ရန်ကုန်၊ မေ ၂၁
ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် ဒေသအချို့တွင် တပ်မတော်နှင့် ကေအိုင်အေ၊ တပ်မတော်နှင့် တအာင်းပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ (TNLA) တို့အကြား ပစ်ခတ် တိုက်ခိုက်နေမှုများ ချက်ချင်း ရပ်တန့်ရန် အစိုးရ၊ လွှတ်တော်နှင့် တပ်မတော်တို့ထံ အရပ်ဘက်လူမှုကွန်ရက် အဖွဲ့အစည်း ၇၀ ကျော်က မေလ ၂၁ ရက်နေ့တွင် ထုတ်ပြန် တောင်းဆိုလိုက်သည်။
ကချင်ငြိမ်းချမ်းရေးကွန်ရက်၊ ဗေဒါအင်စတီကျူ၊ မြန်မာ့အရေး ပူးပေါင်း ဆောင်ရွက်သူများ အဖွဲ့ စသည့် လူမှုကွန်ရက်နှင့် အရပ်ဘက် လူမှုအဖွဲ့အစည်း ၇၂ ခုက ထုတ်ပြန်သော အချက် ၁၀ ချက်ပါ ကြေညာချက်တွင် အထက်ပါအတိုင်း ထည့်သွင်း တောင်းဆိုထားခြင်း ဖြစ်သည်။
လက်ရှိ တိုင်းရင်းသားဒေသ တိုက်ပွဲများမှာ မြန်မာ့တပ်မတော်၏ ထိုးစစ်ဆင်မှုများကြောင့် ဖြစ်ပွားနေရခြင်း ဖြစ်ပြီး တပ်မတော်က တိုက်ပွဲရပ်သည့်နေ့သည် လက်မှတ်ထိုးရန် မလိုဘဲ အပစ်အခတ်ရပ်စဲရေး အောင်မြင်သည့် နေ့ဖြစ်ကြောင်း ကချင်ငြိမ်းချမ်းရေး ကွန်ရက်မှ ဒေါ်ခွန်ဂျာက ပြောဆိုသည်။
“အစိုးရ တပ်စခန်းတွေကို တိုင်းရင်းသား လက်နက်ကိုင်တွေက သွားရောက် တိုက်ခိုက်တာ ၂၀၁၁ နောက်ပိုင်း လုံးဝမရှိဘူး” ဟု ဒေါ်ခွန်ဂျာက ဆိုသည်။
အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် ကိုယ်စားလှယ်များ အပစ်ရပ်ရေး ဆွေးနွေးနေသော်လည်း အမှန်တကယ် မြေပြင် အခြေအနေ၌ တိုက်ပွဲများ ဖြစ်ပွားနေဆဲ ဖြစ်ပြီး ပြည်သူလူထုသာ ထိခိုက်နစ်နာမှု အများဆုံး ကြုံတွေ့နေကြောင်း၊ တိုက်ပွဲများ အမှန်တကယ် ရပ်ဆိုင်းရေးအတွက် ပိုမိုအင်အားကြီးသော တပ်မတော်တွင် အဓိက တာဝန်ရှိကြောင်း ဗေဒါအင်စတီကျူမှ ဦးမျိုးရန်နောင်သိမ်းက ထောက်ပြသည်။
သို့သော် ကချင်ပြည်နယ် စစ်ဆင်ရေးများကို တိုက်ရိုက် ကိုင်တွယ် ဆောင်ရွက်နေသော မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တာဝန်ရှိသူတစ်ဦးကမူ ကချင်ဒေသတွင် တိုက်ပွဲများ ပြန်လည် ရပ်ဆိုင်းထားပြီး ဖြစ်ကြောင်း၊ နိုင်ငံတော်သမ္မတ၏ ညွှန်ကြားချက်အရ ခုခံစစ်မှအပ တိုင်းရင်းသား လက်နက်ကိုင်များကို ထိုးစစ်ဆင် တိုက်ခိုက်မှု မရှိကြောင်း ဆိုသည်။
သို့သော် ရှမ်းပြည်နယ်မြောက်ပိုင်း မုံးကိုးမြို့နယ်ခွဲ၌ လတ်တလော တိုက်ပွဲများအဖြစ် မေလ ၂၀ ရက်နေ့တွင် တပ်မတော်နှင့် ကေအိုင်အေ၊ တအာင်းပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ (TNLA)၊ ကိုးကန့် တပ်ဖွဲ့တို့အကြား တိုက်ပွဲနှစ်ကြိမ် ဖြစ်ပွားခဲ့ကြောင်း TNLA ပြန်ကြားရေး တာဝန်ခံတစ်ဦးက ပြောကြားသည်။
လူမှုအဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်တွင် လက်ရှိ တိုက်ပွဲများနှင့် ပတ်သက်၍ သတင်းမှန် ထုတ်ပြန်ပေးရန်၊ လုံခြုံရေးပေး၍ သတင်းယူခွင့်ပြုရန်၊ အစိုးရနှင့် သက်ဆိုင်ရာ တိုင်းရင်းသားအဖွဲ့များ အရေးပေါ် ဆွေးနွေးရန်၊ အမျိုးသမီးများ ပါဝင်သော ဘက်မလိုက် အပစ်အခတ်ရပ်စဲရေး စောင့်ကြည့်ရေးအဖွဲ့ကို နှစ်ဖက် လက်ခံနိုင်သော အရပ်သားများဖြင့် ဖွဲ့စည်းပြီး ပဋိပက္ခဒေသများသို့ လေ့လာခွင့်ပြုရန်၊ စစ်ဘေးဒုက္ခသည်များကို ကူညီရာတွင် အရပ်ဘက် အဖွဲ့အစည်းများကို ပါဝင်ခွင့်ပြုရန် စသည့် အချက်များ ထည့်သွင်း တောင်းဆိုထားသည်။
ACM Credit To:The Voice Weekly
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ယုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.