ၏ အကူအညီဖြင့် ပိုမိုထိရောက် ကောင်းမွန်အောင် ဆောင်ရွက်တော့မည် ဖြစ်ကြောင်း ကွန်ပျူတာပညာရှင် ဦးခိုင်စိုးအောင်က ပြောဆိုသည်။

“Wikipedia ဆိုတာက နိုင်ငံတကာမှာ Reference (အကိုးအကား) တော့ လုပ်လို့မရဘူး။ ဗဟုသုတနဲ့ အချက်အလက် ရှာဖွေမှု အတွက်ကတော့ အသုံးဝင်တယ်။ လူငယ်တွေ အနေနဲ့ ပုံမှန်လေ့လာသင့်တယ်” ဟု ၎င်းကဆိုသည်။

၂၀၀၁ ခုနှစ်က စတင် တည်ထောင်ခဲ့သော အွန်လိုင်းအခြေခံ အခမဲ့စွယ်စုံကျမ်း တစ်ခုဖြစ်သည့် Wikipedia ပေါ်တွင် ဆောင်းပါးပေါင်း ၃၂ သန်းကျော်ကို ဘာသာစကားပေါင်း ၂၈၇ ခုဖြင့် ဖော်ပြထားပြီး ကမ္ဘာတစ်ဝန်းလုံးတွင် လစဉ်ဖတ်ရှုသူ အရေအတွက် ၄၉၅ သန်းခန့် ရှိသည့် ကမ္ဘာ့နံပါတ်ခြောက် လူသုံးအများဆုံး ဝက်ဘ်ဆိုက်လည်း ဖြစ်သည်။

(LC/အောင်ကိုမြင့်)

Aye Chan Mon Credit To: The Voice Weekly
http://www.ayechanmon-news1.com/

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top