0

Wednesday, 30 April 2014 07:30
Written by မင်းသွေးနီ (ရာမည)

“ကန္တာရ ဟူသော မွန်ဂိုလီးယား မှသည် လေနီ ကြမ်းချီ ယန်စီ မြစ်တလျှောက် ရေကြည်ရာ မြက်နုရာ သို့သည်” ဟူသော မွန်ဘာသာဖြင့် အမည်ရသည့် အဆိုတော် လဝီ၏ သီချင်း သည်ကား အိုက်စပ်စပ် နေ့လည်ခင်း၌ ခပ်ငြိမ့်ငြိမ့် ပေါ်ထွက် နေသည်။ နေ့လည်ခင်း တစ်ခုက လေးသွဲ့သွဲ့ ရှိလှသည်။ အတွေးတို့ကား နယ်ချဲ့ လေပြီ။

သမိုင်း၌ ကျော်ကြားကာ ကိုယ့်ထီး ကိုယ့်နန်း ကိုယ့်ကြငှန်းနှင့် နေခဲ့သော “မွန်” လူမျိုး။ မင်းမြတ် မနူဟာ၊ ရာဇာဓိရာဇ် ၊ ဓမ္မစေတီ၊ ရှင်စောပု ကဲ့သို့ သမိုင်း၌ ကျော်ကြား ခဲ့သည့် ရှင်ဘုရင်များ အုပ်စိုး ခဲ့ကြသည့် “မွန်” လူမျိုး၊ ဗုဒ္ဓ ရှင်တော်မြတ် ဆီမှ သရဏံဂုဏ်အား ပထမဆုံး နာယူ ခဲ့ကာ ဗုဒ္ဓ သာသနာတော် ပထမဆုံး ထိတွေ့ခွင့် ရခဲ့သော “မွန်” လူမျိုး။

ယနေ့၌မူကား ကိုယ့်ထီး ကိုယ့်နန်း ကိုယ့်ကြငှန်းကို အပ ထားဘိ။ ကိုယ့်ပြည်နယ်၌ ကိုယ်ပင် လွတ်လပ်စွာ အုပ်ချုပ် ၊ လွတ်လပ်စွာ ဥပဒေ ပြုခွင့်က မရှိ။ တဖြည်းဖြည်းနဲ့ ပြောင်းလဲ လာလေသော လောကတရား၊ မမြဲသော သင်္ခါရ တရားတို့ကား “မွန်” လူမျိုး တို့အား တိုက်စား သွားခဲ့ လေပြီ။

မွန်စာရေး မွန်စကား ပြောတတ်သည့် လူလည်း တဖြည်းဖြည်း ရှားပါး လာခဲ့သည်။ ရွှေ့လျား နေတဲ့ လူဦးရေ အချိုးအစား တွေကြား မွန်လူမျိုးတို့ရဲ့ တည်ရှိမှု ဖြစ်တည် မှုတွေ တိုက်စား ခံရသည်။ မွန်စကား အစား လူမှုရေး၊ ပတ်ဝန်းကျင်နှင့် အံဝင် ဂွင်ဂျ ဖြစ်စေရန် “ဗမာ” စကားအား အစားထိုး သုံးဆွဲ လာသည်။

လုံးပါးပါးရာ ကနေ နောင်ကာလ တစ်ခုမှာတော့ ပျောက်ကွယ် သွားရမည့် အရေးကိုပင် စိုးထိတ် နေရ လေပြီ။ ရှေ့၌လည်း ယင်းကဲ့သို့ ပျောက်ကွယ် သွားသည့် “ပျူ” လူမျိုး တို့ကား သင်ခန်းစာ ယူစရာ ကောင်းသော ဖြစ်ရပ် ဖြစ်ပေသည်။

