0

ACM Re-Post 24-4-2014
(Written by: မြမြင့်မိုရ်)

၁၉-၅-၂၀၁၄ နေ့ထုတ် WEEKLY ELEVEN NEWS တွင် ဒေါက်တာခင်မောင်ညို၏ “မရလို့မပြ၊ မပြလို့မရတဲ့ သံသရာများ” ဆောင်းပါးလေး ဖတ်လိုက်ရသည်။ ဆရာက သူ၏ဆောင်းပါး၌ ရန်ကုန်မြို့တော်ခန်းမနှင့် ပတ်သက်သော သူ၏စိတ်ကူးအိပ်မက်ကို ခပ်လွမ်းလွမ်းလေး တင်ပြထားသည်။ ဆရာ၏ ဖွဲ့နွဲ့ပုံကို မပြောတော့ပါ။ လိုရင်းကိုသာ ကောက်နုတ်ဖော်ပြလိုပါသည်။

xxxxx မြို့တော်ခန်းမဟာ တကယ့်အချက်အချာကျတဲ့ နေရာပါပဲ။ xxxxx ဒီနေရာမှာ မြို့တော်စာကြည့်တိုက် ရှိရမယ်။ စာကြည့်တိုက်မှာ ခန်းမဆောင်တွေ ရှိရမယ်။ အဲဒီမှာ ဟောပြောပွဲတွေ၊ ဆွေးနွေးပွဲတွေ လုပ်လို့ရတယ်။ စာရေးဆရာတွေက သူတို့အလုပ်တွေကို မိတ်ဆက်လို့ရတယ်။ နောက်ပြီး ဧည့်ခံပွဲတွေ လုပ်လို့ရတယ်။ မြို့တော်ဝန်ရုံးနဲ့ ပြည်သူတွေသုံးဖို့ ခန်းမတွေ ထားရမယ်။ xxxxx ခုနေခါမှာ မြူနီစပယ်ရုံး ဖြစ်နေတယ်။ ဒါဟာ မဟုတ်သေးဘူးလို့ ထင်တယ်။ အထဲဝင်ချင်ရင် မှတ်ပုံတင်နဲ့ ၀င်ခွင့်တောင်းခံရတယ်။ အရင်က မြို့တော်ခန်းမမှာ မင်္ဂလာပွဲတွေ လုပ်တယ်။ အဲဒီမှာ နိုင်ငံခြားသားတွေ လာကြည့်လို့ရတဲ့ အငြိမ့်တွေ၊ ပြဇာတ်တွေလည်း ပြလို့ရတယ်။ ကောင်းတာက မျက်နှာစာမှာ အပတ်စဉ်ပြရင် ပြည်သူတွေလည်း ကြည့်လို့ရတယ် xxxxx။ အရင်က ကျွန်တော်တို့ ငယ်ငယ်က မြို့တော်ခန်းမမှာ စာကြည့်တိုက်ရှိတယ် ထထထထထ။

အဲဒီ ဆောင်းပါးလေးကို ဖတ်ပြီးနောက်နေ့ ၂၀-၅-၂၀၁၄ နေ့ထုတ် Daily Eleven Newspaper ၌ သမိုင်းဝင် ၀န်ကြီးများရုံးကို အနော်မာ အနုပညာအဖွဲ့က မြေအသုံးချမှု ပရီမီယံကြေး ပေးရန်မလိုဘဲ နှစ် ၃၀ လုပ်ခွင့်ရပြီး တင်ဒါပြိုင်စဉ်က မပါသော ၀န်ဆောင်မှုလုပ်ငန်းများ ထပ်မံထည့်သွင်းလုပ်ကိုင်ရန် စီစဉ်နေ . . . ဆိုသည့် မျက်နှာဖုံး သတင်းတစ်ပုဒ် ပါလာသည်။ ၀န်ကြီးများရုံး၌ အနော်မာ အနုပညာအဖွဲ့ ဘယ်လိုဝန်ဆောင်မှု လုပ်ငန်းတွေ လုပ်မှာလဲ။

