0

ရန်ကုန်၊ မေ ၁

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ ပူးပေါင်းပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး လူထုဟောပြောပွဲများကို ရန်ကုန်မြို့နှင့် မန္တလေးမြို့တွင် ပြုလုပ်မည် ဖြစ်ကြောင်း NLD ပါတီ ဗဟိုကော်မတီဝင် ဒေါ်နန်းခင်ထွေးမြင့်က ပြောကြားသည်။

အဆိုပါ အခြေခံဥပဒေပြင်ဆင်ရေး လူထုဟောပြောပွဲများကို မေလ ၁၇ ရက်နေ့တွင် ရန်ကုန်မြို့နှင့် ၁၈ ရက်နေ့ မန္တလေးမြို့တွင် ပြုလုပ်သွားမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။
“ဘယ်နေရာတွေ လုပ်မလဲ ဆိုတာကတော့ မသိသေးပါဘူး။ အသေးစိတ်ကို ထပ်ပြီးတော့ ထုတ်ပြန်ပေးမှာပါ” ဟု ၎င်းက ထပ်လောင်း ပြောကြားသည်။

အဆိုပါ လူထုဟောပြောပွဲများ ပြုလုပ်ရန် ဧပြီလ ၂၁ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ၈၈ မျိုးဆက်များ တွေ့ဆုံ သဘောတူညီခဲ့ခြင်း ဖြစ်ပြီး အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် တိုက်တွန်း ဟောပြောသွားမည် ဖြစ်ကြောင်း ၈၈ မျိုးဆက်ကျောင်းသား ဦးဌေးကြွယ်က ဆိုသည်။
“၈၈ မျိုးဆက်အနေနဲ့ အခြေခံဥပဒေ ပြင်ဆင်ရေးကို NLD နဲ့ ပူးပေါင်း လုပ်ဆောင်မယ်လို့ ကြေညာထားတဲ့အတိုင်း လုပ်မှာပါ” ဟု ၎င်းကဆိုသည်။

NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် အခြေခံဥပဒေ ပြင်ဆင်ရေး အတွက် မြန်မာနိုင်ငံ မြို့ကြီးများတွင် ဟောပြောမှုများ ဆောင်ရွက်ခဲ့သော်လည်း ၈၈ မျိုးဆက် ကျောင်းသားများနှင့် ပူးပေါင်း ဟောပြောခြင်းသည် ပထမဆုံးအကြိမ် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

မန္တလေးမြို့တွင် ဟောပြောပွဲ ကျင်းပရန်အတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ အသိပေးစာ တင်ထားကြောင်း မန်းတောင်ခြေရှိ မြင်းစီးကွင်းနှင့် အောင်ပင်လယ်ကွင်းတွင် ခွင့်ပြုပေးရန် စာကို မေလ ၂ ရက်နေ့တွင် စည်ပင်သာယာရေး ဝန်ကြီးထံ တင်ပြသွားမည် ဖြစ်ကြောင် မန္တလေးတိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီအတွင်းရေးမှူး ဦးတင်ကိုကိုက ပြောကြားသည်။

“ခုချိန်ထိ တရားဝင် တောင်းခံခြင်း မရှိသေးဘူး။ တောင်းတဲ့နေရာနဲ့ ပတ်သက်ပြီး လမ်းကြောလည်း မကြပ်ဘူး။ အဆင်ပြေတယ်ဆိုရင် ညှိနှိုင်းချပေးမယ်။ အထက်ကနေ လုံခြုံရေး ချပေးပါလို့ ပြောရင် ချပေးမယ်။ မဟုတ်ရင်တော့ မလိုလားအပ်တဲ့ ပြဿနာတွေ မဖြစ်အောင် အရပ်ဝတ်နဲ့ပဲ လုံခြုံရေးယူမယ်” ဟု မန္တလေးခရိုင် ရဲမှူးကြီး ဦးစိန်ထွန်းက ပြောကြားသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ (၄၃၆) တွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ အချို့ကို ပြင်ဆင်ရာတွင် ပြည်ထောင်စုလွတ်တော် ကိုယ်စားလှယ်အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော်က ပြင်ဆင်ရန် သဘောတူ လက်ခံပြီးနောက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပ၍ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အားလုံး၏ ထက်ဝက်ကျော် ဆန္ဒဖြင့်သာ ပြင်ဆင်ရမည်ဟု ပါရှိသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်း ကန့်သတ်ချက် အခန်း ၁၂ ပါ ပုဒ်မ (၄၃၆) ကို ပြင်ဆင်ရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီနှင့် ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းက ဖေဖော်ဝါရီ တတိယပတ်အတွင်း ပူးတွဲကြေညာချက် တစ်စောင် ထုတ်ပြန်ထားသည်။

သို့သော်လည်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရာတွင် ပြင်ဆင်ခြင်း အခန်း (၁၂) နှင့်အညီ အလေးထား လိုက်နာပြင်ဆင်ရန် သမ္မတသက်တမ်း သုံးနှစ်ပြည့် မိန့်ခွန်းတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြည်ထောင်စုလွှတ်တော်သို့ တိုက်တွန်း ပြောကြားထားသည်။

Aye Chan Mon# Credit To : The Voice Weekly > ပြန်လည် မျဝေခြင်း ဖြစ်ပါသည်

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top