ထိုသို့ ငါတို့သည် မွန်ဖြစ်ခြင်းကို ရဲရဲ ဝံ့ဝံ့ ထောက်ထား ပြောဆိုနိုင်ရန် သမိုင်းနှင့် ယှဉ်၍ အထောက် အထားများ လိုလေပြီ။ အေဒီ (၇) ရာစု ခန့်မှ စ၍ “သုဝဏ္ဏဘူမိ” ဟူ၍ ခေတ်တခေတ်ကို ထူထောင်ကာ မွန်မြို့ပြ ယဉ်ကျေးမှု တစ်ခုကို ထူထောင် ခဲ့ကြသည်ဟု သမိုင်းရာဇဝင် စာပေ များ၌ ရှိလင့် ကစား ကနေ့ထိ တိုင်ကား မိမိ ရရ ပြစရာ မရှိသေး။

သို့သော်ငြားလည်း မွန်ဘုရင် ရာမာဓိပတိ ဘွဲ့ခံ ဓမ္မစေတီမင်း၏ အေဒီ (၁၁) ရာစု ခန့်တွင် ရေးထိုးညွှန်းပြ ထားသည့် ကလျာဏီ ကျောက်စာပါ ဖော်ပြချက် အရမူကား သုဝဏ္ဏ တိုင်းသည် -

“ကေလာသပေါဝ ဘုရား၏ အနောက်မြောင်ထောင့်၊ မြို့တစ်ဝက် သည်ကား တောင်ပေါ်၊ အခြား တစ်ဝက်ကား မြေပြင်၊ သမုဒ္ဒရာနှင့်လည်း နီးလေသည်” ဟု ဆိုလေသည့် အနက်ကို ထောက်၍ ယခု မွန်ပြည်နယ် ဘီလင်း မြို့နယ်၌ တည်ရှိ မည်ဟု မွန်သမိုင်း ပညာရှင်တို့ ယူဆ ကြသည်။

ယနေ့၌ မူကား ၎င်း မွန်ပြည်နယ် ဘီးလင်း မြို့နယ် အတွင်း၌ တစ်ချိန် တစ်ခေတ် တစ်ခါက “သုဝဏ္ဏ” တိုင်းဟု ထွင်ခဲ့ လေသော မွန်နိုင်ငံတော် တည်ရှိ ခဲ့သည်ဟု ဆိုသော သမိုင်း အထောက် အထားတစ်ရပ်ကို လက်ဆုပ် လက်ကိုင် ပြနိုင်ရန် ယဉ်ကျေးမှု ဝန်ကြီး ဌာန လက်အောက်ခံ ရှေးဟောင်း သုတေသန ဦးစီးဌာနက ဦးဆောင်ပြီးတော့ “သုဝဏ္ဏ” ဘူမိလို့ ယူဆရတဲ့ နေရာကို တူးဖော်မှု ပြုနေပါတယ်။

ဒီနေရာဟာ “သုဝဏ္ဏဘူမိ” နေရာပဲ ဆိုတာ ဘယ်လောက် အထောက်အထား ခိုင်လုံလဲ ဆိုတာ ဒီတူးဖော် မှုမှာ လေ့လာသူ တစ်ဦး အနေနဲ့ ပါဝင် ခဲ့တဲ့ သမိုင်းသုတေသီ တစ်ဦး ဖြစ်သူ နိုင်ရဲဇော်က

“မွန်တွေ အနေနဲ့ သုဝဏ္ဏဘူမိ ဆိုတာကို ဘာကြောင့် ပြောလဲ ဆိုရင် အဓိက ဓမ္မစေတီမင်း ရေးထိုး ခဲ့တဲ့ ကလျာဏီ ကျောက်စာမှာ ပါတဲ့ အချက်ကြောင့် ပြောတယ်၊ အဲဒီ အချက် တွေက အရက်သည်မ ၊ ဝင်းက လို့ပြောတဲ့ နေရာနဲ့ ထပ်တူကို ကျနေတယ်၊ မြို့တည် နေရာ ကေလာသပေါဝ ဘုရား၏ အနောက်မြောင်ထောင့်၊ မြို့တစ်ဝက် သည်ကား တောင်ပေါ်၊ အခြား တစ်ဝက်ကား မြေပြင်၊ သမုဒ္ဒရာနှင့်လည်း နီးတယ် ဆိုတဲ့ အချက်၊ နောက်တစ်ခု ကျောက်စာ ထဲမှာ ထည့်ရေး ထားတဲ့ တိုက်ကုလား ဆိုတဲ့ အရပ် အဲဒါတွေ အားလုံးနဲ့ ကိုက်ညီ ပါတယ်” ဟု နိုင်ရဲဇော်က ပြောသည်။