၁၆ ဧကနီးပါး ကျယ်ဝန်းသည့် အစိုးရပိုင်မြေနှင့် ၀န်ကြီးများရုံး အဆောက်အအုံအား ငှားရမ်း၍ ပြတိုက်များ၊ ပန်ချီပြခန်းများ ပြသခြင်း၊ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှု ပစ္စည်းများနှင့် စားသောက်ကုန်ပစ္စည်းများ ပြသရောင်းချသည့်လုပ်ငန်း၊ ကျောက်မျက်ရတနာ အရောင်းဆိုင်များ ဖွင့်လှစ်ခြင်းလုပ်ငန်း၊ ပန်း ၁၀ မျိုးပြသခြင်းလုပ်ငန်း၊ မြန်မာ့ရိုးရာ ပစ္စည်းအရောင်းဆိုင်များ ဖွင့်လှစ်ခြင်း လုပ်ငန်း၊ မြန်မာ့ယဉ်ကျေးမှု တူရိယာပစ္စည်းများကို ကျွမ်းကျင်ပညာရှင်များဖြင့် ပြုလုပ်ပြသခြင်း၊ မြန်မာ့ရိုးရာ ကပွဲများ ပြသခြင်းလုပ်ငန်း၊ မြန်မာ့အနုပညာနှင့် သက်ဆိုင်သော သင်တန်းများ ဖွင့်လှစ်ခြင်းလုပ်ငန်း၊ ရုံးခန်းများ ငှားရမ်းခြင်းလုပ်ငန်း၊ အမှတ်တရပစ္စည်း အရောင်းဆိုင်များ ရောင်းချခြင်းလုပ်ငန်း၊ Relaxation and Recreation Services လုပ်ငန်းများနှင့် Outdoor Convention များပြုလုပ်ခြင်း လုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်ဟု သတင်းက ဖော်ပြခဲ့သည်။

တကယ့်ကို တိုက်တိုက်ဆိုင်ဆိုင်ပါပဲ။ ဆရာဒေါက်တာခင်မောင်ညို၏ မနေ့က စိတ်ကူးအိပ်မက်ကို ဒီကနေ့ အနော်မာ အနုပညာအဖွဲ့က လာပြီးအကောင်အထည်ဖော်ပေးလိုက်သလို ဖြစ်သွားသည်။ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ကလည်း ၂၂-၂-၂၀၁၄ ရက်စွဲနှင့် ခွင့်ပြုမိန့်ပေးခဲ့ပြီ။ အနော်မာ အနုပညာအဖွဲ့၏ စိတ်ကူးအိပ်မက်က ပိုတောင် ပြည့်စုံနေလိုက်သေးသည်။ တစ်ခုပဲ၊ LOCATION လေးတော့ ကွာသွားသည်။ ဆရာ့စိတ်ကူးအိပ်မက်က မြို့တော်ခန်းမ၊ အနော်မာ အနုပညာအဖွဲ့က ၀န်ကြီးများရုံး၊ အဲဒီလို LOCATION ကွာသွားမှုအပေါ် ကျွန်တော်တို့စိတ်ထဲ ၀မ်းသာရမှာလား၊ ၀မ်းနည်းရမှာလား။ ထောက်ခံရမှာလား၊ ကန့်ကွက်ရမှာလား ဝေခွဲမရ ဖြစ်မိသည်။ ဘာကြောင့်လဲ။

