0

Published on: May 1, 2014
Written by: ၀င်းမြင့်ကျော်

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးမှာ စံချိန်စံနှုန်းနှင့် မကိုက်ညီသေးသည့်အတွက် ယာဉ်မောင်းများအနေဖြင့် သတိထားမောင်းနှင်ရန် အရေးကြီးကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်သူ့ဆောက်လုပ်ရေး လုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးကျော်လင်းက မေ ၁ ရက် နံနက်ပိုင်းတွင် ပြောကြားသည်။

“အမြန်လမ်းဆိုတာက လမ်းတစ်လျှောက်လုံးမှာ မီးပွိုင့်တွေ မရှိရဘူး။ ကြားကဖြတ်ဝင်လာမယ့် ဖြတ်လမ်းတွေ မရှိရဘူး။အ၀ိုင်းတွေ အတားအဆီးတွေ မရှိရဘူး။လမ်းက ချိုင့်တွေအဖုအထစ်တွေ မညီမညာတာတွေ မရှိရဘူး။ နောက်ပြီးတော့ လမ်းကွေ့တွေမှာလည်း စံချိန်မီတဲ့ ပေအချင်းဝက်တွေ မရှိတာလည်းတွေ့ရတယ်။ ဒါတွေ အားလုံးပြည့်စုံမှ အမြန်လမ်းဆိုတဲ့အတိုင်း ကားတွေက မြန်မြန်ဆန်ဆန်သွားလို့ရမှာ ဖြစ်ပါတယ်။ ပြီးပြည့်စုံအောင် ပြန်လည် မပြင်ဆင်နိုင်သေးတဲ့အချိန်မှာ ယာဉ်မောင်းတွေက ခါးပတ်တပ်ဆင်ပြီးတော့ မောင်းနှင်ဖို့နဲ့ အမြန်နှုန်းထားကို ကီလို ၁၀၀ ထက် ကျော်ပြီး မမောင်းဖို့ အရေးကြီးပါတယ်”ဟု ဦးဆောင်ညွှန်ကြားရေးမှူး ဦးကျော်လင်း က ပြောကြားသည်။

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတစ်လျှောက်တွင် လမ်းသတိပေးချက်များနှင့် ယာဉ်မောင်းများအား အသိပေးသည့် လမ်းညွှန်ဆိုင်းဘုတ်များကို တပ်ဆင်မည်ဟု သိရသည်။

ထို့အပြင် အမြန်လမ်းမကြီးတစ်လျှောက် ခြံစည်းရိုးခတ်သွားမည်ဖြစ်ပြီး ယာဉ်မောင်းချိန် တစ်နာရီမှ နှစ်နာရီအတွင်း ရောက်ရှိမည့် နေရာတိုင်းတွင် ယာဉ်နှင့်ခရီးသည်များ နားနေဆောင်နှင့် ကားပြုပြင်ရေးစခန်းများကို ထားရှိမည်ဟု သိရသည်။

“ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားခဲ့တဲ့ဖြစ်စဉ်အများစုက ကီလို ၁၀၀ နဲ့အထက် မောင်းနှင်ထားတာကို တွေ့ရတယ်။ တစ်ချို့ယာဉ်တွေဆိုရင် ကီလို ၁၂၀ အထက် မောင်းနှင်ကြတယ်။ ကီလို ၁၂၀ နဲ့ မောင်းနှင်မယ်ဆိုရင် ကားက တစ်စက္ကန့်ကို ပေ ၉၀၊ ပေ ၁၀၀ လောက် သွားနေတယ်။ အဲဒီအချိန်မှာ ယာဉ်မောင်းက အိပ်ငိုက်သွားတဲ့အခါမျိုးဆိုရင်တော့ ဆုံးရှုံးမှုတွေ အများကြီးဖြစ်နိုင်ပါတယ်”ဟု ဦးဆောင်ညွှန်ကြားရေးမှူး ဦးကျော်လင်းက ပြောကြားသည်။

ရန်ကုန်-မန္တလေး အမြန်လမ်းအား ပြန်လည်ပြုပြင်ရန်အတွက် အမေရိကန်အစိုးရအဖွဲ့အစည်းဖြစ်သည့် USAID အဖွဲ့မှ တာဝန်ရှိသူများ လာရောက်မည်ဖြစ်ပြီး ၎င်းတို့ နှင့် လာမည့်သောကြာနေ့တွင် ဆွေးနွေးမည် ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ဂျပန်နိုင်ငံ ဂျိုက်ကာအဖွဲ့မှလည်း ရန်ကုန်-မန္တလေးအမြန်လမ်းကို လွန်ခဲ့သည့် တစ်နှစ်ကျော်ခန့်က ကူညီဆောင်ရွက်ပေးနေကြောင်း သိရသည်။

“လမ်းလယ်ကျွန်းမှာရှိတဲ့ ကပ်တုံးအမြင့်ကြီးတွေကိုမြင်ရင် အဲ့ဒါတွေကို တိုက်မိမှာစိုးပြီး စိုးရိမ်စိတ်နဲ့ သတိထားမောင်းနှင်နေရတဲ့အတွက် တစ်ဖက်မှာ ယာဉ်မတော်တဆမှုတွေ ကြုံနေရတယ်။ ဒီမှာက တုံးအမြင့်တွေကို အခိုင်အမာလုပ်ထားလို့ အဲဒါတွေကို တိုက်မိတဲ့ယာဉ်တွေကလည်း ပုံမှန်ထက်ပိုပြီး ကြီးကြီးမားမားထိခိုက်စေတယ်”ဟု အမြန်လမ်းပေါ်တွင် မောင်းနှင်သွားလာလေ့ရှိသူတစ်ဦးက ပြောပါသည်။

ရန်ကုန်-မန္တလေး အမြန်လမ်းတွင် ၂၀၁၄ ခုနှစ် ဧပြီ (၁ ရက်မှ ၂၂ ရက် အထိ) ယာဉ်တိုက်မှု ၄၈ မှု ဖြစ်ပွားခဲ့ပြီး ၂၉ ဦး သေဆုံးခဲ့ကာ ၁၁၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတစ်နေရာအား တွေ့ရစဉ်

Aye Chan Mon# Credit To : Eleven Media Group > ပြန်လည် မျဝေခြင်း ဖြစ်ပါသည်
2

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top