သို့သော်လည်း ထိုနေရာ၌ ပြီးခဲ့သည့် ၁၉၇၄-၇၈ ခုနှစ်၌ တစ်ကြိမ် တူးဖော်ခဲ့ပြီး ဖြစ်သည်။ ထိုမှ တူးဖော်ရရှိသည့် အိုးခြမ်းပဲ့စ တစ်ခုအား သက်တမ်း ဆန်းစစ် နိုင်ရန် အတွက် သာမိုလူနစ်စစ် (အပူပေး ခြင်းဖြင့် သက်တမ်း တွက်ချက်ခြင်း) စနစ်ဖြင့် အဖြေရှာ ကြည့်သော် ၄င်းအိုးခြမ်းပဲ့ သည်ကား (၁၃) ရာစုမှ အိုးခြမ်းပဲ့စ ဟူ၍ ဆန်းစစ် သူများက မှတ်တမ်းတင် လေသည်။

ထို့ကြောင့်လည်း (၇) ရာစု သက်တမ်း အထောက် အထားဟု ဆို၍ မျှော်လင့် ထားသော ၎င်းအိုးခြမ်းပဲ့မှာ (၁၃) ရာစုဟု မှတ်တမ်းတင် ခံရသဖြင့် “သုဝဏ္ဏ” ဘူမိ တူးဖော် မူသည်လည်း တဖြည်းဖြည်း ရပ်တန့် သွားသည်။

ထို့အတူ မွန်လူမျိုး တို့၏ “သုဝဏ္ဏဘူမိ” ရာဇဝင် သည်လည်း အဝေဖန် ခံခဲ့ရသည်။ တစ်ကယ် မရှိ လေသော အရာ၊ ပါးစပ်ရာဇဝင်သာ ဖြစ်သည်ဟု အမျိုးမျိုးသော ဝေဖန်ခြင်းကို ခံရသည်။

ထိုအကြောင်း ပြီးခဲ့သည့် ၂၀၁၄ နှစ်ဆန်းလောက်မှာ စာရေးသူ တစ်ခေါက် မော်လမြိုင်သို့ ရောက်တုန်း ကံအားလျော်စွာ “သမိုင်း အမွေအနှစ် ထဲက ခေတ်ဦးမွန်” ဆိုတဲ့ စာတမ်း ဖတ်ပွဲကို စာတမ်းဖတ်ဖို့ ရောက်လာတဲ့ ဦးစံဝင်းနှင့် တွေ့ဆုံ ခဲ့စဉ် ပြောဖြစ် ခဲ့ကြသည်။

ဦးစံဝင်းမှာ၁၉၈၆ခုနှစ်တွင်မဟာ ဝိဇ္ဇာ ဘွဲ့အတွက်“စစ်တောင်းနှင့်သံလွင်မြစ်နှစ်သွယ်စပ်ကြားရှိရှေးဟောင်း မြို့များပဏာမလေ့လာချက်” စာတမ်းကိုရေးသားခဲ့သူဖြစ်ပြီးသမိုင်းသုတေသနဌာနတွင်တာဝန်ထမ်းဆောင် ခဲ့ကာသုဝဏ္ဏဘူမိစီမံချက်တွင်ဦးဆောင်သူသုတေသီ တဦးဖြစ်သည်။ နှစ်ပေါင်း၃ဝကျော်သုတေသန လုပ်ငန်းကိုလုပ်ဆောင်ခဲ့သူဖြစ်သည်။

၎င်း၏ ထိုအိုးခြမ်းပဲ့ အပေါ် လေ့လာ ဆန်းစစ်၍ (၁၃) ရာစု ဟု မှတ်တမ်း တင်ခြင်းအပေါ် တုန့်ပြန်ချက် မှာကား -