ဝန်ကြီးများရုံးဟု ဆိုလိုက်သည်နှင့် မြန်မာ့လွတ်လပ်ရေးသမိုင်းနှင့် ဆက်စပ်နေသော ပုံရိပ်များ ပေါ်လာသည်။ အထင်ကရအဖြစ် ၁၉၃၈ ခုနှစ်က ဒုတိယကျောင်းသား သပိတ်တွင် ၀န်ကြီးများရုံးကို ပိတ်ဆို့ဆန္ဒပြခဲ့သည့် ကျောင်းသားလူငယ်တို့၏ ရုပ်ပုံလွှာများ၊ မြင်းစီးပုလိပ်တို့၏ နံပါတ်တုတ်နှင့် အရိုက်ခံလိုက်ရပြီး ကျဆုံးခဲ့ရသည့် ကျောင်းသားဗိုလ်အောင်ကျော်၊ ၁၉၄၇ ခုနှစ်ကျတော့ မသမာသူ လူတစ်စု၏ လုပ်ကြံသတ်ဖြတ်မှုကြောင့် ၀န်ကြီးများရုံး၏ ရုံးခန်းတစ်ခန်း၌ အစည်းအဝေး လုပ်နေစဉ် ကျဆုံးခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်များ၊ သူတို့တွေ၏ သွေးတွေ၊ ချွေးတွေ ၀န်ကြီးများရုံး အတွင်းအပြင်၌ စီးဆင်းနေဆဲ။ ဇူလိုင်လ ၁၉ ရက်နေ့ရောက်တိုင်း နံနက် ၁၀ နာရီဝန်းကျင်တွင် လူသတ်သမားတို့၏ ခြေသံ၊ ကားသံနှင့် သေနတ်သံများကို ၀န်ကြီးများရုံး အတွင်းအပြင်၌ ကြားယောင်နေဆဲ။ ပြည်သူတွေရဲ့ မျက်ရည်တွေလည်း မခြောက်တတ်သေး။

ကျွန်တော်ထင်ပါသည်။ ဆရာဒေါက်တာခင်မောင်ညို၏ စိတ်ကူးအိပ်မက်က မြို့တော်ခန်းမလို၊ တရားရုံးချုပ်လို၊ စုပေါင်းရုံးလို သမိုင်းဝင်အထင်ကရ အဆောက်အအုံတွေကို Public Area ဖြစ်စေချင်ပုံရပါသည်။ ယခု အနော်မာ အနုပညာအဖွဲ့ကတော့ ဈေးကွက်စီးပွားရေး MARKET ECONOMY လုပ်လိမ့်မည်။ ဘာကြောင့်လဲဆိုတော့ သတင်း၌ ဖော်ပြထားသည်။ ၀န်ကြီးများရုံးအား နှစ်စဉ်ငှားရမ်းခအဖြစ် ပြတိုက်များအတွက် ၀င်ငွေစုစုပေါင်း၏ သုံးရာခိုင်နှုန်းမှ ငါးရာခိုင်နှုန်း၊ စားသောက်ဆိုင်များနှင့် ရုံးခန်းငှားရမ်းခ ရငွေစုစုပေါင်း၏ ၁၅ ရာခိုင်နှုန်း၊ ရိုးရာပစ္စည်း အရောင်းဆိုင်နှင့် အမှတ်တရ ပစ္စည်းဆိုင်များအတွက် ၀င်ငွေ၏ တစ်ရာခိုင်နှုန်း၊ အနုပညာရပ်ဆိုင်ရာ ကပွဲ၊ ပြပွဲများအတွက် ၀င်ငွေ၏ တစ်ရာခိုင်နှုန်းကို ပေးသွင်းမည်ဟု အဆိုပြုခဲ့ပြီး မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ လက်ခံရွေးချယ်ခဲ့ခြင်းဖြစ်သည် . . .တဲ့။ ၀န်ဆောင်မှုလုပ်ငန်းများ လုပ်ကိုင်ခွင့်ရသည့် ကုမ္ပဏီကတော့ စီးပွားရေး သဘောတရားအရ အရှုံးခံမည် မဟုတ်။ အများပြည်သူထံမှပင် လိုအပ်သော အခကြေးငွေကို လိုအပ်သလို ကောက်ယူမည်သာဖြစ်ရာ . . . . စောစောက ပြောခဲ့သလိုပင် မြန်မာနိုင်ငံ၏ သမိုင်းရှိပြီးသော အဆောက်အအုံများမှာ အများပြည်သူဆိုင်ရာနေရာ မဖြစ်ရဘဲ ဈေးကွက်စီးပွားရေး လှိုင်းတံပိုးထဲ အလူးလူး အလိမ့်လိမ့် မျောပါသွားကြသည်ကို ၀မ်းသာရမလို၊ ၀မ်းနည်းရသလို ခံစားမိပါကြောင်း . . . . .။

(သမိုင်းဝင် ၀န်ကြီးများရုံး အဆောက်အအုံကို မေ ၁၉ ရက်က တွေ့ရစဉ်)

ACM Credit To:Eleven Media Group
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/
1

Post a Comment

 
Top