“အဲဒီ အိုးခြမ်း ပဲ့က အခု သုဝဏ္ဏ ဘူမိ ဆိုပြီး တူးဖော် နေတဲ့ မြို့ရိုးရဲ့ အပြင်မှာ တွေ့တဲ့ အိုးခြမ်းပဲ့၊ တစ်ခု ဖြစ်တယ်၊ တစ်ကယ် ဆိုရင် စစ်ဆေး သင့်တာက မြို့ရိုး အတွင်းပိုင်းမှာ တွေ့တဲ့ အထောက်အထားကို ပေးသင့်တယ်၊ စစ်ဆေး သင့်တယ်၊ ဒါဟာ ယုံကြည်စရာ ကောင်းတဲ့ အထောက် အထားမှ မဟုတ်တာ” ဟု ဦးစံဝင်းက ကျနော့်ကို ပြန်ရှင်းပြ ခဲ့တယ်။

လက်ရှိ တူးဖော် နေသည့် သုဝဏ္ဏဘူမိ ဆိုသည်မှာ မှန်ကန်ကြောင်း အထောက် အထား ပြနိုင်သည့် သက်သေများ ရရှိ ထားပြီး ဖြစ်ကြောင်း ဦးစံဝင်းက ဂုဏ်ယူ စွာနဲ့ ပြန်လည် ပြောပြ ခဲ့သည်။

ထို့ အတူ နိုင်ရဲဇော် ကလည်း ၎င်းရဲ့ အယူအဆကို အခုလို ရှင်းပြ ပါတယ်။

“မြို့တည်တယ် ဆိုတာ တစ်ခါ တည်ပြီး အမြဲ နေလို့ ရတာမှ မဟုတ်တာ ၊ ပြန်လည် မွမ်းမံတယ်၊ ထပ်ပြီး မွမ်းမံတယ်၊ အဲဒီလို အဆင့်ဆင့် ရှိတယ်၊ အထောက်အထား တစ်ခုကို အပေါ်ယံ တူးဖော်မှု ကပဲ ရတယ်၊ အဲဒါကို ကြည့်ပြီး ဆုံးဖြစ်မယ် ဆိုရင်တော့ မှားနိုင် ပါတယ်၊ အခု တူးဖော် နေတဲ့ သုဝဏ္ဏဘူမိ ဆိုရင် မြိုရိုး ပေါ်ဖို့ (၁၈) ပေလောက် အနက်ကျအောင် တူးပြီးမှ ဒါဟာ မြို့ရိုး ဆိုပြီး ပြောနိုင်တာပါ၊ ဒါ့ပြင်ကို အချို့ နေရာ တွေမှာ ဆိုရင် ၁၅ ပေ ၂၀ ပေလောက် တူးကြည့်ရင် အထပ်ထပ် ဖြစ်နေတဲ့ အလွှာတွေကို တွေ့ရမယ်၊ ခေတ်တခေတ်နဲ့ တစ်ခေတ်မှာ မွန်းမံပြီး ပြန်တည် ထားတဲ့ အထောက် အထား တွေပဲလို့ သုံးသပ်လို့ ရတယ်၊ အပေါ်ဆုံး အလွှာ ကတော့ သက်တမ်း အနုဆုံး ဖြစ်မှာပေါ့” ဟု နိုင်ရဲဇော်က ပြောသည်။

(ဆက်လက် ဖော်ပြပါမည်)

သထုံ မြို့နယ် တွင်းရှိ "သုဝဏ္ဏဘူမိ" တူးဖော်နေခြင်းမှ ရရှိသည့် အထောက်အထား တစ်ခု သထုံ မြို့နယ် တွင်းရှိ "သုဝဏ္ဏဘူမိ" တူးဖော်နေခြင်းမှ ရရှိသည့် အထောက်အထား တစ်ခု ဓါတ်ပုံ - (နိုင်ရဲဇော်)

Aye Chan Mon# Credit To : ရွေင်္ဟသာသတင်းဌာန> ပြန်လည် မျဝေခြင်း ဖြစ်ပါသည်
3

Post a Comment

 
Top